Healthy Life Ad
International

ဆယ်ကျော်သက်၏ ညစ်ပတ်ရှုပ်ပွနေသည့်ဆံပင်ကို နှစ်ရက်ကြာရှင်းကာ ပုံစံအသစ်ပြင်ပေးသော ဆံပင်ညှပ်ဆရာမ နာမည်ကြီးသွား

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ ဆံပင်ညှပ်ဆရာမ ကေလီအော်လ်ဆင်က အသည်းကွဲနေတဲ့ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်မလေးရဲ့ မပြင်မဆင်ညစ်ပတ်နေတဲ့ဆံပင်ကို နှစ်ရက်တိုင်တိုင် ရှင်းလင်းကာ ပုံစံအသစ်ပြင်ပေးလိုက်တာကြောင့် လူတွေရဲ့ အားပေးမှုရရှိနေပါတယ်။

ဆယ်ကျော်သက်မလေးဟာ အသည်းကွဲပြီး စိတ်ဓာတ်ကျနေတာ နှစ်ချီရှိနေပြီဖြစ်ပြီး အပေါ့အပါး သွားတာကလွဲလို့ အိပ်ရာပေါ်မှာပဲ အချိန်ကုန်ခဲ့တယ်လို့သိရပါတယ်။ ဆံပင်မဖြီး၊ သန့်ရှင်းရေးမလုပ်ခဲ့တာ အချိန်အတော်ကြာနေပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကမှ ကျောင်းပြန်တက်ခဲ့ပြီး ကျောင်းဓာတ်ပုံအရိုက်ခံဖို့ ဆံပင်ညှပ်ဆိုင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ကတုံးတုံးပေးဖို့ ပြောဆိုခဲ့ပေမယ့် ကေလီက ကလေးမလေးအကြောင်း စပ်စုပြီးနောက်မှာ ကူညီဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ပထမရက်မှာ ၈ နာရီကြာအချိန်ယူခဲ့ပြီး ဒုတိယရက်မှာ ၅ နာရီကြာ ဆံပင်ပုံစံပြင်ဆင်ပေးခဲ့ပါတယ်။ နောက်ဆုံးမှာ လှပတဲ့ဆံပင်ပုံစံလေးနဲ့ ကလေးမလေးကို ပျော်ရွှင်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။ လူတိုင်းမှာ တန်ဖိုးတစ်ခုစီရှိပြီး ဆံပင်မဖြီးနိုင်လောက်အောင် စိတ်ဓာတ်ကျမနေသင့်ကြောင်းနဲ့ အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားနေထိုင်သင့်ကြောင်း ကလေးမလေးကို ကေလီက အကြံပေးခဲ့ပါတယ်။

ကေလီကြောင့် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်ဖို့ သင်ခန်းစာရသွားပြီး ကျောင်းဓာတ်ပုံမှာ ပြုံးပြုံးလေး အရိုက်ခံသွားမှာဖြစ်ကြောင်း ကောင်မလေးက ကတိပေးသွားခဲ့တယ်လို့သိရပါတယ်။ ဒီအကြောင်းကို ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့ရာမှာ လိုက်ခ် ၁သိန်း ၆ သောင်းကျော်ရပြီး လူ ၆ သောင်းကျော်ကရှဲလ်သွားခဲ့ကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top