Healthy Life Ad
Q & A

ကလေးကျောက်ကပ်ရောင်ရမ်းခြင်း

ဒေါက်တာကျော်စွာဦး (တာဝန်ခံဆရာဝန်၊ ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း)

မေး. ကလေးတွေမှာကျောက်ကပ်ရောင်ရင် ဘယ်လိုလက္ခဏာတွေ တွေ့ရတတ်ပါသလဲဆရာ။

ဖြေ. ကလေးတွေမှာ ကျောက်ကပ်ရောင်ရင် တစ်ယောက်နဲ့တစ်ယောက် ပြသတဲ့လက္ခဏာတွေကတော့ မတူတတ်ပါဘူး။ တချို့ကလေးတွေကျတော့လည်း မျက်နှာတွေဖောရောင်လာတယ်၊ ခြေမျက်စိဖောရောင်တတ်တယ်။ မိုးလင်းတာနဲ့ ကြည့်လိုက်ရင် မျက်နှာတွေဖောင်းနေတယ်၊ မျက်လုံးတွေအစ်နေတယ်၊ ခြေထောက်တွေရောင်နေတယ်။ တချို့ကျတော့လည်း ဆီးသွားတဲ့အခါ သွေးလေးတွေပါလာတယ်၊ တချို့ကျတော့လည်း ဆီးအရောင်ပြောင်းနေတတ်ပါတယ်။ တချို့ကလေးတွေကျတော့လည်း စမ်းကြည့်လိုက်ရင် သွေးပေါင်တက်နေတတ်ပါတယ်။

နောက်ပိုင်း ကျောက်ကပ်ပိုရောင်လာတယ်ဆိုတဲ့အဆင့်မှာ အစားအသောက်ပျက်လာတယ်၊ ကိုယ်အလေးချိန်လျော့လာတယ်၊ ညဘက်ကျရင် ကြွက်တက်တာ၊ မောပန်းနွမ်းနယ်တာတွေ ဖြစ်လာတတ်ပါတယ်။ အသားအရေက ဖြူဖပ်ဖြူရော်ဖြစ်နေတာ၊ ခေါင်းကိုက်တာ၊ ဆီးသွားနည်းတာတို့ ဖြစ်တတ်ပါတယ်။

မေး. ကလေးတွေမှာ ဘာကြောင့် ကျောက်ကပ်ရောင်ရမ်းခြင်း ဖြစ်ရပါသလဲ ဆရာ။

ဖြေ. အဓိကအဖြစ်များတာကတော့ ဘက်တီးရီးယားပိုးဝင်တာကြောင့် ဖြစ်တတ်ပါတယ်။ တချို့ကလေးတွေကျတော့ ခုခံအားစနစ်ကိုပြန်တိုက်တဲ့ စနစ်ထိခိုက်တာ (Autoimmune Disease) ထဲမှာ SLE လိုအခြေအနေကြောင့်လည်း ဖြစ်တတ်ပါတယ်။ တချို့ကလေးတွေကျတော့ မွေးရာပါရောဂါ တချို့ကြောင့်လည်း ကျောက်ကပ်ရောင်တတ်ပါတယ်။ အသည်းရောင်တာကြောင့်လည်း ကျောက်ကပ်ရောင်တတ်ပါတယ်။ တခြားဖြစ်တတ်တဲ့ အကြောင်းရင်းတွေလည်းရှိပေမယ့် ရှားပါတယ်။

မေး. ကလေးကျောက်ကပ်ရောင်တာက စိုးရိမ်စရာရှိပါသလား ဆရာ။

ဖြေ. အဲဒါကဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပါတယ်။ ဘက်တီးရီးယားပိုးဝင်လို့ဖြစ်တဲ့ ကျောက်ကပ်ရောင်တာဆိုရင် ဘက်တီးရီးယားပိုးကို ပြန်တိုက်နိုင်တဲ့အခါ စိုးရိမ်စရာမရှိပါဘူး။ ကျောက်ကပ်ရောင်ရမ်းမှုဖြစ်ရတဲ့ အကြောင်းရင်းပေါ် မူတည်နေပါတယ်။

မေး. ကလေးကျောက်ကပ်ရောင်နေချိန်မှာ ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲ။ ဘယ်လိုအချက်တွေကို ဆင်ခြင်သင့်ပါသလဲဆရာ။

ဖြေ. ကျောက်ကပ်ရောင်နေချိန်မှာ ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ အရေးကြီးပါတယ်။ ရေကိုလျှော့သောက်ရမယ်။ ကျောက်ကပ်ရောင်တဲ့ တချို့အခြေအနေမှာ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်ပါတဲ့ အစားအသောက်တွေကို လျှော့စားဖို့လိုပြီး တချို့အခြေအနေမှာကျတော့ အဲဒီဓာတ်တွေ ပြန်လိုအပ်နေပြန်ပါတယ်။ ပရိုတင်းလို့ခေါ်တဲ့ အသားဓာတ်နဲ့အဆီကို လျှော့စားရပါမယ်။

မေး. ကလေးကျောက်ကပ်ရောင်တဲ့အချိန်မှာ မိဘတွေက ဘယ်လိုအစားသောက်တွေကို ကျွေးသင့်ပြီး ဘယ်လိုအစားအသောက်တွေကို မကျွေးသင့်ဘူးလဲဆရာ။

ဖြေ. အဓိက အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ကျွေးသင့်ပါတယ်။ အရည်ရွှမ်းတဲ့ အသီးအနှံတွေကို စားသင့်ပါတယ်။ ဘယ်လိုအစားအသောက်နဲ့တည့်တယ်ဆိုတာ ကျောက်ကပ်ရောင်ရမ်းခြင်းဖြစ်ရတဲ့ အခြေအနေပေါ်မူတည်ပြီး ပြောရတာဖြစ်တဲ့အတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ခြုံပြီးပြောရရင်တော့ ကလေးကျောက်ကပ်ရောင်နေချိန်မှာ ပိုတက်ဆီယမ်များတဲ့ အစားအသောက်တွေ၊ ဆိုဒီယမ်များတဲ့ အစားအသောက်တွေကိုဆင်ခြင်ပြီး ပရိုတင်းဓာတ်ပါတဲ့အစာတွေကို လျှော့စားရပါမယ်။ ဒါပေမဲ့ ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်လိုတတ်တဲ့ အခြေအနေကလည်းရှိပြန်တော့ ကုသတဲ့ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုအပ်ပါတယ်။

မေး. ကလေးတွေမှာ ကျောက်ကပ်ရောင်တာနဲ့ လွဲမှားတတ်တဲ့ တခြားကျန်းမာရေးပြသနာရှိရင် သိပါရစေဆရာ။

ဖြေ. တချို့ကျတော့ ကလေးတွေကျောက်ကပ်ရောင်တဲ့အခါ ဗိုက်ကြီးတွေပူလာတယ်၊ မျက်နှာဖောင်းတယ်ဆိုရင် အသည်းများထိခိုက်သလား၊ ဘာဖြစ်သလဲဆိုပြီး လွဲမှားတတ်ကြတယ်။

မေး. ကလေးကျောက်ကပ်ရောင်တဲ့အခါ မိဘတွေလုပ်တတ်တဲ့ အပြုအမူမှားလေးတွေ၊ အယူအဆ မှားလေးတွေရှိရင် ဆင်ခြင်နိုင်အောင် ပြောပြပေးပါဆရာ။

ဖြေ. ကလေးကျောက်ကပ်ရောင်တဲ့အခါ မိဘတချို့လုပ်တတ်တာက ဘာအသီးကိုစားရင် ကျောက်ကပ်အတွက် ကောင်းတယ်ဆိုတာမျိုး၊ ဘယ်အရွက်ကို ပြုတ်သောက်ရင် ကောင်းတယ်ဆိုတာမျိုး လုပ်ကြတယ်။ ဒါတွေလုပ်ပြီး ဆရာဝန်နဲ့ ပြသတိုင်ပင်မှုမလုပ်ကြဘူး။ အပြစ်ပြောတာမဟုတ်ပေမယ့် သုတေသနခိုင်မာတယ်ဆိုရင်တော့ ကောင်းပါတယ်။ အချက်အလက်မခိုင်မာရင် (မသောက်တာအကောင်းဆုံးပါပဲ။ တချို့ဆေးမြီးတိုတွေသောက်တာ ကြောင့်) နောက်ဆက်တွဲဝေဒနာကြီးကြီးမားမား ရတတ်ပါတယ်။ ဒါကြောင့် ဆေးမြီးတိုတွေကိုချည်း အားမကိုးပါနဲ့လို့ အကြံပေးချင်ပါတယ်။

မေး. ကလေးကျောက်ကပ်ရောင်တာနဲ့ ပတ်သက်ပြီး အများပြည်သူကိုထပ်မံပညာပေးလိုတာရှိရင် သိပါရစေဆရာ။

ဖြေ. ကလေးကျောက်ကပ်ရောင်တာနဲ့ပတ်သက်ပြီး မိဘပြည်သူတွေ ဗဟုသုတရှိထားစေချင်ပါတယ်။ ဖြစ်လာခဲ့ရင်ကျောက်ကပ်ရောင်တဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ဘာစားသင့်တယ်၊ ဘာမစားသင့်ဘူးဆိုတာကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာစေချင်ပါတယ်။ တကယ်လို့ ကလေးကျောက်ကပ်ရောင်တယ်လို့ သံသယဝင်ခဲ့ရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း ဒါမှမဟုတ် ကျန်းမာရေးဌာနနဲ့ ပြသတိုင်ပင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top