Healthy Life Ad
Life Style

လူတိုင်းသိထားသင့်သည့် သွေးတိုးရောဂါ ကာကွယ်နည်းလေးမျိုး

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်နည်းအပြင် သွေးတိုးရောဂါရှိပြီးသူတွေ နောက်ဆက်တွဲရောဂါမဝင်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

ဖြေ. သွေးတိုးရောဂါနဲ့ပတ်သက်ပြီး ကာကွယ်နည်းလေးမျိုးရှိပါတယ်။

(၁) Primodial Prevention

ဒါက ဘာကိုဆိုလိုသလဲဆိုတော့ မြန်မာပြည်လူဦးရေအားလုံးဟာ သွေးတိုးမဖြစ်အောင် ကာကွယ်ဖို့ပြောတာပါ။ မဖြစ်သေးတဲ့သူတွေကိုကာကွယ်ပြီး ဖြစ်နေသူတွေကိုလည်း သက်သာစေတဲ့ နည်းလမ်းတွေကို ပညာပေးတာပါ။

သွေးတိုးရောဂါကို ကာကွယ်တဲ့အနေနဲ့ နေထိုင်စားသောက်မှုပုံစံက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပုံစံမျိုးဖြစ်ရမယ်။ အငန်ကို လျှော့စားရပါမယ်။ သတ်မှတ်ချက်အရ လူတစ်ယောက်က ဆား (Salt) တစ်နေ့ ၆ ဂရမ် (လက်ဖက်ရည်ဇွန်းတစ်ဇွန်း)စာ ပမာဏပဲစားသင့်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ သုတေသနတွေအရ . . .

သွေးတိုးရောဂါကို ကာကွယ်တဲ့အနေနဲ့ နေထိုင်စားသောက်မှုပုံစံက ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပုံစံမျိုးဖြစ်ရမယ်။ အငန်ကိုလျှော့စားရပါမယ်။ သတ်မှတ်ချက်အရ လူတစ်ယောက်က ဆား (Salt) တစ်နေ့ ၆ ဂရမ်(လက်ဖက်ရည်ဇွန်းတစ်ဇွန်း)စာ ပမာဏပဲစားသင့်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ သုတေသနတွေအရ ပျမ်းမျှအားဖြင့် လူတစ်ယောက်က တစ်နေ့ ဆား ၉ ဂရမ်စားနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဆားလျှော့စားဖို့လိုပါတယ်။ ပြီးတော့ ငပိ၊ ငါးခြောက်၊ ငန်ပြာရည်တို့ကိုလည်း လျှော့စားပါ။ အဆီအအိမ့်နဲ့ ချိုလွန်းတဲ့ အစားအသောက်တွေကို လျှော့စားရပါမယ်။ အုန်းနို့ကို လျှော့စားရပါမယ်။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားပေးရပါမယ်။ လေ့ကျင့်ခန်းကို တစ်နေ့နာရီဝက်နဲ့ တစ်ပတ်မှာ ၅ ရက်လုပ်ပေးဖို့ လိုပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းကိုမဆို ချွေးထွက်တဲ့အထိ လုပ်ဆောင်ပေးရပါမယ်။ ဆေးလိပ်နဲ့ဆေးရွက်ကြီး မသောက်ရပါဘူး။ အရက်ကိုအန္တရာယ်ဖြစ်လောက်တဲ့ အတိုင်းအတာအထိမသောက်ရပါဘူး။ ဒါက သွေးတိုးရောဂါဖြစ်သူရော မဖြစ်သေးတဲ့သူတွေပါ ကာကွယ်ရမယ့်ပုံစံကို ဆိုလိုတာပါ။

(၂) Primary Prevention

သွေးတိုးရောဂါ မဖြစ်သေးပေမယ့် ဖြစ်နိုင်ခြေရှိတဲ့သူတွေကို ကာကွယ်တာပါ။ သွေးတိုးရောဂါ မျိုးရိုးရှိတဲ့သူ၊ အသက် ၄၀ကျော်တဲ့သူတွေကို ရွေးထုတ်ပြီး သွေးတိုးရောဂါမဖြစ်ခင် စစ်ဆေးတာကို ဆိုလိုပါတယ်။ အဲဒီလို ရောဂါဖြစ်နိုင်ခြေရှိသူတွေကို မှန်မှန်စစ်ဆေးပေးမယ်။ သူတို့တွေ သွေးမတိုးခင် တိုက်ရိုက်ကုသမှုပေးပြီး သွေးတိုးမဖြစ်အောင် ကာကွယ်ပေးတာပါ။

(၃) Secondary Prevention

ဒါကတော့ သွေးတိုးပြီးသား လူနာတွေအနေနဲ့ သွေးတိုးရောဂါကြောင့် နောက်ဆက်တွဲရောဂါတွေမဖြစ်အောင် ကာကွယ်မှုပေးတာပါ။ ဒီလို လူနာတွေကို လိုအပ်သလို ဆေးတွေပေးပါတယ်၊ ဆေးအတိုးအလျှော့လုပ်တယ်။ ဒါက နောက်ဆက်တွဲရောဂါတွေမဖြစ်လာအောင် ကာကွယ်ပေးတာပါ။

ရာသက်ပန် ဆေးကုသမှုခံယူတဲ့နည်းနဲ့ သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေ (ဥပမာ- လေဖြတ်တာ၊ နှလုံးသွေးကြောကျဉ်းတာ) မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သွေးတိုးနေတဲ့ လူနာတွေအနေနဲ့ သွေးတိုးကျဆေးသောက်လို့ သွေးပေါင်ကျသွားပြီဆိုရင်လည်း သွေးထိန်းဆေးကို သောက်ပေးဖို့လိုပါတယ်။ လူနာတွေက သွေးပေါင်အရမ်းကျသွားမလားဆိုတဲ့စိတ်နဲ့ မိမိဘာသာ သွေးကျဆေးကို ရပ်ပစ်တတ်ပါတယ်။ ဒီလိုမလုပ်သင့်ပါဘူး။ သွေးပေါင်က ၉၀/၆၀ mmHg ရှိမှ သွေးပေါင်ကျတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရှိသူတွေအနေနဲ့ ဆေးမဖြတ်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါလို့ ပြောလိုပါတယ်။

(၄) Tertiary Prevention

ဒီအခြေအနေက သွေးတိုးထားတဲ့သူတွေမှာ နောက်ဆက်တွဲပြဿနာကလည်း ဖြစ်ပြီးသား.. သူတို့ကို အသက်အန္တရာယ်မထိခိုက်အောင် ကာကွယ်မှုပေးတာဖြစ်ပါတယ်။ အသက် ၄၀ကျော်လာရင်လည်းကောင်း၊ မိဘမျိုးရိုးရှိရင်သော်လည်းကောင်း၊ အဝလွန်ရင်သော်လည်းကောင်း၊ နှလုံးသွေးကြောကျဉ်းရှိရင်သော်လည်းကောင်း၊ သွေးချိုရှိရင်သော်လည်းကောင်း၊ ကိုယ်လက်လှုပ်ရှားမှု ရှိရင်သော်လည်းကောင်း သွေးပေါင်မှန်မှန်ချိန်သင့်ပါတယ်။ မှန်မှန်ချိန်တယ်ဆိုတာက အထက်က အချက်တွေရှိနေရင်တော့ ၁ ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါတောင် အနည်းဆုံးချိန်သင့်ပါတယ်။ အဲဒီအချက်တွေမရှိရင်တော့ တစ်လတစ်ခါ၊ နှစ်လတစ်ခါ ချိန်လို့ရပါတယ်။ တစ်နှစ်မှာတော့ အနည်းဆုံးနှစ်ခါလောက် ချိန်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top