Healthy Life Ad
Life Style

ဂေါက်အဆစ်ရောင်ရောဂါ(၁) (Gouty Arthritis)

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံခြင်း)

Q. ဂေါက်အဆစ်ရောင်ရောဂါက ဘယ်သူတွေမှာ အဖြစ်များပါသလဲ ဆရာ။

A. ဂေါက်အဆစ်ရောင်ရောဂါဟာ အများအားဖြင့် အမျိုးသားတွေမှာ အဖြစ်များပါတယ်။ အမျိုးသမီး တွေမှာ သိပ်မဖြစ်ပါဘူး။ တွေ့ရခဲပါတယ်။ ယောကျာ်း တွေမှာလည်း အသက် ၄၀ နဲ့ ၅၀ ပတ်ဝန်းကျင်မှာ သာ အဖြစ်များပါတယ်။ မိန်းမတွေမှာတော့ သိပ် မဖြစ်တတ်ပါဘူး။ ဖြစ်ပြီဆိုရင်လည်း မီးယပ်သွေးဆုံးပြီးမှသာ ဖြစ်တတ်တာ များပါတယ်။ မီးယပ်သွေးဆုံးပြီးချိန် မှာတော့ ကျောက်ကပ်က အားလျော့သွားပြီး အက်စစ်ကိုစုပ်ယူနိုင်စွမ်း၊ ချေဖျက်နိုင်စွမ်း လျော့သွားတဲ့အတွက်ကြောင့်ပါ။

Q. ဂေါက်အဆစ်ရောင် ရောဂါစဖြစ်ရတဲ့ အကြောင်းရင်းကို သိပါရစေဆရာ။

A. ဂေါက်ရောဂါစဖြစ်ရတဲ့ အကြောင်းရင်းမရှိဘူး။ သူ့ဘာသာထဖြစ်တာပါပဲ။ ဂေါက်ရောဂါဖြစ်ဖို့ ဖန်တီးတတ်တဲ့ အကြောင်းရင်းတွေက ရှိတော့ရှိပါတယ်။ အဝလွန်တာ၊ ဆီးချိုရှိတာ၊ သွေးတိုးရှိတာ၊ သွေးထဲ အဆီများတာတို့ ဖြစ်နေရင်တော့ ဂေါက်ရောဂါ ဖြစ်လွယ်တတ်ပါတယ်။ တစ်ခါတလေ အစားအသောက် ကောင်းတွေ အစားလွန်သူတွေမှာလည်း ဖြစ်နိုင်သလို ပိန်အောင်လို့ဆိုပြီး အစားတွေမစားဘဲ အစာတွေ လျှော့လွန်းရင်လည်း ဖြစ်တတ်ပါတယ်။ အရက်အလွန်အကျွံ သောက်ရင်လည်း ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်ထဲ ပိုးဝင်တာ၊ ထိမိခိုက်မိတာ၊ တစ်ခါတလေ ခွဲစိတ်ကုသမှု ခံယူထားတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ တချို့သော ဆေးဝါးတွေကလည်း ဂေါက်ရောဂါ ဖြစ်စေတတ်ပါတယ်။ ဥပမာပြောရရင် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအား (Immune Resistance) ကို ကျစေတဲ့ ဆေးမျိုးတွေ Cyclosporin ဆိုတဲ့ဆေး တွေကလည်း ရောဂါဖြစ်လာနိုင်စေပါတယ်။

ဂေါက်အဆစ်ရောင် ရောဂါဟာ တစ်ခါဖြစ်ပြီးရင် မကြာခဏ ပြန်ပြီးဖြစ်တတ်ပါတယ်။ တချို့ ကံကောင်းတဲ့ လူနာတွေကတော့ တစ်ခါဖြစ်ပြီး နောက် ပြန်မဖြစ်တော့တာပါ။ အများစုကတော့ တစ်ခါဖြစ် ပြီးရင် မကြာခဏ ပြန်ပြန်ဖြစ်တတ်ပါတယ်။ ဂေါက် ရောဂါဖြစ်ရင် တွေ့ရတတ်တဲ့ ရောဂါလက္ခဏာတွေကတော့ ဂေါက်ရောဂါဟာ ရုတ်တရက် ဖြစ်တတ်ပါတယ်။ ညအိပ်ချိန်မှာ အကောင်း၊ မနက်နိုးလာတော့ နာနေတာမျိုး ဖြစ်တတ်ပါတယ်။ ကြိုတင်လက္ခဏာ မရှိဘဲနဲ့ ဖြစ်သွားတတ်ပါတယ်။ အစပိုင်းတွေမှာတော့ နည်းနည်းလောက်ပဲနာနေပေမယ့် တဖြည်းဖြည်း ပို ပိုနာလာပြီး နောက်ပိုင်းမှာ မခံစားနိုင်လောက်အောင် နာလာတတ်ပါတယ်။ အများအားဖြင့်တော့ စဖြစ် ခါစမှာ အဆစ်တစ်ခုထဲက စဖြစ်တတ်ပါတယ်။ အများအားဖြင့် ခြေမအဆစ်မှ စဖြစ်တတ်ပါတယ်။ ဖြစ်ပြီဆိုရင် အဆစ်ကရောင်လာတယ်။ ထိရင် နာတယ်။ နီနေတယ်။ တစ်ခါတလေ ဖျားလာတတ်တယ်။ နာတဲ့ပုံစံက တဖြည်းဖြည်း ဖိအား များများနဲ့ဖိလာတယ် လို့ ခံစားရပြီး နာလာတာမျိုးပါ။ တခြား ခြေထောက် အဆစ်တွေမှာ ဖြစ်တယ်၊ ခြေကျင်းဝတ်တွေ၊ ဒူးတွေ၊ လက်အဆစ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ပေါင်အဆစ်တို့၊ လက်မောင်းအဆစ်၊ ခါးရိုးအဆစ်တွေမှာ တော့ ဖြစ်တာအလွန်ရှားပါတယ်။ အဲဒီအဆစ်တွေ ကတော့ ကိုယ်ခန္ဓာကြီးနဲ့ နီးတဲ့အတွက် အပူချိန် နည်းနည်းပိုများပြီး ပုံဆောင်ခဲ မဖြစ်လို့ပါ။ အက်စစ်တွေက အေးတဲ့နေရာမှာပဲ အနည်ထိုင်ပြီး ပုံဆောင်ခဲ ဖြစ်လွယ်ပါတယ်။ ဂေါက်ရောဂါ ခဏခဏ ပြန်ဖြစ် တာနဲ့အမျှ တစ်ခါနဲ့ တစ်ခါနာတဲ့ အဆစ်တွေက ပိုပို ပြီး များလာတတ်ပါတယ်။

Q. ဂေါက်ရောဂါကို ဘယ်လို စစ်ဆေး ရှာဖွေရပါသလဲဆရာ။

A. ဂေါက်ရောဂါကို ရှာဖွေတဲ့အခါမှာ လူနာက အမျိုးသားလည်း ဖြစ်တယ်၊ အသက် ၄၀ နဲ့ ၅၀ ကြား လောက်ဖြစ်တယ်၊ ဖြစ်တဲ့ပုံစံကလည်း ရုတ်တရက် ဖြစ်သွားတာမျိုးဆိုရင် ဂေါက်ရောဂါ ဖြစ်ဖို့ များပါတယ်။ အဲဒီအခါမှာ သေချာ သိဖို့အတွက် အဆစ်ထဲက အရည်ကို စုပ်ထုတ်ပြီး အဏုကြည့်မှန်ပြောင်း နဲ့ ကြည့်လိုက်တဲ့အခါမှာတော့ အနည်ထိုင်နေတဲ့ ပုံဆောင်ခဲလေးတွေကို မြင်ရပါတယ်။ အပ်ပုံ (Long Needle Shape) လေးတွေကို မြင်ရပါတယ်။ သွေးထဲမှာ ရှိတဲ့ ယူရစ်အက်စစ်ကို ကြည့်ပြီးတော့ ဂေါက် ရောဂါလို့ ပြောလို့မရပါဘူး။ အများအားဖြင့် ဂေါက် ရောဂါရှိသူဟာ ယူရစ်အက်ဆစ် တက်နေတတ်ပေမယ့် တစ်ခါတလေမှာ မတက်ပါဘူး၊ တစ်ခါတလေမှာ ကျနေတဲ့ အခြေအနေတွေလည်း ရှိတတ်ပါတယ်။

ဓာတ်မှန်ရိုက်ကြည့်တဲ့ အခါမှာလည်း ဂေါက် ရောဂါ စဖြစ်ခါစမှာ အဆစ်ပျက်စီးမှုကို မတွေ့ရပါ ဘူး။ ဂေါက်ရောဂါက ခဏခဏ ဖြစ်လာရင် အဆစ် မျက်နှာပြင် အရိုးနုက စားပြီး အဆစ်တွေပျက်စီးလာ ပါတယ်။ အဲဒီအခါ အဆစ်နားကပ်နေတဲ့ အရိုးထဲမှာ အခေါင်းဖြစ်လာပြီး ယူရစ်အက်စစ်တွေက ဝင်သွား တတ်ပါတယ်။ အဲဒီလိုနည်းနဲ့ အဆစ်က ပုံပျက်လာ ပါတယ်။

Q. ဂေါက်ရောဂါ ရှိသူတွေအနေနဲ့ အိမ်မှာ လုပ်သင့်တဲ့ နည်းလမ်းတွေနဲ့ မလုပ်သင့်တဲ့ နည်းလမ်းတွေ ရှိရင် ပြောပြပေးပါ ဆရာ။

A. ဂေါက်ရောဂါ ရှိသူတွေအနေနဲ့ အိမ်မှာ လုပ်သင့် တဲ့ နည်းလမ်းကတော့ အနားပေးပါ။ ရောင်တဲ့ ခြေထောက်ကို မြှောက်ထားပြီး အနားပေးသင့်ပါတယ်။

* မလုပ်သင့်တဲ့ နည်းလမ်းကတော့ –

Q. ဂေါက်ရောဂါကြောင့် အဆစ်ရောင်တာ၊ နီတာ၊ ပူတာတွေ ဖြစ်လို့ ရေခဲအုပ်ရင် တစ်ခါတလေ ပိုဆိုး တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယူရစ်အက်စစ် က အေးတဲ့အဆစ်တွေမှာ ပုံဆောင်ခဲဖြစ်ပြီး အနည်ပိုကျနိုင်လို့ပါ။ ဒါကြောင့် ဂေါက်အဆစ်ရောင်တာကို ရေခဲ မအုပ်စေချင်ပါဘူး။

A. ကိုက်ခဲနေတဲ့အတွက် အက်စပရင် သောက်တာကို ရှောင်ပါ။ အက်စပရင်ဟာ ကျောက်ကပ်က ယူရစ် အက်စစ်စွန့်ထုတ်တာကို ဟန့်တားတတ်တဲ့အတွက် ပိုဆိုးစေနိုင်လို့ပါ။

(နောက်တစ်ပတ်မှာ ဂေါက်အဆစ်ရောင်ရောဂါ ကုသနည်းတွေကို ဖော်ပြပေးပါမယ်။)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top