Healthy Life Ad
Health Tips

အသည်းရောင်အသားဝါ စီပိုးရှိသူနှင့် အတူနေထိုင်ခြင်း

ကိုယ့်အိမ်သားတစ်ဦးဦး ဒါမှမဟုတ် ကိုယ့်အိမ်ထောင်ဖက်မှာ အသည်းရောင်အသားဝါစီပိုးရှိပြီဆိုရင် ကိုယ်အပါအဝင် အိမ်သူအိမ်သားတွေမှာ မကူးစက်အောင် ဘယ်လိုနေထိုင်သင့်သလဲဆိုတာသိဖို့ အရေးကြီးပါတယ်။

စီပိုးအတွက် ကာကွယ်ဆေးမရှိပါ

အသည်းရောင်အသားဝါ ဘီပိုးကသာ ကာကွယ်ဆေးရှိပြီး စီပိုးက ကာကွယ်ဆေးမရှိသေးပါ။

စီပိုးကူးစက်နိုင်သည့် နည်းလမ်းများ

(၁) စီပိုးရှိ/ မရှိ သွေးမစစ်ဘဲ သွေးသွင်းခြင်း၊

(၂) စီပိုးရှိသူရဲ ့သွေးနဲ့ သွေးချင်းထိမိခြင်း၊

(၃) ဆေးထိုးအပ်ကို တစ်ခါသုံးအပ်မသုံးခြင်း/ သီးခြားမသုံးခြင်း၊

(၄) စီပိုးရှိသူနဲ့ နားကပ်ချင်းလဲဝတ်ခြင်း၊ မုတ်ဆိတ်ရိတ်ဓား၊ သွားတိုက်တံ၊ လက်သည်းညှပ်တွဲသုံးခြင်း၊

(၅) တက်တူးထိုးရာမှာ သန့်ရှင်းတဲ့ အပ်မသုံးခြင်း၊

(၆) လိင်ဆက်ဆံရာကနေ မကူးစက်ပါဘူးလို့ မပြောနိုင်ပေမယ့် ဖြစ်နိုင်ခြေကမများပါ။ လိင်ဆက်ဆံမှုကနေ ကူးစက်နှုန်းက HIV နဲ့ ဘီပိုးလောက်မများပါဘူး။

(၇) မူးယစ်ဆေးကို အကြောကနေ ထိုးသွင်းရာမှာ တစ်ခါသုံးအပ် မသုံးခြင်းကြောင့်လည်း စီပိုးကူးစက်တတ်ပါတယ်။ အများအားဖြင့် သွေးနဲ့ထိတွေ့လို့ ကူးစက်တာပါ။

တစ်အိမ်တည်းနေသူတို့ မကူးစက်နိုင်သည့် နေထိုင်မှုပုံစံများ

• စီပိုးရှိသူနဲ့ လက်တွဲလျှောက်တာ၊ နှာချေ၊ ချောင်းဆိုး၊ တအိမ်တည်း အတူနေတာကြောင့်လည်း မကူးပါ။

• စီပိုးရှိနေသူက ချက်ပြုတ်ကျွေးတာကို စားမိလို့ မကူးပါ။

• စီပိုးရှိသူရဲ့ ချွေး၊ သွားရည်၊ မျက်ရည်တွေကနေ မကူးပါ။

• အိုး၊ ခွက်၊ ပန်းကန်၊ ဇွန်း၊ ဖန်ခွက် အတူသုံးလို့ မကူးပါ။

• ပွေ့ဖက်တာ၊ လက်ဆွဲနှုတ်ဆက်တာတွေကြောင့် မကူးပါ။

• နှုတ်ခမ်းမှာ သွေးထွက်မနေရင် အသာအယာ နှုတ်ခမ်းချင်းနမ်းတာကြောင့်လည်း မကူးပါ။

• ရေအတူသောက်လည်း မကူးပါ။

စီပိုးရှိရင် လက္ခဏာမပြတတ်ပါ

အသည်းရောင်အသားဝါ စီပိုးရှိတဲ့အခါမှာလည်း ဘီပိုးလိုပဲ အစောပိုင်းမှာ လက္ခဏာမပြတတ်ပါဘူး။ အကြောင်းကြောင်းကြောင့် သွေးစစ်လို့ စီပိုးတွေ့ရင်တောင် ၇၀-၈၀ ရာခိုင်နှုန်းမှာ ဘာမှမခံစားရသလို ဖြစ်တတ်ပါတယ်။ အသားဝါတာ၊ မျက်လုံးဝါတာ၊ ကိုယ်ပူတာ၊ အားယုတ်တာ၊ အစားအသောက်ပျက်တာ၊ ပျို့ချင်/ အန်ချင်ဖြစ်တာ၊ ဗိုက်နာတာ၊ ဆီးအရောင်ရင့်တာ၊ ဝမ်းအရောင်ဖျော့တာ၊ အဆစ်နာတာ စတာတွေဖြစ်ပြီးမှ ဆေးရုံရောက်တာများပါတယ်။

စီပိုးဝင်ပြီး နာတာရှည် အသည်းရောင်ရောဂါ ဖြစ်လာရင်တောင် ရောဂါလက္ခဏာတွေက တချို့လူတွေမှာပဲ ရှိတတ်ပါတယ်။ နာတာရှည်အသည်းရောင်ပြီဆိုရင် ကုသမှုမခံယူတာနဲ့ အသည်းခြောက်တာ၊ အသည်းကင်ဆာတွေ ဆက်လက်ဖြစ်လာနိုင်ပါတယ်။

စီပိုးရှိရင် ကုသမှုခံယူပါ

အသည်းရောင်အသားဝါစီပိုးရှိရင် ဆေးကုသမှု ခံယူလိုက်ပါ။ ၁၀ဝ ရာခိုင်နှုန်း ကုသပျောက်ကင်းပါတယ်။ အခုနောက်ပိုင်းပေါ်လာတဲ့ ဆေးတွေက ဘေးထွက်ဆိုးကျိုးနည်းနည်းနဲ့ စီပိုးပျောက်အောင် ကုနိုင်တဲ့ ခေတ်မီဆေးဝါးတွေဖြစ်ပါတယ်။ ဒါက သတင်းကောင်းပါ။ အသည်းအခြေအနေပေါ်မူတည်ပြီး သုံးလ ဒါမှမဟုတ် ခြောက်လ ဆေးသောက်ရုံနဲ့ ပျောက်ကင်းပါတယ်။

အသက် ၈၀ ကျော်အရွယ်တွေကော စီပိုးကုဆေးသောက်လို့ရသလား

ဟိုးအရင်က အင်တာဖရွန်ထိုးဆေးနဲ့ ကုရတော့ အသက်ကြီးတဲ့သူတွေက ခံနိုင်ရည်မရှိကြပါဘူး။ အခုနောက်ပိုင်း ပေါ်လာတဲ့စီပိုးကုဆေးတွေက အသက်ကြီးတဲ့သူတွေ စီပိုးရှိရင် သောက်လို့ရပါတယ်။ ဘာပဲပြောပြော လူတစ်ယောက်က အသက် ၈၀ အထိ နေရမလား၊ အသက် ၉၀ အထိ နေရမလားဆိုတာ မသိနိုင်တဲ့အတွက် လိုအပ်လို့ ဆရာဝန်က ညွှန်ကြားရင် ဆေးသောက်သင့်ပါတယ်။ ဒါမှ နောက်ဆက်တွဲ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာမဖြစ်အောင် ကာကွယ်နိုင်မှာပါ။

Most Popular

Healthy Life Ad
To Top