Healthy Life Ad
Men

ပန်ကရိယရောင်ရမ်းခြင်း (Acute Pancreatitis)

ပါမောက္ခဦးအေးမွန်( ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ပန်ကရိယရောင်ရမ်းမှုဆိုတာ ဘာကိုခေါ်ပါသလဲ ဆရာ။
ဖြေ ။ ပန်ကရိယဆိုတာ အစာအိမ်အောက်ဘက်နဲ့ အနောက်ဘက်မှာ ကန့်လန့်ဖြတ်တည်ရှိနေတဲ့ အင်္ဂါ ဖြစ်ပါတယ်။ ပန်ကရိယကို မုန့်ချိုအိတ်လို့လည်း တချို့က ခေါ်ကြပါတယ်။ ပန်ကရိယက အစာခြေရည်တွေကို ထုတ်ပေးတဲ့အပြင် အရေးကြီးတဲ့ ဟော်မုန်းဖြစ်တဲ့ အင်ဆူလင်ကိုလည်း ထုတ်လုပ်ပေးပါတယ်။ ပန်ကရိယဟာ အကြောင်းအမျိုးမျိုးကြောင့် ရောင်ရမ်းတတ်သလို ကြီးလည်း ကြီးတတ်ပါတယ်။ ပန်ကရိယရောင်ရမ်းမှုက Acute နဲ့ Chronic ဆိုပြီး နှစ်မျိုးရှိပါတယ်။ နာတာရှည် ပန်ကရိယရောင်ရမ်းတာကတော့ တဖြည်းဖြည်းချင်း ဖြစ်နေတဲ့ အခြေအနေမျိုးပဲဖြစ်ပါတယ်။ အခု ဆရာပြောမယ့် အကြောင်းအရာက Acute Pancreatitis အကြောင်းဖြစ်ပါတယ်။ ဒါကအဖြစ်လည်း ပိုများပါတယ်။

မေး ။ ပန်ကရိယရောင်ရမ်းမှုဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေကို တွေ့ရတတ်ပါသလဲ ဆရာ။
ဖြေ ။

ပန်ကရိယရောင်ရမ်းတဲ့အခါ အသိသာဆုံးရောဂါ လက္ခဏာကတော့ ရုတ်တရက် ပြင်းပြင်းထန်ထန် ဗိုက်အောင့်တာမျိုးပဲ ဖြစ်ပါတယ်။ ရင်ခေါင်းအောင့်တတ်ပါတယ်။ ချက်ပတ်ဝန်းကျင်လည်း အောင့်တတ်ပါတယ်။ ပန်ကရိယရောင်ရမ်းတာက အစာအိမ်ပေါက်တာနဲ့ ဆင်တူပါတယ်။

လေလည်း မလည်တော့ပါဘူး။ သွေးပေါင်ကျတတ်ပါတယ်။ အဖျားလည်း တက်တတ်ပါတယ်။

မေး ။ ပန်ကရိယရောင်ရမ်းမှုမှာ ရောဂါအဆင့် သတ်မှတ်ချက်တွေရှိပါသလား ဆရာ။
ဖြေ ။ ရောဂါအဆင့်သတ်မှတ်ချက်တွေ ရှိပါတယ်။ အပျော့စား (Mild)၊ အလတ်စား (Moderate) နဲ့ အပြင်းစား (Severe) ဆိုပြီး ရောဂါအဆင့် သုံးမျိုး ရှိပါတယ်။ အပျော့စားအဆင့်မှာ တွေ့ရတဲ့ လက္ခဏာကတော့ ဗိုက်အောင့်တာပဲ ဖြစ်ပါတယ်။ ဒါကသူ့အလိုလိုကောင်းသွားတတ်ပါတယ်။ နောက်ဆက်တွဲအခြေအနေလည်း မဖြစ်တတ်ပါဘူး။ အလတ်စားအဆင့်ဆိုရင် ဆေးရုံတက်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ တစ်ပတ်-နှစ်ပတ်လောက် ဆေးရုံတက်ပြီး ကုသမှု ခံယူရတတ်ပါတယ်။အပြင်းစားအဆင့်ဆိုရင် အထူးသတိထားရပါတယ်။ ဒီအဆင့်ဆိုရင် ဆေးရုံတင်ပြီး စနစ်တကျ ကုသမှုခံယူရပါတယ်။ တကယ်လို့ ကုသမှုမခံယူရင် အသက်အန္တရာယ်ရှိပါတယ်။ အပြင်းစားအဆင့်မှာ သေစေနိုင်တဲ့ ရာခိုင်နှုန်းက ၂၀ ရာခိုင်နှုန်းရှိပါတယ်။
ပန်ကရိယရောင်ရမ်းရာက တစ်ကိုယ်လုံးပြန့် နှံ့ပြီး ကျောက်ကပ်နဲ့ နှလုံးကို ထိခိုက်ရာက အသက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ ဆေးရုံမြန်မြန်တင်လိုက်ဖို့လိုပါတယ်။

မေး ။ ပန်ကရိယရောင်ရမ်းမှုဖြစ်စေတဲ့ အကြောင်းရင်းတွေကို သိပါရစေ ဆရာ။
ဖြေ ။ ပန်ကရိယရောင်ရမ်းမှုဖြစ်စေတဲ့ အကြောင်းတွေကတော့ –

(၁) သည်းခြေကျောက်တည်တာ (Gall Stone) ပဲဖြစ်ပါတယ်။ အမျိုးသမီးတွေ ပန်ကရိယရောင်ရင် သည်းခြေကျောက်တည်တာကြောင့် ဖြစ်တတ်ပါတယ်။

(၂) အရက်သောက်တာပဲ ဖြစ်ပါတယ်။ အမျိုးသားတွေ ပန်ကရိယရောင်ရင် အရက်သောက်တာကြောင့် ဖြစ်တတ်ပါတယ်။

(၃) အစားအသောက်အနေနဲ့ အစာကိုများကြီး စားလိုက်ရင်ပန်ကရိယရောင်တတ်ပါတယ်။ အစာကို တစ်ကြိမ်တည်းနဲ့ ပြည့်အင်အောင် စားတာမျိုးဖြစ်ပါတယ်။ ပြီးတော့ အဆီအအိမ့်တွေ အများကြီးစားတာ ကြောင့်လည်း ပန်ကရိယရောင်တတ်ပါတယ်။

(၄) ဗိုင်းရပ်စ်ပိုးဝင်တာကြောင့်လည်း ပန်ကရိယရောင်တတ်ပါတယ်။

(၅) ဆေးဝါးတချို့ကို သောက်သုံးတာကြောင့်လည်း ပန်ကရိယရောင်တတ်ပါတယ်။

မေး ။ ပန်ကရိယရောင်ရမ်းမှုနဲ့ လွဲမှားတတ်တဲ့ ရောဂါတွေရှိရင် သိပါရစေ ဆရာ။
ဖြေ ။ ပန်ကရိယရောင်ရမ်းတာနဲ့ လွဲမှားတတ်တဲ့ အဓိကရောဂါက အစာအိမ်ပေါက်တာပဲ ဖြစ်ပါတယ်။ အစာအိမ်ပေါက်တာဆိုရင် ချက်ချင်းခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။ ပန်ကရိယရောင်တာဆိုရင်တော့ ချက်ချင်းခွဲစိတ်ကုသမှု ပေးစရာ မလိုပါဘူး။
နောက်ထပ် လွဲမှားတတ်တဲ့ ရောဂါကတော့ အစာအိမ်ရောင်တာနဲ့ သည်းခြေကျောက်တည်တာပဲ ဖြစ်ပါတယ်။ ဗိုက်အောင့်တတ်တဲ့ ရောဂါဝေဒနာတွေ နဲ့ လွဲမှားတတ်ပါတယ်။

မေး ။ ပန်ကရိယရောင်ရမ်းမှုနဲ့ တခြားရောဂါဝေဒနာတွေကို ခွဲခြားသိနိုင်အောင် ဘယ်လို စစ်ဆေးမှု လုပ် သင့်ပါသလဲ ဆရာ။
ဖြေ ။ ပန်ကရိယရောင်ရမ်းမှုနဲ့ တခြားရောဂါဝေဒနာတွေကို ခွဲခြားသိနိုင်ဖို့ အာထရာဆောင်း (Ultrasound) ရိုက်တာ၊ သွေးစစ်ဆေးတာတို့ကို လုပ်ဆောင်လို့ရပါတယ်။ CT scan ရိုက်ပြီး စစ်ဆေးလို့လည်း ရပါတယ်။ CT scan ရိုက်ပြီး စစ်ဆေးလိုက်ရင် အပျော့စားလား၊ အလတ်စားလား၊ အပြင်းစားလား ဆိုတဲ့ ရောဂါအဆင့်တွေကိုပါ သိနိုင်ပါတယ်။

မေး ။ ပန်ကရိယရောင်ရမ်းမှုကို ဆေးဝါးနဲ့ ကုသလို့ရပါသလား ဆရာ။ ခွဲစိတ်ကုသမှုပြုလုပ်ဖို့ လိုအပ်ပါသလား ဆရာ။
ဖြေ ။ ပန်ကရိယရောင်ရမ်းမှုဖြစ်ရင် ကုသမှုအနေနဲ့ အရင်ဆုံးဆေးရုံတင်ရပါတယ်။ လိုအပ်တဲ့ ဆေးထိုးပေး ရပါတယ်။ ဆေးမသောက်ရပါဘူး။ အရေးကြီးတာက အချိန်ပြည့်လူနာကို စောင့်ကြည့်နေရပါတယ်။ တကယ်လို့ လက္ခဏာအနေနဲ့ ပုပ်တာနဲ့ ပြည်တည်တာတွေ ဖြစ်ပေါ်လာရင် ခွဲစိတ်ကုသမှုပေးရပါတော့တယ်။ ပန်ကရိယရောင်ရမ်းတာက အခုကောင်းနေပေမယ့် တစ်ပတ်လောက်ကြာရင် ပုပ်တာနဲ့ ပြည်တည်တဲ့ လက္ခဏာတွေ ပေါ်လာလို့ ခွဲစိတ်ရတာမျိုးလည်း ရှိတတ်ပါတယ်။ တချို့လူနာတွေမှာ တစ်လတန်သည်၊ နှစ်လတန်သည်ကြာမှ ပုပ်တာနဲ့ ပြည်တည်တာတွေ ဖြစ်ပေါ်လာပြီး ခွဲစိတ်ကုသမှု ပေးရတာမျိုးရှိလို့ အမြဲစောင့် ကြည့်နေရတာ ဖြစ်ပါတယ်။

မေး ။ ပန်ကရိယရောင်ရမ်းမှုမဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ ။ ပန်ကရိယရောင်ရမ်းမှုမဖြစ်အောင် ကာကွယ်မှုအနေနဲ့ –

– အရက်ကို ရှောင်ရပါမယ်။

– သည်းခြေကျောက်ရှိရင် ခွဲစိတ်ကုသမှု ပြုလုပ်ရပါမယ်။

– အစားအသောက်ကို အများကြီး ဗိုက်ပြည့်တင်းတဲ့အထိ မစားသင့်ပါဘူး။ အဆီအအိမ့်တွေကိုလည်း အလွန်အမင်း မစားသင့်ပါဘူး။

– ဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ်မသောက်သင့်ပါဘူး။

မေး ။ ပန်ကရိယရောင်ရမ်းမှုက မျိုးရိုးလိုက်ပြီး ဖြစ်တတ်ပါသလားဆရာ။ ဘယ်အသက်အရွယ်တွေမှာ အဖြစ်များပါသလဲ။
ဖြေ ။ ပန်ကရိယရောင်ရမ်းတာက မျိုးရိုးနဲ့ ဆက်စပ်မှုမရှိပါဘူး။ အသက်အရွယ်အနေနဲ့ကတော့ အသက် ၂၀ အရွယ်ကစပြီး အသက် ၅၀-၆၀ အထိအရွယ်စုံဖြစ်တာကို တွေ့ရပါတယ်။

မေး ။ ပန်ကရိယရောင်ရမ်းမှုဖြစ်တဲ့ လူနာတွေနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဆရာ့ အတွေ့အကြုံရှိရင် သိပါရစေ ဆရာ။
ဖြေ ။ ထူးထူးခြားခြားရယ်လို့ မရှိပါဘူး။ ပန်ကရိယရောင်တဲ့ လူနာတွေကတော့ လာပြကြတာများပါတယ်။ လူနာတွေလာပြရင် ပန်ကရိယရောင်တာဖြစ်လို့ မပေါ့ဆဖို့၊ အပြင်းစား အဆင့်ကို ကူးပြောင်းသွားရင် အသက်အန္တရာယ်ရှိတဲ့အကြောင်း သေချာ အလေးအနက် ပြောပြရပါတယ်။ အပျော့စားအဆင့် ဖြစ်ပေမယ့်လည်း ဆေးရုံတင်ပြီး စောင့်ကြည့်ဖို့ လိုအပ်တဲ့အကြောင်း ရှင်းပြရပါတယ်။

မေး ။ ပန်ကရိယရောင်ရမ်းမှုဖြစ်ဖူးရင် တစ်သက်လုံး ဆေးကုသမှု ခံယူဖို့ လိုအပ်ပါသလား ဆရာ။
ဖြေ ။ နာတာရှည် ပန်ကရိယရောင်ရမ်းမှုဖြစ်ရင်တော့ တစ်သက်လုံး ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

မေး ။ ပန်ကရိယရောင်ရမ်းမှုနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေဆရာ။
ဖြေ ။ ရုတ်တရက်မခံမရပ်နိုင်လောက်အောင် ဗိုက်အောင့်တယ်ဆိုရင် မပေါ့ဆသင့်ပါဘူး။ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ပန်ကရိယရောင်တာလား၊ အစာအိမ်ရောင်တာလား၊ တခြားရောဂါဝေဒနာလားသိနိုင်အောင် လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေကို ခံယူဖို့လည်း ပြောကြားလိုပါတယ်။ တကယ်လို့ သည်းခြေကျောက်ရှိတယ်ဆိုရင်လည်း သည်းခြေကျောက်ကို ခွဲစိတ်ကုသမှုခံယူပြီး ဖယ်ရှားလိုက်ပါ၊ အရက်ကို တတ်နိုင်သမျှရှောင်ပါ၊ အစာကို အလွန်အမင်းမစားပါနဲ့လို့လည်း အကြံပြုချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top