Healthy Life Ad
Q & A

အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးအကြောင်း လူအများသိလိုသည့် မေးခွန်းများ (၁)

ဒေါက်တာဒေါ်ခင်ပြုံးကြည် ၊ အသည်းဖောင်ဒေးရှင်းဥက္ကဌ နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး.ဘီပိုး၊ စီပိုးရှိသူနဲ့ တစ်အိမ်တည်း အတူနေရုံနဲ့ ပိုးကူးနိုင်ပါသလားရှင့်။ ပိုးမကူးအောင် ဘယ်လို ကာကွယ်နေထိုင်ရမလဲ။

ဖြေ.ဘီပိုးနဲ့ စီပိုးက အဓိက သွေးနဲ့ ကိုယ်တွင်းအရည်က ကူးတာဖြစ်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက်သွေးနဲ့ ကိုယ်တွင်းအရည် မစပ်ယှက်ရင် မကူးပါဘူး။ အကူးနိုင်ဆုံးက အိမ်ထောင်ဖက်ဖြစ်ပြီး ပိုးရှိတဲ့ အမျိုးသားသုက်ပိုး ဒါမှမဟုတ် ပိုးရှိတဲ့ အမျိုးသမီး မိန်းမကိုယ်အရည်(Vaginal Secretion) ကနေကူးနိုင်ပါတယ်။

သွားတိုက်တံဆိုရင် အရောင်ဆင်တူ သုံးတဲ့ အခါမှားပြီး မသုံးမိဖို့လိုတယ်။ ပိုးရှိတဲ့သူ သွားတိုက်လို့ သွားဖုံးသွေးထွက်တဲ့အခါ ပိုးက သွားတိုက်တံ အမျှင်မှာ ကပ်ငြိပြီးတော့ အခန်းအပူချိန်မှာ တော်တော်နဲ့မသေဘူး။ အဲဒီအချိန်မှာ နောက်တစ်ယောက်က သွားတိုက်တံကိုမှားပြီး တိုက်လိုက်လို့ သွားဖုံးပွန်းနေတာပဲ ဖြစ်ဖြစ်ရှိရင် ကူးနိုင်ပါတယ်။

ပိုးကောင်ရေ တကယ်များရင် သွေးတစ်စက်မှာ ပိုးကောင်ရေ သန်းနဲ့ချီပြီး ရှိတတ်ပါတယ်။

နောက်တစ်ခုက မုတ်ဆိတ်ရိတ်ဓား၊ ခေါင်းရိတ်တဲ့ ဓား၊ ချိုင်းမွှေးရိတ်တဲ့ ဓား စတာတွေကို အတူတူမသုံးတာ ကောင်းပါတယ်။ ပိုးရှိသူ သုံး လိုက်လို့ အရေပြားနည်းနည်းရှပြီး သွေးစို့နေရင် နောက်တစ်ယောက်က တစ်ခါပြန်သုံးလိုက်တဲ့အခါ ကူးနိုင်ပါတယ်။ ပြီးတော့ လက်သည်းညှပ်၊ သွားကြားထိုးတံစတာတွေကို အတူတူမသုံးတာ ကောင်းပါတယ်။

အရင်တုန်းက အမေတွေက ကလေးတွေကို ထမင်းဝါးပြီး ခွံ့ကျွေးတာတို့ လုပ်တတ်တယ်။ ဒါကိုလည်းမလုပ်သင့်ပါဘူး။ ဒါတွေသာ ရှောင်ရင်အတူတူ ထမင်းစားတာ၊ တစ်အိမ်တည်း အတူနေတာတို့ လုပ်ရုံနဲ့မကူးနိုင်ပါဘူး။ ကြမ်းပိုးတွေ ကိုက်ရင် ကူးလားလို့အရင်က သံသယဖြစ်ခဲ့ပေမယ့် မကူးပါဘူး။
ပိုးရှိတဲ့ လူရဲ့သွေးက နောက်တစ်ယောက် ကိုယ်ထဲဝင်သွားမှ ကူးနိုင်တာပါ။ သွား၊ သွားဖုံးက သွေးထွက်ထားတာရှိမှ နမ်းရှုံ့တဲ့အခါမျိုးမှာ ကူး နိုင်တာပါ။ ပိုးရှိတဲ့သူနဲ့အတူ ထမင်းစားရုံ၊ ဖက်ရုံ၊ လက်တွဲရုံ၊ ရိုးရိုးနမ်းရုံနဲ့ မကူးပါဘူး။

မေး. ဘီပိုး ကာကွယ်ဆေးသုံးကြိမ်ထိုးပြီးပါပြီ။ ငါး နှစ်ပြည့်ရင် Booster ထပ်ထိုးရတယ်ဆိုလို့၊ အဲဒါ ဆေးပြန်စစ်ဖို့ လိုပါသေးသလား။ ဒီအတိုင်း ထိုး လိုက်လို့ ရပါသလား။

ဖြေ. ကာကွယ်ဆေးသုံးလုံး စထိုးထားတဲ့အချိန်တုန်း က သွေးစစ်ထားတယ်၊ ဘီပိုးမရှိဘူးလို့ အဖြေထွက် ထားတယ်ဆိုရင် ငါးနှစ်ပြည့်လို့ ထပ်ထိုးချိန်မှာ ဆေးစစ်စရာ မလိုတော့ပါဘူး။ တချို့ကျတော့ ဘီ ပိုး ရှိ၊ မရှိ မစစ်ရဲလို့ မစစ်ဘဲ ကာကွယ်ဆေးကိုပဲ သုံးကြိမ်ပြည့်အောင် ထိုးလိုက်တာရှိတယ်။ ဒီလိုလူ တွေကျတော့ စိတ်မချရဘူး။ ပြန်စစ်ဖို့လိုပါတယ်။ အကောင်းဆုံးက ဘီပိုးကာကွယ်ဆေး သုံးကြိမ်ထိုးပြီး နှစ်လအကြာမှာ ပဋိပစ္စည်း (Antibodies) ထွက်၊ မထွက် ပြန်စစ်လိုက်ရင် အကောင်းဆုံးပါပဲ။ ၁၀ ကျော်ရင် ကောင်းပါတယ်။ တချို့ဆို ၁၀ဝ၀ ကျော်တောင် ထွက်တယ်၊ ဒီလိုလူတွေက memory သိပ်ကောင်းတဲ့အတွက် ပြန်ထိုးစရာတောင် မလိုပါဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်အရ ဘီပိုးကာကွယ်ဆေး သုံးလုံးထိုးပြီး ငါးနှစ်ပြည့်ချိန်မှာ လူတိုင်း ထိုးစရာမလိုဘူးလို့ သိရပါတယ်။ ဘယ်လို လူတွေက Booster ထပ်ထိုးဖို့ လိုသလဲဆိုတော့ မိသားစုထဲမှာ ဘီပိုးရှိသူတစ်ဦးရှိရင် ငါးနှစ်တစ်ခါ ပြန်ထိုးသင့်တယ်၊ ပြီးတော့ ဘီပိုးလူနာတွေ၊ သွေးတွေနဲ့ ထိတွေ့နေရတဲ့ ဆရာဝန်၊ သူနာပြု စတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ သွေးမကြာခဏ သွင်းနေရတဲ့ သွေး ရောဂါသည်တွေ၊ ကျောက်ကပ်မကောင်းလို့ သွေးပြန်ပြီး သန့်စင်နေရတဲ့သူတွေ (Kidney Dialysis) ဒီလိုလူတွေကျတော့ ငါးနှစ်တစ်ကြိမ် ပြန်ထိုးသင့်ပါတယ်။

မေး.ဘီပိုးရှိပြီး ဆေးမကုနိုင်သေးတဲ့ အချိန်မှာ အသည်းခြောက်တာ၊ အသည်းကင်ဆာ မဖြစ်အောင် ဘယ်လို ကာကွယ်နေထိုင်သင့်ပါသလဲ။

ဖြေ. ဘီပိုးက ရှိတယ်၊ ဆေးမကုနိုင်သေးဘူးဆိုရင် အသည်းနဲ့ မတည့်တာတွေ လုံးဝရှောင်ရပါမယ်။ ဘီပိုးရှိပြီး ပိုဆိုးစေတဲ့ အရာတွေထဲမှာ အရေးကြီးဆုံးက အရက်ဖြစ်ပါတယ်။ အရက်၊ ဆေးလိပ်၊ ကွမ်း စတာ တွေကို ရှောင်ရပါမယ်။ ဆိုးဆေးပါတဲ့ အစားအစာ တွေ၊ မှိုပါတဲ့ ငရုတ်သီးအခြောက်တောင့်၊ မြေပဲ၊ နှမ်း စတာတွေကို ရှောင်ရပါမယ်။ အစပ်ကြိုက်ရင် အန္တရာယ်အကင်းဆုံးက ငရုတ်သီးအစိမ်းတောင့်ကို စားပေးသင့်ပါတယ်။

ဘီပိုးမဖြစ်အောင် ကာကွယ်ဆေး ထိုးထားတာက အကောင်းဆုံးပါပဲ။ ဘီပိုး ပိုးကောင်ရေ စစ်ကြည့်လိုက်လို့ နည်းနေရင် ဆေးသောက်စရာ မလိုသေးဘူး။ ပိုးကောင်ရေစစ်ကြည့်လိုက်လို့ အရမ်းများနေရင် သိန်းနဲ့သန်းနဲ့ ချီနေရင် ပိုးသတ် ဆေးသောက်သင့်ပါတယ်။ အထူးသဖြင့် မိခင်ဆီ ကကူးပြီး မွေးကင်းစ ကတည်းက ဘီပိုးပါလာရင် ပိုပြီး ကုစေချင်ပါတယ်။

တကယ်လို့ ပိုးရှိနေပြီဆိုရင် သောက်ဆေးက အရင်ထက်စာရင် အများကြီး ဈေးသက်သာလာပါ ပြီ။ Tenofovir တဲ့ဆေးက တစ်လမှ နှစ် သောင်း-နှစ်သောင်းခွဲဝန်းကျင်လောက်ပဲ ကျတော့တယ်။ တချို့ဆို ဒီဆေးသောက်လိုက်လို့ ၂လ-၃လလောက်နေရင် ပိုးကောင်ရေက သုည ဖြစ်သွားတာ။ သုညမဖြစ်တဲ့သူတောင်မှ ရာဂဏန်း လောက်ပဲ ကျန်တော့တာ။ ဒီလိုဆိုရင် သူများကိုလည်း ဘီပိုးမကူးတော့သလို သူကိုယ်တိုင်လည်း နာတာရှည် အသည်းရောင်ရောဂါ၊ အသည်းခြောက်တာ၊ အသည်းကင်ဆာတို့ ဖြစ်နှုန်း သိပ်နည်းသွားပါတယ်။ ဒါပေမဲ့ Tenofovir ပိုးသတ်ဆေးကို ကိုယ့်သဘောနဲ့ကိုယ် ဆေးသောက်တာ လုံးဝ ရပ်မပစ် သင့်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ပြန်လည် စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။

(ဘီပိုး၊ စီပိုး မေးခွန်းနှင့် အဖြေများကို ဆက်လက် ဖော်ပြပေးပါမည်။)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top