Healthy Life Ad
Life Style

ခင်ပွန်းသည်ပေးခဲ့တဲ့ HIV အမွေကိုပိုက်ပြီး သမီးနှစ်ဦးနဲ့အတူ စိတ်ဓာတ်မကျစတမ်းရပ်တည်နေတဲ့ မနွယ်နီဦး

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အဲဒီတုန်းက ကျွန်မက ၁၀ တန်းကျောင်းသူပါ။ အစိုးရဝန်ထမ်းဖြစ်တဲ့ အဖေနဲ့အတူ မိသားစုလိုက် ကောလင်းဘက်ကို သွားရတာကြောင့် ရန်ကုန်ကနေ ပြောင်းရွှေ့လိုက်ပါသွားခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီနယ်က သတ္တုတွင်းရုံးမှာ ကားမောင်းတဲ့ ကိုအောင်မော်နဲ့ တွေ့ဆုံချစ်ကျွမ်းဝင်ရင်း အိမ်ထောင်ကျသွားခဲ့ပါတယ်။

အိမ်ထောင်ကျပြီး သမီးအကြီးမလေးကို အဲဒီနယ်မှာပဲ မွေးခဲ့တယ်။ တောနယ်ဆိုတော့ တိုက်နယ်ဆေးရုံလေးပဲရှိတာ။ ကလေးမွေးမယ်ဆိုရင် ဆရာဝန်က ဆေးစာရေးပေးတယ်။ ဆရာဝန်ရေးပေးတဲ့ ဆေးတွေကို မြို့တက်ဝယ်၊ ခြင်းတောင်းထဲထည့်ထားပြီး ဗိုက်နာရင် ဆရာဝန်ရယ်၊ ကိုယ်ရယ်၊ သူနာပြုဆရာမရယ်ပဲရှိတယ်။ သွေးစစ်တာ၊ ဘာညာလည်းမရှိဘူး။ ဗိုက်နာပြီဆိုတာနဲ့ ကိုယ်ဝယ်ထားတဲ့ဆေးနဲ့ သူတို့မွေးပေးလိုက်တာပဲ။ အဲဒီလိုနဲ့ အကြီးမကိုမွေးတယ်။ အကြီးမမွေးပြီး ခြောက်လလောက်ကြာတော့ ဘယ်ဘက်လက်တစ်ဖက်လုံးမှာ ရေယုန်တွေပေါက်တယ်။

ကျွန်မကလည်း ၁၀ တန်းအထိပဲ ကျောင်းတက်ခဲ့တာဆိုတော့ ဗဟုသုတမရှိဘူးလေ။ ကိုယ် ၇ တန်း လောက်တုန်းကတော့ HIV, AIDS ဇာတ်ကားတွေ ကြည့်ဖူးတယ်။ အဲဒီမှာ HIV ဖြစ်ရင် မြေအောက်ခန်းထဲမှာ ပိတ်လှောင်ထားပြီး သေမှပေးထွက်တော့ အဲဒီအိမ်မှာ သရဲကြီးရှိတယ်ဆိုတာမျိုးပဲ ကိုယ်ကကြည့်ဖူးတာလေ။ အခုလိုပညာပေးတာတွေလည်းမရှိဘူး၊ အဲဒီတော့ ဗဟုသုတလည်း မရှိခဲ့ပါဘူး။ ဒါနဲ့ ရေယုန်ပေါက်တာလည်း အပူပဲလို့ထင်တယ်။ တောဘက်ဆိုတော့ ဆေးမန်းလိုက်တယ်။ ဆေးမန်းလိုက်တာနဲ့ လက်တစ်ဖက်လုံးမှာဖြစ်တဲ့ ရေယုန်က ပျောက်သွားပါတယ်။

သမီးအကြီးမလေး အသက်တစ်နှစ်ပြည့်တဲ့နေ့မှာပဲ အဖေပင်စင်ယူတာနဲ့ ရန်ကုန်ကို မိသားစုလိုက် ပြောင်းရွှေ့လာခဲ့ကြတယ်။ အမျိုးသားကလည်း ဟိုမှာ အစိုးရဝန်ထမ်းဆိုတော့ ရန်ကုန်ပြောင်းလာတာနဲ့ လိုက်လာရင်း တစ်လလောက်ကြာတော့ အလုပ်ပြုတ်သွားပါတယ်။ သူလည်း ရန်ကုန်မှာပဲ ကြုံရာကျပန်းအလုပ်လုပ်တယ်။ လုပ်ရင်းလုပ်ရင်း အမျိုးသားက သင်္ဘောလိုက်သွားတယ်။ ရခိုင်ဘက်ပါသွားတော့ အဲဒီမှာနာမကျန်းဖြစ်ပြီး တော်တော်ကြီးပိန်လာတယ်။ အိမ်ပြန်လာပြီး အလုပ်လည်းမလုပ်နိုင်တော့ဘူး၊ အိပ်ရာထဲလဲတော့တာပဲ။ အဲဒီအချိန်မှာ ကိုယ်က အငယ်မ ကိုယ်ဝန်ထပ်ရှိသွားပြန်ရော။ အငယ်မလေး မွေးခါနီးကျတော့ တိုက်နယ်ဆေးရုံမှာ ပြတဲ့အခါ လင်မယားနှစ်ယောက်လုံး သွေးစစ်ရမယ်လို့ဆိုတယ်။ ဒါနဲ့စစ်လိုက်တာ နှစ်ယောက်စလုံး HIV Positive ဖြစ်နေတယ်။

ဒါပေမဲ့ ဆေးရုံအုပ်က ကျွန်မမှာ သွေးတိုးရှိနေပြီး ကိုယ်ဝန်အရင့်အမာနဲ့ဆိုတော့ မပြောဘူး။ အိမ်က လူကြီးတစ်ယောက်ယောက် ခေါ်ခဲ့ပါဆိုတော့ အလုပ်တွေ ကိုယ်စီနဲ့မို့ ဘယ်သူမှမလိုက်နိုင်ကြဘူး။ လင်မယားနှစ်ယောက်ပဲသွားတော့ အမျိုးသားကလည်း တော်တော်လေးကို အခြေအနေဆိုးနေပြီ။ သူ့ကိုတီဘီစစ်လိုက်တော့ တီဘီပါရှိနေပြန်ရော။ တီဘီရှိကြောင်း အဖြေစာရွက်နဲ့အတူ ဆေးစာအုပ်ပေးပြီး လှိုင်သာယာဆေးခန်းကိုလွှတ်တယ်။ အဲဒီဆေးခန်းက ဒီရောဂါပိုးတွေကို ကုပေးတယ်၊ ရိက္ခာလည်းပေးတယ်ဆိုတာနဲ့ မြောက်ဒဂုံကနေ လှိုင်သာယာကို ကိုယ်ဝန်ခုနစ်လနဲ့ ဘတ်စ်ကားစီးပြီး သွားခဲ့ရတယ်။ ကျွန်မက ဗိုက်ကြီးသည်ဆိုတော့ ဘတ်စ်ကားပေါ်မှာ နေရာဖယ်ပေးပေမယ့် အမျိုးသားကို ဘယ်သူမှဖယ်မပေးကြဘူး။ အမျိုးသားကပိန်ပြီး ချည့်နဲ့နေတော့ ပင်ပန်းတဲ့အပြင် ဆေးရုံရောက်တော့ ဒီနေ့အစည်းအဝေးရှိလို့ပိတ်တယ်၊ တနင်္လာနေ့မှလာခဲ့လို့ ဆိုပြန်တယ်။ တနင်္လာနေ့ ဆေးခန်းသွားမယ်ဆိုတော့ အမျိုးသားက အိမ်ရှေ့မှာငိုနေရော။

သူကတော့ HIV ရှိမှန်းသိနေတော့ အားငယ်စိတ်ပါဝင်ပြီး ငိုနေတာလေ။ ကျွန်မက မသိဘူး။ ဒါနဲ့ လှိုင်သာယာကို မသွားတော့ဘဲ အနီးအနားက ဆေးရုံသွားလိုက်တော့ တီဘီဆေးပေးတယ်။ တကယ်တော့ သူက HIV အဆင့်မကတော့ဘဲ AIDS အထိ ဖြစ်နေတာ။ ပါးစပ်ထဲမှာတင်မက အူလမ်းကြောင်းတစ်လျှောက်ပါ မှက္ခရုတွေ ပေါက်နေတာ။ တီဘီဆေးတစ်လုံး၊ တစ်လုံးမျိုချရင် မျက်ရည်ပေါက် ပေါက်ပေါက်ပေါက်ကျတယ်။ ရေတောင် မမျိုနိုင်တော့ဘူး။ ကျွန်မကွယ်ရာမှာ တီဘီဆေးတွေကိုလွှင့်ပစ်နေတာ။ အဲဒီလိုနဲ့ ကိုယ်က အငယ်မလေးမွေးရော။ ကိုယ့်မှာ ပိုးရှိမှန်းလည်း မသိတော့ အိမ်ရှေ့အိမ်မှာပဲ လက်သည်နဲ့ မွေးလိုက်တာ။

ကျွန်မက ကလေးမွေးထားတော့ ယောကျာ်းကိုလည်း မပြုစုနိုင်တော့ဘူး။ အမျိုးသားသတင်းကြားတော့ အမျိုးသားရဲ့ အမေရယ်၊ ဦးလေးရယ်၊ ကြီးတော်ရယ် အိမ်ကိုရောက်လာတယ်။ အဲဒီမှာ အစ်ကိုက ဆေးရုံမှာစစ်ထားတဲ့ ဆေးစာအုပ်တွေယူပြီး တခြားဆေးခန်းတစ်ခုမှာ သွားပြလိုက်တော့ ကျွန်မတို့ လင်မယားနှစ်ယောက်စလုံးမှာ HIV ပိုးရှိနေတယ်ဆိုတာသိသွားပါတယ်။ အဲဒီလိုလည်းသိရော ယောက္ခမက ငိုတယ်။ ကြီးတော်နဲ့ ဦးလေးက ချက်ချင်းပြန်ဖို့ အစီအစဉ်ဆွဲပြီး ပြန်သွားတယ်။ ဒီလိုနဲ့ အငယ်မလေးနှစ်လလောက်နေတော့ အမျိုးသားက သူ့ဇာတိရွှေဘိုကို သွားချင်တယ်ဆိုတာနဲ့ အစ်ကိုက လိုက်ပို့ပေးလိုက်တယ်။ တီဘီဆေးထုတ်ပြီး သောက်လို့ရအောင် ဆေးစာအုပ်တွေပါ ထည့်ပေးလိုက်ပေမယ့် ဟိုရောက်တော့ တီဘီဆေးမသောက်ဘဲ ဆေးမြီးတိုတွေသောက်နေတယ်လို့ ဖုန်းဆက်တယ်။ နောက်နှစ်လလောက်နေတော့ ဆုံးသွားပြီလို့ သတင်းရတာပါပဲ။

ဒီလိုနဲ့ ကျွန်မယောင်းမက သန္ဓေတားဆေး အခမဲ့ထိုးပေးတဲ့ဆေးခန်းမှာ HIV အခမဲ့ကုပေးမှန်းသိတာနဲ့ ကိုယ့်ကိုညာခေါ်ပြီး ဆေးခန်းရောက်တော့ သွေးစစ်ကြည့်ပါလားလို့ပြောတယ်။ ကျွန်မစစ်ကြည့်လိုက်တော့ HIV ပိုး ရှိနေတယ်ဆိုတာ ချက်ချင်းပဲအဖြေရတယ်။

အဲဒီအချိန်မှာလူက အရူးကြီးလိုဖြစ်သွားတာ။ သမီးလေးနှစ်ယောက်နဲ့ ဘာဆက်လုပ်မလဲလို့မေးတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်ပဲပြောတာ။ ကလေးနှစ်ယောက်နဲ့ မဖြစ်ဘူးဆိုပြီး ဆေးခန်းက နှစ်သိမ့်အားပေးတယ်။ နောက်နေ့မှာ CD4 စစ်တဲ့ အဖြေစာရွက်ပေးတော့ ၁၂၅ တဲ့။ တော်တော်အားနည်းနေပြီ။ ဒါနဲ့နှစ်သိမ့်ဆွေးနွေးပညာပေးပြီး ART ဆေးတိုက်တယ်။ အဲဒီကိုသွားရင် လမ်းစရိတ်လိုတော့ ရှိသမျှ ထဘီလေးတွေပေါင်ပြီး သွားခဲ့ရတယ်။

အငယ်မလေး ခြောက်လအရွယ်မှာ စစ်လိုက်တော့လည်း HIV ပိုးရှိနေပြန်တယ်။ ‘ကဲ . . သားအမိသုံးယောက်ရှိတာ၊ နှစ်ယောက်မှာပိုးရှိပြီး တစ်ယောက်မှာ မရှိပြန်ရင်လည်း ခွဲခြားနေရဦးမယ်။ အခုတော့ သုံးယောက်လုံးရှိတယ်ဆိုတော့လည်းရှိပေါ့’ဆိုပြီး ဘဝကို ရုန်းကန်နေထိုင်ဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။

ဒီလိုနဲ့ သုံးနှစ်ရှိပြီဖြစ်တဲ့ အကြီးမလေးကို စစ်လိုက်တော့ HIV ပိုးရှိနေတယ်။ ရင်ထဲမှာ တကယ်မကောင်းဘူး။ ညညဆို သမီးနှစ်ယောက်ကို တစ်ဖက်တစ်ချက်စီထားပြီး ကြည့်ရင်း ဒီကလေးတွေနဲ့ကိုယ့်ဘဝ ဘယ်လိုရှေ့ဆက်ရပါ့မလဲဆိုပြီး ငိုခဲ့ရတယ်။ အငယ်မလေး ခြောက်လအရွယ်မှာ စစ်လိုက်တော့လည်း HIV ပိုး ရှိနေပြန်တယ်။

“ကဲ . .သားအမိသုံးယောက်ရှိတာ၊ နှစ်ယောက်မှာပိုးရှိပြီး တစ်ယောက်မှာ မရှိပြန်ရင်လည်း ခွဲခြားနေရဦးမယ်။ အခုတော့ သုံးယောက်လုံးရှိတယ်ဆိုတော့လည်းရှိပေါ့”ဆိုပြီး ဘဝကို ရုန်းကန်နေထိုင်ဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။ အခုဆိုရင် အကြီးမက ၁၀ တန်း၊ အငယ်မက ၆ တန်းဆိုတော့ အမျိုးသားဆုံးတာ ၁၃ နှစ်လောက်ရှိသွားပြီ။ အားလုံးကျန်းကျန်းမာမာပဲ။ ကျွန်မကတော့ ဆေးသောက်တုန်းက ဘာမှမဖြစ်ခဲ့ပေမယ့် အရင်ကဆေးထုတ်တဲ့အခါ ကလေးနှစ်ယောက်လုံးခေါ်သွားရတော့ နည်းနည်းအခက်အခဲရှိခဲ့တယ်။ AZT ဆေးကို သောက်နေရင်း အခုဆိုရင် CD4 ကလည်း တစ်ထောင်ကျော်တယ်။ ကိုယ်အလေးချိန်ကလည်း ပုံမှန်ပဲ။

အကြီးမလေးဆိုရင် ပြီးခဲ့တဲ့ နှစ်ကမှ ဆေးစသောက်ရတယ်။ အငယ်မလေးကတော့ CD4 တစ်ထောင်ကျော်ရှိပေမယ့် ဆေးဒဏ်ကို ခံနိုင်ရည်အားရှိတယ်ဆိုပြီး ဆရာဝန်တွေက ဆေးတိုက်မယ်လို့ဆိုတယ်။ အကြီးမတုန်းက ဆေးဒဏ်မခံနိုင်တော့ ညဘက်ဆေးသောက်ပြီး မနက်ကျရင် ကျောင်းမှာအန်တယ်၊ အဲဒီအခါ သူငယ်ချင်းတွေက ကိုယ်ဝန်များရှိလို့လားဆိုတဲ့ သဘောမျိုးကြည့်ကြတယ်။ သူတို့အကြည့်က တစ်မျိုးပဲဆိုပြီး သမီးက ဆေးမသောက်ဘူး။ နောက်ပိုင်းကျတော့ သေချာချော့မော့ပြောပြီး တိုက်ရတယ်။

သမီးကြီးကတော့ “သူ ၁၀တန်းအောင်ရင် ဆရာဝန်လိုင်းရရင်ရ၊ မရရင်လည်း ဒီလိုဆေးရုံတွေမှာ သူအလုပ်လုပ်မယ်။ ပြန်ပြီး သူ့လိုဘဝတူကလေးတွေကို သူကုပေးမယ်၊ ပြန်ပြီးပြုစုပေးမယ်”လို့ဆိုတယ်။ အငယ်လေးကတော့ ငယ်သေးတော့ ဘာဖြစ်ချင်မှန်း မသိသေးဘူးပေါ့။

ကျွန်မလေ . . အခုအခါမှာ ကျွန်မရဲ့ အဖြစ်ချင်ဆုံးဆန္ဒကတော့ လူတွေက ဟိုတစ်ယောက်က ဒီလိုပြော၊ ဒီတစ်ယောက်က ဒီလိုပြောနဲ့ HIV ပိုးကို အမြစ်ပြတ်ကုနိုင်တဲ့ ဆေးပေါ်နေပြီဆိုတာမျိုး ကြားရတဲ့အခါ တကယ်လို့ အဲဒီဆေးသာ တကယ်ပေါ်ခဲ့ရင် ကျွန်မကိုမထိုးပေးပါနဲ့။ ကျွန်မကလေးနှစ်ယောက်ကို ထိုးပေးချင်တာပါပဲ။ သူတို့လေးတွေကို HIV ပိုး ပျောက်ကင်းစေချင်တာ ကျွန်မရဲ့ အဖြစ်ချင်ဆုံးဆန္ဒပါပဲ။ သူတို့ရှေ့လျှောက်ရဦးမယ့် ဘဝခရီးလမ်းက အရှည်ကြီးဆိုတော့ အဆင်ပြေချောမွေ့စေချင်တာ ကျွန်မဆန္ဒပါ။

တကယ်တော့ ဘဝမှာရပ်တည်နိုင်ဖို့ စိတ်ဓာတ်ကအရေးကြီးဆုံးပဲ။ အဖေကအမြဲပြောတယ်။ ‘ငါ့သမီးက စိတ်ဓာတ်မာတယ်’ဆိုပြီး. .ဟုတ်ပါတယ်။ တော်ရုံတန်ရုံမိန်းမဆိုရင် လင်ယောကျာ်းဆုံးပြီး ကျန်ခဲ့တဲ့ ကလေးနှစ်ယောက်ကလည်း ပုစုခရုလေးတွေ၊ HIV ပိုးကလည်း သူတင်မက သမီးနှစ်ယောက်လုံးမှာရှိနေတာ။ ပြင်ပတင်မက အိမ်တွင်းပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်တွေကလည်းအများကြီး။ ဒီဒဏ်တွေကို ခံရတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် ခွန်အားစိုက်ထုတ်ပြီး အားပေးဖို့က အရေးကြီးဆုံးပဲ။ သူများတွေက အစားအသောက် မှန်မှန်စား၊ ဆေးမှန်မှန်သောက်၊ ကျန်းမာရေးဂရုစိုက် စသဖြင့် ဘယ်လိုပဲပြောပြော ကိုယ်စားမှဖြစ်တာ၊ ကိုယ်ဆေးသောက်မှဝင်တာ . . ဒီတော့ ကိုယ့်ကိုယ်ကိုယ် ခွန်အားပေးဖို့က အရေးကြီးဆုံးပါပဲ။ ‘ငါဆေးကို ပုံမှန်သောက်ရမယ်၊ ငါကျန်းမာမှဖြစ်မယ်၊ ငါ့သမီးလေးတွေအတွက် ငါအသက်ရှင်မှဖြစ်မယ်’ ဒီလိုစိတ်တွေနဲ့ ခွန်အားပေးခဲ့ရတယ်။ ကြုံရာကျပန်းအလုပ်တွေ လုပ်ကိုင်ရင်း ဘဝကိုရှင်သန်ခဲ့ရတယ်။

တခြား ဘဝတူ HIV ပိုးရှိသူတွေကိုမှာချင်တာက စိတ်ဓာတ်မာမာထားပါ၊ စိတ်ဓာတ်မပျော့သွားပါစေနဲ့။ စိတ်ဓာတ် မယိုင်ပါစေနဲ့။ ဒီပိုးရှိတာနဲ့ သေမှာလည်းမဟုတ်ပါဘူး။ HIV ပိုးဆိုတာ ထိန်းချုပ်လို့ရပါတယ်။ ဆေးကို ပုံမှန်သောက်နေရင် သက်တမ်းစေ့နေနိုင်ပါတယ်။ လူတန်းစေ့ သွားလာလှုပ်ရှားနိုင်ပါတယ်။ အမြစ်ပြတ်ကုလို့ မပျောက်သေးပေမယ့် ဆေးကုပြီးထိန်းချုပ်လို့ရတယ်။ ဒါကြောင့် ဒီရောဂါပိုးရှိတိုင်း သေတာမဟုတ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မြှင့်တင်ပြီးနေပါ . . .

တခြားဘဝတူ HIV ပိုးရှိသူတွေကို မှာချင်တာက စိတ်ဓာတ်မာမာထားပါ၊ စိတ်ဓာတ်မပျော့သွားပါစေနဲ့။ စိတ်ဓာတ်မယိုင်ပါစေနဲ့။ ဒီပိုးရှိတာနဲ့ သေမှာလည်းမဟုတ်ပါဘူး။ HIV ပိုးဆိုတာ ထိန်းချုပ်လို့ရပါတယ်။ ဆေးကိုပုံမှန်သောက်နေရင် သက်တမ်းစေ့နေနိုင်ပါတယ်။ လူတန်းစေ့သွားလာလှုပ်ရှားနိုင်ပါတယ်။ အမြစ်ပြတ်ကုလို့ မပျောက်သေးပေမယ့် ဆေးကုပြီး ထိန်းချုပ်လို့ရတယ်။ ဒါကြောင့် ဒီရောဂါပိုးရှိတိုင်း သေတာမဟုတ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မြှင့်တင်ပြီးနေပါလို့ အကြံပြုလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top