Healthy Life Ad
Life Style

အူတီဘီရောဂါ (Intestinal Tuberculosis)

ပါမောက္ခဦးအေးမွန် ( ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

ပန်ကရိယရောင်ရမ်းတဲ့အခါ အသိသာဆုံး ရောဂါလက္ခဏာကတော့ ရုတ်တရက် ပြင်းပြင်းထန်ထန် ဗိုက်အောင့်တာမျိုးပဲ ဖြစ်ပါတယ်။ ရင်ခေါင်းအောင့်တတ်ပါတယ်။ ချက်ပတ်ဝန်းကျင်လည်း အောင့်တတ် ပါတယ်။ ပန်ကရိယရောင်ရမ်းတာက အစာအိမ်ပေါက်တာနဲ့ ဆင်တူပါတယ် . . .

မေး။ ။ အူတီဘီရောဂါက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။
ဖြေ။ ။ အူတီဘီဖြစ်ရတဲ့အကြောင်းရင်းက လေးမျိုးရှိပါတယ်။

(၁) ခန္ဓာကိုယ်မှာဖြစ်တဲ့ တီဘီပိုး (ဥပမာ- အဆုတ်တီဘီ)ကနေ အူကိုပြန့်ပြီးဖြစ်တာ၊

(၂) သလိပ်မှာ တီဘီပိုးရှိရင် အဲဒီပိုးပါတဲ့ သလိပ်ကို မျိုချမိတဲ့အခါ အူကိုပြန့်ပြီးဖြစ်တာ၊

(၃) သားငံရည်အကျိတ်(Lymphatic Node)မှာ တီဘီပိုးရှိရင် အူကိုပြန့်ပြီးဖြစ်တာ၊

(၄) နီးစပ်ရာ ဆီးလမ်းကြောင်း၊ ကျောက်ကပ်တွေမှာ တီဘီပိုးရှိရာက အူတီဘီဖြစ်တာဆိုပြီး အဓိကလေးမျိုးရှိပါတယ်။

အရင်တုန်းကတော့ တီဘီပိုးပါတဲ့ နွားနို့ကိုသောက်တာကြောင့် ဖြစ်တတ်တယ်လို့ ပြောကြပါတယ်။ နွားနို့ကိုမကျိုမချက်ဘဲသောက်ရင် အဖြစ်များတတ်ပါတယ်။ အဲဒီအကြောင်းရင်းတွေထဲမှာ နံပါတ် (၁)နဲ့ (၂)ကြောင့် အူတီဘီအဖြစ်များတတ်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ အူတီဘီက အဖြစ်များပါသလား ဆရာ။
ဖြေ။ ။ အဆုတ်တီဘီ၊ အရိုးတီဘီ၊ ကျောက်ကပ်တီဘီ၊ အကျိတ်တီဘီ၊ အူတီဘီစသဖြင့် တီဘီအမျိုးအစားတွေက အများကြီးရှိပါတယ်။ ဒီအမျိုးအစားတွေ အနက် အူတီဘီက အဆုတ်တီဘီနဲ့ အကျိတ်တီဘီ တွေလိုအဖြစ်မများပါဘူး။ ဒါပေမဲ့ ကိုယ်ခံအားကျရင်တော့ ဖြစ်တတ်ပါတယ်။ HIVပိုးရှိတာ၊ အာဟာရ ချို့တဲ့တာ၊ ဆီးချိုရောဂါ စတဲ့ အခြေအနေတွေရှိရင်လည်း အူတီဘီဖြစ်တတ်ပါတယ်။ အူတီဘီက အဖြစ်များတာမျိုးတော့ မဟုတ်ပေမယ့် ဖြစ်တာတွေကို လည်းတွေ့ရပါတယ်။

မေး။ ။ အူတီဘီအမျိုးအစားတွေကိုလည်း သိပါရစေ ဆရာ။
ဖြေ။ ။ အူတီဘီအမျိုးအစား အမျိုးမျိုးရှိပါတယ်။ အူမှာ ဖြစ်တဲ့ တီဘီ၊ အူဘေးက အကျိတ်မှာဖြစ်တဲ့ တီဘီ၊ ဝမ်းတွင်းအမြှေးပါး (Peritonium)မှာဖြစ်တဲ့ တီဘီ၊ အူသိမ်အရင်းပိုင်း(Ileum)နဲ့ အူမကြီးအစ (Caceum) ဆုံတဲ့နေရာ (အူအတက်ရောင်တတ်တဲ့နေရာဝန်းကျင်)မှာ အူတီဘီအဖြစ်များပါတယ်။

မေး။ ။ အူတီဘီဖြစ်ရင် ဘယ်လို လက္ခဏာတွေတွေ့ရတတ်ပါသလဲ ဆရာ။
ဖြေ။ ။ အူတီဘီရောဂါရဲ့ လက္ခဏာတွေက တိတိကျကျ မရှိပါဘူး။ ဗိုက်မှာဖြစ်တတ်တဲ့ လက္ခဏာတွေအား လုံးက အူနဲ့ပတ်သက်တာပဲလေ။ ဗိုက်နာတာ၊ ဗိုက်အောင့်တာစတဲ့ ယေဘုယျဆန်တဲ့ လက္ခဏာတွေပဲ ပြတတ်တော့ ရောဂါကို စောစောသိနိုင်ဖို့က မလွယ်ပါဘူး။ အူမှာ အနာဖြစ်ရင်တော့ ဗိုက်က မကြာမကြာ အောင့်တတ်ပါတယ်။ အထူးသဖြင့် ညာဘက်ချက် ဝန်းကျင်ကအောင့်တတ်ပါတယ်။ အဲဒီလိုဗိုက်အောင့်ရင် သံသယရှိသင့်ပါတယ်။ အခြေအနေသိပ်ဆိုးရင် အူအနာဖြစ်တဲ့အခါ ဝမ်းထဲသွေးပါတတ်တယ်။ သွေးကလည်း နည်းနည်းပဲပါတာကြောင့် သိပ်မသိသာပြန်ဘူး။ သွေးက တဖြည်းဖြည်းနဲ့ ပါတာများလာမှ သွေးအားနည်းတာ ဖြစ်လာပါတယ်။ အဲဒါနဲ့အတူပိန်တာ၊ ခံတွင်းပျက်တာစတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။
အနာမဖြစ်ဘဲ အူနံရံထူလာရင် ဝမ်းချုပ်တတ်ပါတယ်။ အနာရှိရင် ဝမ်းပျက်တာမျိုး ဖြစ်တတ်ပါတယ်။ တချို့လူတွေမှာ ရေဖျဉ်းစွဲတာ (Acitis) ဖြစ်တတ်ပေမယ့် သေချာစမ်းသပ်မှ တွေ့ရပါတယ်။ တချို့လူတွေမှာ အဖျားနည်းနည်းရှိတတ်ပေမယ့် သိပ်မသိသာပါဘူး။ အူတီဘီဖြစ်တယ်လို့ သံသယရှိရင်၊ အားနည်းလာရင်၊ ကျန်းမာရေး ထိခိုက်လာရင်တော့ရောဂါကို စစ်ဆေးကြည့်ဖို့လိုပါတယ်။

မေး။ ။ အူတီဘီလို့ သံသယရှိရင် ရောဂါကို ဘယ်လို စစ်ဆေးသိရှိနိုင်ပါသလဲ ဆရာ။
ဖြေ။ ။ အူတီဘီရှိ၊ မရှိ သေချာအောင် အဆုတ်တီဘီမှာ လိုတီဘီပိုးစစ်တာ၊ ဓာတ်မှန်ရိုက်တာတွေလုပ်လည်း မသိနိုင်ပါဘူး။ ဝမ်းဗိုက်ကို လက်နဲ့ စမ်းသပ်ကြည့်ရင်လည်း အတိအကျမပြောနိုင်ပါဘူး။ အာထရာ ဆောင်းဓာတ်မှန်ရိုက်လိုက်ရင် အကျိတ်ကကြီးနေရင်တော့ သိနိုင်ပါတယ်။ ဝမ်းထဲသွေးပါရင် ဝမ်းကို စစ်ပြီးသိနိုင်ပါတယ်။ ဒါတောင် လူ ၁၀ ယောက်မှာ နှစ်ယောက်ပဲသိနိုင်လို့ ရှာရခက်ပါတယ်။
ဗိုက်ထဲက အကျိတ်ကို မခွဲစိတ်ဘဲ အသားစယူ စစ်ဆေးမှု (Biopsy)ယူဖို့ကလည်း ခက်ပါတယ်။ ရေဖျဉ်းရှိရင် ရေကိုစုပ်ပြီး ပိုးရှိ၊ မရှိရှာရပါတယ်။ ဒါကလည်း အဖြေရဖို့ တစ်လလောက် ကြာတတ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ မှန်ပြောင်း(Lapa-roscopy) ကြည့်ပြီး ရောဂါရှာရပါတယ်။ အူတီဘီ ရောဂါက ရောဂါရှာရတာနည်းနည်းတော့ခက်ပါတယ်။

မေး။ ။ အူတီဘီရှိမှန်းမသိလို့ ကုသမှုမခံယူဖြစ်ရင်နောက် ဆက်တွဲအနေနဲ့ ဘာဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ။ ။ အူတီဘီရှိမှန်းမသိလို့ ကုသမှုမခံယူဖြစ်ရင် အူအနာကြောင့် အာဟာရ ချို့တဲ့လာပါလိမ့်မယ်။ ဒါ့အ ပြင်ဝမ်းပျက်တာ၊ ဗိုက်အောင့်တာ၊ အားနည်းတာစတဲ့ လက္ခဏာတွေလည်းဖြစ်တတ်ပါတယ်။ နောက်ထပ်ဖြစ်တတ်တာကတော့ ဗိုက်ပေါက်ထွက်သွားတာပါ။ ဒီအဆင့်မှတွေ့တာများပါတယ်။ ဒီအဆင့်ရောက်ရင် အရေးပေါ်လူနာအနေနဲ့ ရောက်လာတတ်ပါတယ်။ ဒီလိုအူပေါက်သွားတဲ့အခါမှာတော့ အရေးပေါ်ခွဲ စိတ်ရပါတယ်။ မခွဲရင်အသက်အန္တရာယ်ရှိပါတယ်။

တချို့လူတွေမှာတော့ အူနံရံထူပြီး အူပိတ်သွား တတ်ပါတယ်။ အဲဒီအချိန်မှာလည်း ခွဲစိတ်ကုသ ရတတ်ပါတယ်။
ဗိုက်အောင့်၊ ဗိုက်နာတာတွေက အစာအိမ်ရောဂါနဲ့ တခြားအူလမ်းကြောင်း ရောဂါတွေကြောင့် မဟုတ်ဘူးဆိုရင် အူတီဘီဖြစ်တာကို သံသယရှိသင့်ပါတယ်။ CT Scan ရိုက်ရင် ရောဂါနုစဉ်မှာ မသိနိုင်ပေမယ့်ရောဂါရင့်တဲ့အခါမှာ သိနိုင်ပါတယ်။

မေး။ ။ အဆုတ်တီဘီပိုးရှိသူတွေအနေနဲ့ အူတီဘီဖြစ် နိုင်ခြေရှိပါသလား ဆရာ။
ဖြေ။ ။ ဖြစ်နိုင်ပါတယ်။ အဆုတ်တီဘီပိုးကိုဆေးသောက်ပြီး ပျောက်ကင်းသွားသူတွေမှာလည်း အူမှာ ပိုးကပ် ညိနေနိုင်ပါတယ်။ အဓိကကတော့ ပိုးရှိသူတွေအနေနဲ့သလိပ်ပါတဲ့ တံတွေးကို မမျိုချမိအောင် ဂရုစိုက်ရပါမယ်။ တကယ်တော့ ပျမ်းမျှအားဖြင့် တီဘီပိုးက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူသုံးယောက်အနက် တစ်ယောက်လောက် ရှိနေတတ်ပါတယ်။ ကိုယ်ခံအားကောင်းနေတဲ့အချိန်မှာ ဘာမှမဖြစ်ပေမယ့် ကိုယ်ခံအားကျသွားတဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါ၊ တခြားရောဂါပိုးနဲ့ရောဂါတွေ ဝင်လာတဲ့အခါတွေမှာ တီဘီပိုးက ထကြွလာနိုင်ပါတယ်။

မေး။ ။ အူတီဘီက ဘယ်အသက်အရွယ်တွေမှာအဖြစ် များပါသလဲဆရာ။
ဖြေ။ ။ အကြမ်းဖျဉ်းအားဖြင့် လူလတ်ပိုင်းနဲ့ အသက်ကြီးပိုင်းတွေမှာ အူတီဘီ အဖြစ်များပါတယ်။ အသက် ၂၅နှစ်နဲ့ ၃၀ အရွယ်တွေနဲ့ အသက် ၅၀-၆၀ အ ရွယ်လူကြီးတွေမှာ အူတီဘီအဖြစ်များတတ်ပါတယ်။ HIV ပိုးကြောင့် အူတီဘီဖြစ်တာပိုများတာက ကိုယ်ခံအားကျသွားတာကြောင့် ဖြစ်ရတာပါ။

မေး။ ။ အူတီဘီဖြစ်တဲ့အခါ ဘယ်လိုကုသမှုပေးပါသလဲ ဆရာ။
ဖြေ။ ။ အူတီဘီဖြစ်ပြီး အူပေါက်သွားရင်၊ အူပိတ်သွား ရင်တော့ ခွဲစိတ်ကုသမှုခံယူရပါတယ်။ ခွဲစိတ်ပြီးတဲ့ အခါမှာ တီဘီဆေးကို သောက်ဖို့လိုအပ်ပါတယ်။ တကယ်လို့ အစောပိုင်းအဆင့်မှာတွေ့ခဲ့ရင် အူတီဘီ ပိုးကင်းအောင် တီဘီဆေးကို အနည်းဆုံး ၉လ-တစ်နှစ်သောက်ဖို့လိုပါတယ်။ အဆုတ်တီဘီပိုးကိုခြောက် လပဲသောက်ရပေမယ့် အူတီဘီဖြစ်ရင် ပိုပြီးကြာကြာသောက်ရပါတယ်။ ကြားထဲမှာလည်း အမြဲစစ်ဆေး နေရပါတယ်။ ဒါဆိုရင်ပျောက်နိုင်ခြေများပါတယ်။

မေး။ ။ အူတီဘီနဲ့ ပတ်သက်ပြီး အများပြည်သူကိုထပ်မံ ပညာပေးလိုတာရှိရင် ပြောပြပေးပါဆရာ။
ဖြေ။ ။ နွားနို့ကိုကျိုချက်ပြီး သောက်သင့်ပါတယ်။ မျိုးရိုးထဲမှာ တီဘီပိုးရှိရင်လည်း ဂရုစိုက်သင့်ပါတယ်။ ဗိုက်အောင့်တာ၊ ပိန်တာ၊ အာဟာရချို့တဲ့တာစတဲ့ လက္ခဏာတွေဖြစ်ရင်လည်း ဂရုစိုက်ပြီး ကျန်းမာရေးစစ်ဆေးမှုကို ခံယူသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top