Healthy Life Ad
Life Style

မီးတွင်းကျန်းမာရေး အယူအဆအမှားများ (Myths of Pregnancy and Postpartum)

ဒေါက်တာတင့်ဆွေ

၁။ ဆရာရှင့် ကျွန်မအသက် ၂၉နှစ်ပါရှင့်။ ကလေးမွေးထားတာ ၁၈ရက်ပဲရှိပါသေးတယ်။ ကလေးမွေးပြီး ဆယ်ရက်လောက်ကတည်းက အဝတ်လျှော်၊ မီးပူတိုက်လုပ်ရပါတယ်။ ကူလုပ်ပေးမယ့်သူလည်းမရှိသလို အဝတ်လျှော်လည်းမအပ်နိုင်လို့ပါ။ အဲ့ဒါ အိမ်နားကလူတွေက မီးယပ်ကျိုးမယ်လို့ပြောတယ်ဆရာ။ မီးယပ်ကျိုးတယ်ဆိုတာ ဘာကိုပြောတာပါလဲဆရာ။ အခုလောလောဆယ်တော့ ခြေဖဝါးတွေကော လက်ဆစ်တွေကော ကိုက်နေလို့ပါ။ သူတို့ပြောသလို မီးယပ်ကျိုးတာများလားဆရာ။ ပြီးတော့ အမေကခေါင်းပေါင်းမပေါင်းရင် ကလေးနှာစေးတတ်တယ်ဆိုတာ ဟုတ်ပါသလားဆရာ။ ကျွန်မ ခေါင်းလည်းမပေါင်းဖြစ်လို့ပါဆရာ။ သားသားလေးက နှာခေါင်းပိတ်ပြီး ချွဲထနေလို့ အဲ့ဒါကော ဘာဆေးတိုက်ရမလဲဆရာ။ ကျေးဇူးပြု၍ ဖြေပေးပါဦးရှင့်။

၂။ မင်္ဂလာပါဆရာ။ ကျွန်မအသက် ၂၉ နှစ်ရှိပါပြီ။ ဒုတိယသားလေးမွေးထားတာ ၁၀ရက်ရှိပါပြီ။ အရင်သားဦးလေးတုန်းက အမေက ၄၅ ရက်လာကြည့်ပေးပါတယ်ဆရာ။ အခုကလေးမွေးတော့ ကြည့်ပေးမယ့်လူကြီးမရှိတော့ ဆေးရုံဆင်းကတည်းက ကိုယ်တိုင်အဝတ်လျှော်၊ ဟင်းချက်ပါတယ်ဆရာ။ တချို့တွေက မီးတွင်းထဲ ဆပ်ပြာကိုင်မကိုင်ရဘူး အဆစ်အမြစ်ကိုက်တတ်တယ် ပြောတယ်ဆရာ။ တချို့ကလည်း လုပ်လို့ရတယ်ပြောတယ်ဆရာ။ အကျိုးအပြစ် သိချင်ပါတယ်။

၃။ မင်္ဂလာပါဆရာ။ ကလေးမီးဖွားထားတဲ့ မိခင်တွေက ဆပ်ပြာတစ်လလောက် မသုံးရဘူးဆိုတာ ဟုတ်ပါသလား။ လူကြီးတွေက ဆပ်ပြာမသုံးရဘူး ပြောပြောနေလို့ပါ။ ရှင်းပြပေးစေလိုပါတယ်ရှင့်။

၄။ ဆရာ ကျွန်မအသက် ၃၂ နှစ်။ ဒုတိယ ကိုယ်ဝန် ၆ လရှိပါပြီ။ ကလေးမွေးပြီး ဘယ်နှစ်ရက်ကြာရင် ခေါင်းလျှော်လို့ရပါလဲဆရာ။ ပထမကလေးမွေးပြီးတုံးကတော့ လူကြီးတွေက တစ်လနေရမယ်ဆိုလို့ တော်တော့်ကို စိတ်ညစ်စွာ သည်းခံပြီးနေခဲ့ရပါတယ်။ ရေတော့ ဆေးရုံကအိမ်ပြန်ရောက်တာနဲ့ ပုံမှန်ချိူးပါတယ်ဆရာ။ ကျွန်မခွဲမွေးတာပါ။ ခုကိုယ်ဝန်လည်း ခွဲမွေးမှာပါ။ မီးတွင်းဘယ်နှစ်ရက်ဆို ခေါင်းလျှော်ဖို့ သင့်တော်မလဲဆိုတာ ပြောပြပေးပါဆရာ။

၅။ လူကြီးမိဘတွေကပြောတတ်ကြတဲ့ ကိုယ်ဝန်ဆောင် နေစောင်းရင် ရေမချိုးရဘူးဆိုတာ ဟုတ်ပါသလားဆရာ။ မီးဖွားရင် ရေပါတယ်ပြောပါတယ်။ အမှန်လားဆရာ။

၆။ ဆရာ မီးနေသည် ဝက်သားမစားရဘူးဆိုတာ ဟုတ်ပါသလားရှင်။ အိမ်ကလူကြီးတွေက မစားနဲ့ဆိုလို့ပါ။ ဘာများဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ပါသလဲရှင်။

၇။ ဆရာရှင့် မြန်မာနည်းရှေးစွဲအရ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေဟာ မမွေးခင်လေဆေးကို သောက်ကြပါတယ်။ သောက်ခိုင်းကြပါတယ်။ ကလေးလေပါရင် မိခင်များ အနည်းငယ်ဒုက္ခရောက်ကြတယ် ပြောကြပါတယ်။ လေဆေးသောက်ခြင်း၊ မသောက်ခြင်းသည် ကလေးတွင် လေပါခြင်း မပါခြင်းနဲ့ ဆက်စပ်ပါလားဆရာ။ ရိုးရိုးမွေးရင် သောက်ဖို့လိုအပ်ပြီး ခွဲမွေးရင် မလိုအပ်ပါဆိုတာ ဟုတ်ပါသလားဆရာ။ လေဆေးသောက်ပါက ကလေးမှာ အသားဝါပါလာနိုင်ခြေများတယ်ဆိုတာ ဟုတ်ပါလားဆရာ။ ကျေးဇူးတင်ပါတယ် ဆရာရှင့်။

၈။ ဆရာရှင့် ကျွန်မမှာ ၂ နှစ် ၅ လ အရွယ်သမီးရှိပါတယ်။ သူက အိပ်ချိန်တိုင်း နို့စို့ပြီးမှ အိပ်တတ်ပါတယ်။ ကျွန်မမေးချင်တာက ကျွန်မက မနက်ဆို သံလွင်ဆီစိမ်ထားတဲ့ နနွင်းမှုန့်သောက်ပါတယ်။ နေ့လယ် ထမင်းစားပြီးရင် သံပုရာရည် ရေနွေးစိမ်သောက်ပါတယ်။ အဲဒါ ကလေးကိုထိခိုက်နိုင်လား၊ အကျိုးသက်ရောက်မှုရှိလားလည်း သိချင်ပါတယ်။

အရပ်နည်းတွေမှာ ဆေးသုတေသနမရှိပါ။ ဆောရီး။ ကိုယ်ဝန်ဆောင်နဲ့ မီးတွင်းမှာ ကျန်းမာရေးအယူအဆအမှားတွေ နေရာတိုင်းမှာရှိပါတယ်။ မေးခွန်းမှာပါတဲ့ လေဆေးဆိုတာ ဘာလဲ။ ရောင်းနေတဲ့ လေဆေးဆိုတာ အားလုံးကတူကြပါသလား။

အဲလိုဆေး သူများတိုင်းပြည်မှာမရှိပါ။ မြန်မာပြည်က အမျိုးသမီးတွေသာ ကိုယ်ဝန်ဆောင်နေရတာမဟုတ်ပါ။ မြန်မာပြည်မှာ လူဦးရေ သန်း ၅၀ ရှိတယ်။ တစ်ကမ္ဘာလုံးမှာ သန်း ၇ ထောင်ရှိတယ်။ ဗမာဆေးမမြင်ဖူးတဲ့ လူဦးရေတွက်ကြည့်ပါ။

၁။ ကိုယ်ဝန်ရှိလာရင် အားအင်တွေတိုးလာတာဖြစ်တယ်လို့ ထင်မှတ်တယ်။ တကယ်တော့ အခက်အခဲတွေ အဆင့်ဆင့်ဖြတ်ကျော်ရပါမယ်။ တချို့မှာ အားအင်ဆုတ်ယုတ်ကြတယ်။ မောပန်းကြတယ်။ တချိန်လုံး ပျို့အန်ချင်နေတတ်တယ်။

၂။ စိုးရိမ်စိတ်ကဲလွန်တတ်ကြတယ်။ စိုးရိမ်စရာရှိတော့ မှန်ပါတယ်။ ဒါပေမယ့် မလွန်ကဲသင့်ပါ။ တချို့ကို စနစ်တကျ ကိုယ်ဝန်အပ်တာ၊ စစ်ဆေးတာတွေ မလွဲမသွေလိုအပ်ပါတယ်။ တချို့ကတော့ ဆရာဝန်မပြောနဲ့ သားဖွားဆရာမနဲ့တောင် မတွေ့ရဘဲ အကောင်းမွေးပါတယ်။

၃။ မွေးဖွားလို့နာကျင်မှုဆိုတာ ဓမ္မတာမို့ ဘာမှအကူအညီလုပ်ပေးနေစရာမလိုဘူးလို့ ယူဆကြတယ်။ တကယ်တော့ အဲလိုမဟုတ်ပါ။ မွေးဖွားတဲ့အခါ မနာစေအောင် Epidural ခေါ် ခါးထုံဆေးနည်းကို လိုချင်သူက တောင်းဆိုနိုင်ပါ တယ်။

၄။ ကလေးကို သဘာဝနည်းအတိုင်းမွေးတာ မလျှော်ဘူးလို့ထင်ကြသူတွေရှိတယ်။ အဲလိုလုပ်တာ တောကျတယ်လို့ ပြောသူတွေလည်းရှိတယ်။ အမှန်က အနာသက်သာစေအောင် လိုချင်လိုမယ်။ အမွေးမြန်အောင် လိုချင်လိုမယ်။ ရိုးရိုးမွေးမရလို့ ဆန်းဆန်းမွေးရတာကလွဲရင် သဘာဝနည်းထက်ကောင်းတာမရှိပါ။

၅။ မွေးပြီးတာနဲ့ ကလေးအမေဘဝရောက်တော့မယ်လို့ အကောင်းမြင်လွန်းသူတချို့လည်းရှိတယ်။ အဲလိုဘဝကို တန်းရောက်သူတွေရှိသလို အချိန်ယူပြီးမှသာ ကိုယ့်ကိုယ်ကိုယ် ကလေးအမေလို့ သိလာသူတွေလည်းရှိတယ်။

၆။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသူတိုင်း ဘယ်အရာမဆို ရင်ဆိုင်ကိုင်တွယ်ကျော်လွှားနိုင်မယ်လို့ မှတ်ထင်ထားတတ်ကြတယ်။ အမြဲတမ်းတော့ အဲလိုမရနိုင်ပါ။ ယဉ်ကျေးမှုတွေက မတူကြပါ။ လွန်ကဲတာတွေကို တဖြေးဖြေးပြင်ယူကြရတယ်။

၇။ နို့အလိုလိုထွက်လာမယ်။ အများစုမှာမှန်ပေမယ့် လူတိုင်းတော့ အဲလိုမဟုတ်ပါ။ ကလေးကို ချက်ချင်းနို့မတိုက်နိုင်တဲ့ အခြေအနေမှာ နို့ထွက်တာနောက်ကျမယ်။ အတော်ကြိုးစားယူရတာရှိတတ်တယ်။ လက်လျှော့လိုက်ရတဲ့အထိ ရှိတတ်တယ်။

၈။ မီးတွင်းကာလ စိတ်မူပြောင်းကာ ကလေးကိုထိခိုက်မယ်။ ထင်တတ်တယ်။ အမြဲမမှန်ပါ။

၉။ မွေးပြီးရင် အိပ်ရေးပျက်မယ်။ လူတိုင်းမှာ အဲလိုမဟုတ်ပါ။

၁၀။ ကိုယ့်ကလေးကိုချစ်တဲ့ မိခင်တိုင်းဟာ ချစ်ရမယ့်တာဝန်ကိုလည်းချစ်တယ်။ လူတိုင်းမှာ အဲလိုမရှိပါ။

၁၁။ ဘယ်သူကမှ ငါ့ကိုနားမလည်ကြဘူး။ အဲလိုထင်သူရှိတယ်။ အဲတာ အမြဲမမှန်ပါ။

၁၂။ Baby Blues ဝမ်းနည်းစိတ်ဖြစ်ခြင်းနဲ့ မီးတွင်းစိတ်ဓာတ်ကျခြင်း။ ဒီနှစ်မျိုးကမတူပါ။ ကလေးမွေးပြီးစ ဝမ်းနည်းစိတ်က ယာယီသာဖြစ်တယ်။ ၈၅ ရာခိုင်နှုန်း ဖြစ်တတ်တယ်။ ၂-၃ ပတ်နေရင် ပုံမှန်ရောက်တယ်။ မီးတွင်းစိတ်ဓာတ်ကျတာက ၁၅-၂၀ ရာခိုင်နှုန်းဖြစ်တယ်။ ကြာနေနိုင်တယ်။ ဆေးကုသမှုလိုမယ်။

ဆပ်ပြာမသုံးရဆိုတာ မြန်မာပြည်မှာသာ ပြောကြတယ်။ သူများနိုင်ငံတွေမှာ တကိုယ်ရေသန့်ရှင်းရေး အရေးကြီးတယ်လို့ ပြောပါတယ်။ ကိုယ်ဝန်နဲ့ မွေးပြီးစမှာ အစားအသောက်စားတာ အပျိုတုန်းကနဲ့ ကွာခြားတာမရှိသလောက်ပါ။ ပိုစားရတာတွေရှိလာမယ်။ အပူအစပ်လို့ပြောတာတော့ ရှောင်နိုင်ရှောင်ပေါ့။ အသား-ငါး-ဥ ရှောင်ရတာမရှိပါ။ အသီးအရွက်၊ အသီးအနှံတွေကို ပိုတောင်စားပေးရတယ်။

ဒီအချက်တွေက သူများတိုင်းပြည်တွေမှာရှိတဲ့ အယူအဆအလွဲတွေဖြစ်ပါတယ်။ မြန်မာပြည်မှာရှိတာတွေက ပိုများတယ်။ ဆပ်ပြာမသုံးရဆိုတာ မြန်မာပြည်မှာသာပြောကြတယ်။ သူများနိုင်ငံတွေမှာ တကိုယ်ရေသန့်ရှင်းရေး အရေးကြီးတယ်လို့ ပြောပါတယ်။ ကိုယ်ဝန်နဲ့ မွေးပြီးစမှာ အစားအသောက်စားတာ အပျိုတုန်းကနဲ့ကွာခြားတာ မရှိသလောက်ပါ။ ပိုစားရတာတွေ ရှိလာမယ်။

အပူအစပ်လို့ပြောတာတော့ ရှောင်နိုင်ရှောင်ပေါ့။ အသား-ငါး-ဥ ရှောင်ရတာ မရှိပါ။ အသီးအရွက်၊ အသီးအနှံတွေကို ပိုတောင်စားပေးရတယ်။ ရှေးလူကြီးမှာ အဲလိုအလွဲတွေရှိသလို ခေတ်လူတွေ ပြောတာတွေထဲမှာလည်း မလုပ်သင့်တာတွေရှိတယ်။ ကိုယ်ဝန်ဆောင်အတွက် ကောင်းပါတယ်ဆိုတဲ့ ဆေးကြော်ငြာတွေဖြစ်တယ်။ ကျန်းမာရေးဟာ နိုင်ငံရေးလိုပဲ အင်မတန်ငွေအတွက်လုပ်ကြတာ အလွန်များတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top