Healthy Life Ad
Women

ပဋိသန္ဓေတားနည်းများ (၂) (Different Methods of Contraception)

ဒေါက်တာတင့်ဆွေ

– ယခင်တစ်ပတ်မှအဆက်

(၆) Emergency contraception အရေးပေါ် တားဆေး

မြန်မာနိုင်ငံမှာ Ecee-2 ဆိုပြီး သုံးနေကြတယ်။ အတူနေပြီး မြန်မြန်သုံးလေ စိတ်ချရလေဖြစ်တယ်။ ၂၄ နာရီအတွင်း သောက်ရင် ၉၅ ရာခိုင်နှုန်း၊ ၂၄-၄၈ နာရီအတွင်းသောက်ရင် ၈၅ ရာခိုင်နှုန်း၊ ၄၈-၇၂ နာရီအတွင်းသောက်ရင် ၅၈ ရာခိုင်နှုန်း စိတ်ချရတယ်။ ၅ ရက် (၁၂၀ နာရီ) အထိ သုံးနိုင်ပေမယ့် စိတ်ချရတဲ့ ရာနှုန်း မသိရသေးဘူး။

Progestin (Levonorgestrel) 1.5 mg တလုံး တကြိမ်တည်း၊ ဒါမှမဟုတ် 750 µg နှစ်ခါခွဲ
သောက်နိုင်တယ်။ အမေရိကားမှာ Progestin-only pills (POPs), Plan B, Emergency contraception နာမည်အမျိုးမျိုးနဲ့ ခေါ်တယ်။ မြန် မာ၊ ဗီယက်နမ်နဲ့အိန္ဒိယမှာ ECee2 နာမည်နဲ့ရတယ်။

ဘေးထွက်-ဆိုးကျိုးတွေ = ၂၀ ရာခိုင်နှုန်း ခေါင်းကိုက်၊ မူးချင်သလိုဖြစ်၊ ၁၄ ရာခိုင်နှုန်း ဗိုက်အောက်ပိုင်းနာ၊ ၁၂ ရာခိုင်နှုန်း ပျို့၊ ရင်သားတင်း၊ ရာသီဆင်းရက် မမှန်တာတွေ ဖြစ်တတ်တယ်။ ပျို့-အန်ချင်သူ တွေက အအန်သက်သာဆေး Vitamin B6, Avo-min, Vomistop သောက်နိုင်တယ်။ ခေါင်းကိုက်ရင် အကိုက်အခဲပျောက်ဆေး Diclofenic, Ibuprofen တမျိုးမျိုးသောက်နိုင်တယ်။ ဆက်ပြီး ကာကွယ်လိုရင် တခြားနည်းတွေကိုသုံးရမယ်။ RU486, Mifestone, Mifeprex တွေလို သားပျက်စေတဲ့ ဆေးမဟုတ်ဘဲ သန္ဓေမတည်အောင်သာ လုပ်ပေးတာဖြစ်တယ်။

ဟော်မုန်း ၂ မျိုးတွဲ နေ့စဉ်သောက်ရတဲ့ Mar-velon 28 (Desogestrel 0.15 mg and Ethinyl estradiol 0.03 mg) ကိုလည်း အရေးပေါ်အနေနဲ့ သုံးနိုင်တယ်။ ဆက်ဆံပြီးနောက် ၃-၅ ရက်အတွင်း၊ ၄ လုံး ချက်ချင်းသောက်ပါ။ ၁၂ နာရီခြားပြီး၊ နောက်ထပ် ၄ လုံး ထပ်သောက်ပါ။ အရေးပေါ်တားဆေးကို အရေးပေါ်အတွက်သာ သုံးသင့်ပါတယ်။ ရာသီပြောင်းသွားမယ်။ ဟော်မုန်းပြောင်းလဲမယ်။ ဘာဖြစ်နိုင်သလဲ သုတေသန မပြည့်စုံပါ။ ဘာလို့လဲဆိုတော့ မြန်မာပြည်လိုနိုင်ငံတွေမှာပဲ အဲလို ခဏခဏသောက်တယ်။ သုတေသနလုပ်မရဘူး။ စာတပုဒ်သပ်သပ် ရေးထားပါတယ်။

(၇) Contraceptive patch အရေပြားကပ်ထား ရတဲ့ ဆေးကပ်ခွာ

သေးငယ်ပြီး အရေပြားမှာကပ်ရတဲ့ ခပ်ညိုညို ဆေးကပ်ခွာဖြစ်တယ်။ ဟော်မုန်း ၂ မျိုးပါ တားဆေး
စားဆေးတွေလို အတူတူပဲ။ ၉၉ ရာခိုင်နှုန်း ထိရောက်တယ်။ ရာသီဆင်းပြီးပြီးချင်း ကပ်ပါ။ အများဆုံး ၅ ရက်နောက်ကျနိုင်တယ်။ အနာမရှိ၊ အမွှေးမထူ၊ သန့်ရှင်းတဲ့ (ရင်သားမှအပ) ဘယ်အရေပြားမှာမဆို ကပ်ထားပါ။ လတစ်လမှာ ပဌမ ၃ပတ်မှာကပ်ပါ၊ နောက်ဆုံး ၁ပတ်မှာ ကပ်စရာမလိုပါ။

တပတ်နားထားချိန်မှာ ရာသီဆင်းမယ်။ ရာသီ အဆင်းနည်းမယ်။ ရက်လည်း တိုနိုင်တယ်။ ပျို့-အန်ခြင်းမဖြစ်။ ကင်ဆာနဲ့အလုံး-အကျိတ်ဖြစ်မှာ နည်းတယ်။ ခေါင်းကိုက်တာ၊ ရင်သားတင်းတာ၊ ကြားရက် သွေးဆင်းတာဖြစ်တတ်တယ်။ ဖြစ်နိုင်ခဲတဲ့ ဘေးထွက် – ဆိုးကျိုးတွေ = သွေးဖိအားတက်တာ၊ သွေးခဲတာ ဖြစ်နိုင်တယ်။ ၅နှစ်ထက် ကြာကြာသုံးရင် သားအိမ်အဝ-ကင်ဆာဖြစ်လေမလား သံသယရှိ တယ်။

ကိုယ်ဝန်ရှိနေပြီဆိုရင် မသုံးရ၊ အသက် ၃၅ ကျော်ရင်၊ အဝလွန်ရင်၊ သွေးခဲတတ်တဲ့ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း)ရောဂါ၊ အသည်း-သည်းခြေရောဂါ၊ ဆီးချိုရောဂါတွေရှိ နေရင်မသုံးသင့်။ ရေချိုး-ရေကူးရင်လည်း ကွာမကျ တတ်ဘူး။ မတော်တဆ ကွာကျလို့ ၄၈ နာရီအတွင်း သိရင် ပြန်ကပ်နိုင်တယ်။ ၄၈ နာရီ ကျော်သွားရင် အသစ်တခုဖြစ်ဖြစ် တခြားနည်းဖြစ်ဖြစ်သုံးပါ။

(၈) Diaphragms and caps သားအိမ်အဝအဖုံးများ

ကျား-သုက်ပိုးတွေကို မ-မျိုးဥနဲ့ မတွေ့အောင် ကြားခံပေးထားတဲ့ အဆီးအတားဖြစ်တယ်။ Latex (Rubber)or Polyurethane (plastic) တမျိုးမျိုးနဲ့ လုပ်ထားတယ်။ အရွယ်အစား အမျိုးမျိုးရှိတယ်။ Dia- phragms ဟာ ဆန့်နိုင်-ကြုံ့နိုင်တဲ့ အဖုံးလို ပုံပန်းရှိတယ်။ Capsက ပိုပြီး အရွယ်ငယ်တယ်။
သုက်ပိုးသတ်ဆေး Spermicide နဲ့ တွဲသုံးရင် ပိုထိရောက်တယ်။ ၉၂-၉၆ရာခိုင်နှုန်း စိတ်ချရတယ်။

Silicone cap – Femcap က ပိုပြီးထိရောက်တယ်။ မဆက်ဆံမီ သုက်ပိုးသတ်ဆေးကို သားအိမ်ဝအဖုံး Diaphragmပေါ်သုတ်လိမ်းပြီး၊ မွေးလမ်းကြောင်း ဗဂျိုင်းနားထဲ ထည့်သွင်းပါ။ သားအိမ်ဝ Cervix ကို ဖုံးပိတ်စေရမယ်။ ၆ နာရီ ကြာအထိ ပြန်မထုတ်ရပါ။ ကြာကြာထားလည်းရတယ်။

(၉) Centchroman ဟော်မုန်းမပါတဲ့ စားဆေး

Saheli Tablets နာမည်နဲ့ အိန္ဒိယမှာ ရောင်းတယ်။ ဟော်မုန်း မပါဘူး။ မ-မျိုးဥကိုလည်း အလျင်အမြန် ရင့်စေတယ်။ Fertilized ovum မျိုးစပ်ထား တဲ့ မ-မျိုးဥကို သားအိမ်ထဲကို အလျင်အမြန်သွား စေလို့ သားအိမ်အတွင်းနံရံက အဆင်သင့် မဖြစ်သေးဘူး။ သားအိမ်အတွင်းနံရံကိုလည်း အလုပ်နှေးစေတယ်။ ဆေးတပြားမှာ 30 mg ပါတယ်။ တကတ်မှာ ၈ ပြားပါတယ်။ ပဌမ ၃ လအတွက် တပတ်မှာ ၂ ပြား၊ နောက်လတွေမှာ ၁ပတ် ၁ ပြား သောက်ရတယ်။ဥမာန­Orme­loxifene ဆေးကို Dysfunctional uterine bleeding ရာသီဆင်းမမှန်တာ၊ များတာနဲ့ Advanced breast cancer နောက်ကျနေတဲ့ ရင်သားကင်ဆာ အတွက်လည်းသုံးတယ်။ Mastalgia ရင်သားနာတာနဲ့ Fibroadenoma ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်အတွက်လည်း သုံးတတ်တယ်။

(၁၀) Contraceptive implant အရေပြားအောက် ထည့်ထားရတဲ့ ဆေးချောင်း

ဆံညှပ်အရွယ်၊ ကွေးနိုင် ဆန့်နိုင်တဲ့ ပြွန်ချောင်း ကလေးတခုဖြစ်တယ်။ လက်မောင်းအတွင်းဖက် အရေပြားအောက်မှာ ထုံဆေး-ပိုးသန့်ဆေးသုံးပြီး ထည့်ရတယ်။ Progestogen ဟော်မုန်းကို ၃ နှစ်ကြာ ထုတ်ပေးနေမယ်။ Implanon လို့လည်း ခေါ်တယ်။ ၉၉ ရာခိုင်နှုန်းမက ထိရောက်တယ်။ ကိုယ်အလေးချိန် များတွေသူတွေလည်း သုံးနိုင်တယ်။ ရာသီလာ အပြီး ၅ရက်မြောက်နေ့က စထည့်ထားရင် ချက်ချင်း ထိရောက်တယ်။ နို့ထွက်မနည်းစေဘူး။ ရာသီမလာမီ လက္ခဏာတွေကို သက်သာစေတယ်။ ရာသီ မမှန်ဖြစ် တတ်တယ်။ ဝက်ခြံထွက်၊ ရင်သားတင်းတတ်တယ်။ ကိုယ်ဝန် ရှိနေရင်၊ အသည်းရောဂါ ရှိနေရင်၊ အခု ဒါမှမဟုတ် လွန်ခဲ့တဲ့ ၅ နှစ်က ရင်သားကင်ဆာရှိရင်၊ သွေးကြောကျဉ်းရောဂါရှိရင်၊(မိုင်ဂရင်း) အမူးရောဂါ ရှိရင် မသုံးသင့်။

– နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top