Healthy Life Ad
Health Tips

ကမ္ဘာတစ်ဝန်းမှ မျက်စိအထူးကု ဆရာဝန်များသတိပေးလေ့ရှိသည့် မျက်စိကျန်းမာရေးဆိုင်ရာ အကြံပြုချက် ၁၀ ရပ်

ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မျက်စိကျန်းမာရေးအတွက် ကမ္ဘာတစ်ဝန်းက မျက်စိအထူးကု ဆရာဝန်ကြီးတွေက လမ်းညွှန်ချက်တွေ ပေးထားကြပါတယ်။ တချို့လမ်းညွှန်ချက်တွေကို သင်ကြားဖူးနေနိုင်ပေမယ့် မျက်စိ ဆရာဝန်တိုင်းကတော့ လူတိုင်းကို ဒီလိုသတိပေးနေဖို့ အချိန်မရှိပါဘူး။ ဒါကြောင့် သင့်အနေနဲ့ အောက်ပါ သတိပေးချက်တွေကို ဖတ်ကြည့်သင့်ပါတယ်။

(၁) “သင့်မျက်မှန်တွေ သန့်ရှင်းကြည်လင်သွားအောင် ဘယ်တော့မှတစ်ရှူး ဒါမှမဟုတ် အိမ်သာ သုံးစက္ကူကိုမသုံးပါနဲ့။ စက္ကူတွေက သစ်သားနဲ့ ပြုလုပ်ထားတာဖြစ်လို့ မျက်မှန်သားတွေကို ခြစ်ရာ ထင်စေပါတယ်။ မျက်မှန်ဘူးထဲမှာပါတဲ့ ပိုးသား ပဝါကို သုံးချင်သုံးပါ ဒါမှမဟုတ် ပိုးသားလေးလို ချောမွေ့နေတဲ့ နက်ခတိုင်ကိုသုံးပါ”

(၂) “အလင်းလှိုင်းဖြာထွက်မှုကို ထိန်းထားတဲ့ နေကာ မျက်မှန် (Polarized sunglasses)ဟာ မျက်စိကျိန်းတာကို သက်သာစေတဲ့ အကောင်းဆုံး မျက်မှန်ပါ။ ဒါပေမဲ့ အဲဒီမျက်မှန်ဟာ ဟန်းဖုန်းပေါ် LCD စကရင်ကို ပီပီသသမြင်နိုင်ဖို့ ခက်ခဲပါတယ်။”

(၃) “လူအများစုက ခရမ်းလွန်ရောင်ခြည် (UV rays)တွေဟာ အရေပြားကိုသာ ထိခိုက်စေနိုင်တယ်လို့ သိထားကြပါတယ်။ တကယ်တမ်းက မျက်စိ အတွက်လည်း မကောင်းပါဘူး။ ဒါကြောင့် နေပူထဲ ထွက်တဲ့အခါမှာ နေကာမျက်မှန်တပ်ဖို့ သတိပေးရတာဖြစ်ပါတယ်။ ကြီးမားတဲ့ နေက မျက်မှန်တွေကို တပ်ရင် အထက်နဲ့အောက်ကလာတဲ့ နေရောင်တွေ ကို လုံလုံလောက်လောက် ကာကွယ်ထားနိုင်ပါတယ်။ တကယ်လို့ သင်က မျက်ကပ်မှန်တပ်ဆင်သူဖြစ်ရင် ခရမ်းလွန်ရောင်ခြည်(UV)ကို ကာကွယ်နိုင်တဲ့ မျက်ကပ်မှန်ကို ဝတ်ဆင်ပါ”

(၄) “မုန်လာဥနီက မျက်စိအတွက် အကောင်းဆုံး အစာပါလို့ ဘိုးဘွားမိဘတွေက ဘယ်လောက်ပဲ ပြောခဲ့၊ ပြောခဲ့၊ တကယ်တော့ ဟင်းနုနယ်ရွက်၊ ရွက်လိပ်ဂေါ်ဖီထုပ်နဲ့ တခြားအစိမ်းရင့်ရောင်အရွက်တွေ က မျက်စိကျန်းမာရေးအတွက် အကောင်းဆုံးအစာ တွေ ဖြစ်ပါတယ်။”

(၅) “မျက်စဉ်းဆေးတွေကို ရေခဲသေတ္တာထ ဲထည့်ထားမယ်ဆိုရင် ဘယ်မျက်စဉ်းဆေး အမျိုးအစား မဆို မျက်စဉ်းခတ်တဲ့အခါမှာ ကျိန်းစပ်တာကို လျော့ပါးစေပါတယ်။”

(၆) “မျက်စိအတွင်းတိမ်ဖြစ်ရင် ချက်ချင်း မခွဲနိုင်သေးရင်တောင် အဆင်ပြေတဲ့အချိန်မှာ ခွဲစိတ်ကုသ သင့်ပါတယ်။ အတွင်းတိမ်ဟာ သင့်ကိုကြည့်ရတာ အဆင်မပြေတာကို ဖြစ်စေပြီး နောက်ပိုင်းမှာ အမြင် အာရုံကို ထိခိုက်စေနိုင်ပါတယ်။”

(၇) “အလင်းရောင်မှိန်မှိန်ထဲမှာ စာဖတ်တာက သင့်မျက်စိကို မထိခိုက်စေနိုင်ပါဘူး။ ဖြစ်လာနိုင် တာကတော့ ခေါင်းကိုက်တာပဲ ဖြစ်ပါတယ်။”

(၈) “သင်ဟာ မျက်ကပ်မှန်တပ်ဆင်သူဆိုရင် အိပ်ရာမဝင်ခင်မှာ မျက်ကပ်မှန်ကိုချွတ်ဖို့ မမေ့ပါနဲ့။ မျက်ကပ်မှန်တပ်ပြီးအိပ်ရင် ကူးစက်ပိုးဝင်နိုင်တဲ့ အခွင့်အလမ်းက ၁၀-၁၅ ဆလောက် ရှိပါတယ်။”

(၉) “မျက်စိဝေဒနာ အသစ် ခံစားရတဲ့အခါ အရင်တုန်းက ဆရာဝန်ညွှန်းဖူးတဲ့ မျက်စဉ်းဆေးအဟောင်း ကိုမသုံးသင့်ပါဘူး။ လွှင့်ပစ်လိုက်ပြီး မျက်စိဆရာဝန် နဲ့ ပြပြီးမှ ဆရာဝန်ညွှန်တဲ့ မျက်စဉ်းဆေးကိုခတ်ပါ”

(၁၀) “မျက်စိထဲကို ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါ ဘဲ စတီးရွိုက်မျက်စဉ်းဆေး မခတ်ပါနဲ့။ မျက်စိပျက်စီး ထိခိုက်တဲ့အထိ အန္တရာယ်ကြီးပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top