Healthy Life Ad
Life Style

ဘဝပျော်ရွှင်မှုနှင့် သိမှတ်ဖွယ်ရာ(၁)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဘဝမှာ ဖိစီးမှုကြုံတဲ့အခါ . . .

– ဖိစီးမှု (Stress) ကြုံတဲ့အခါ ဘယ်လိုဖြေရှင်းသင့်ပါသလဲ ဆရာ။

လူတိုင်းလူတိုင်း ဘာအလုပ်ပဲလုပ်လုပ် ဖိစီးမှု (Stress)ကို ကြုံရမှာပါပဲ။ အခက်အခဲတွေ၊ ပြဿနာတွေဆိုတာ ကြုံရမှာပဲ။ ဘဝဆိုတာ ပန်းခင်းတဲ့လမ်းကိုပဲ လျှောက်ရတာမဟုတ်ပါဘူး။ အကွေ့အကောက်လည်းရှိတာပဲ။ တစ်နေ့တစ်နေ့ မိုးလင်းတာနဲ့ စားတယ်၊ အိပ်တယ်၊ စားတယ်၊ အိပ်တယ် . . ဒီလောက်နဲ့သာဆိုရင် ဘဝက တိရစ္ဆာန်သာသာပဲ။ ဘဝမှာ အတားအဆီး၊ ပြဿနာတွေ ရင်ဆိုင်ရတာကိုက ဘဝအနှစ်သာရတစ်ခုပဲ။ ဥပမာ ထမင်းစားရင် နေ့တိုင်းနေ့တိုင်း ကြက်သားဟင်းနဲ့ချည်း စားနေရရင် ငြီးငွေ့စရာကောင်းသလိုပဲ တစ်ခါတလေ ချည်ပေါင်ဟင်းလေးနဲ့မှ၊ တချို့ဆိုရင် ကြက်ဟင်းခါးသီးဟင်းလေးတောင်စားချင်ကြတယ်။ ဒါကြောင့် တစ်ခါတလေ အခက်အခဲ၊ အဟန့်အတားဆိုတာ လူတွေရဲ့ဘဝကို အဓိပ္ပာယ်ရှိအောင် လုပ်ပေးနေတာပါ။ လူတွေရဲ့ အရည်အချင်းကို ပိုအရောင်တင်ပေးနေတာပါ။

တစ်ခုပဲ၊ စိတ်ဖိစီးမှု (Stress) ဆိုတာကို ကိုယ်က ကိုင်တွယ်ဖြေရှင်းတတ်လို့ရှိရင် အခက်အခဲ အဟန့်အတား တစ်ခုပြီးတစ်ခု ကျော်လွှားရင်း ကျော်လွှားရင်းနဲ့ ဘဝအရည်အသွေးမြင့်တက်တဲ့ လူတစ်ယောက်ဖြစ်လာပါတယ်။ ဥပမာ သွားနေတဲ့လမ်းတစ်လျှောက်မှာ ကျောက်တုံးကြီးတွေ့တယ်၊ ကိုယ်က ဒီလမ်းကပဲသွားမှ အမြင့်ကို ရောက်မယ်ဆိုပါစို့။ ဒီကျောက်တုံးကြီးက ဘဝရဲ့လှေကားထစ်ပါပဲ။ ဒီကျောက်တုံးကြီးကို အဟန့်အတား၊ အတားအဆီးလို့မြင်ပြီး မကျော်လွှားရင် ဘယ်မှမရောက်တော့ဘူး။ ဒါကို ကျော်လွှားမှသာ ပိုမြင့်တဲ့နေရာရောက်မယ်။ ဒီတော့ ကိုယ့်အပေါ်မှာပဲ မူတည်တယ်။

စိတ်ဖိစီးမှု (Stress) ဆိုတာလည်း ဒီကျောက်တုံးကြီးလိုပဲ . .ဒါပေမဲ့ စိတ်ဖိစီးမှုဆိုတာ များလွန်းရင်လည်း မကောင်းပါဘူး၊ မရှိတော့လည်း ဘာမှဖြစ်မလာတတ်ဘူး။ ဒီကြုံရတဲ့စိတ်ဖိစီးမှုကို ကောင်းကောင်းကျော်လွှားနိုင်အောင် ကြိုးစားရင်း၊ ကြိုးစားရင်းနဲ့မှ လူတစ်ယောက်က ပိုအောင်မြင်လာမှာဖြစ်တယ်။ ဒါကြောင့် စိတ်ဖိစီးမှုပေါ်မှာ ကိုယ်ထားရှိတဲ့ သဘောထား၊ စိတ်ထား၊ သဘောထား (Attitude)က အင်မတန် အရေးကြီးပါတယ်။ စောစောကပြောသလို စိတ်ဖိစီးမှုကို ရှေ့မှာကာထားတဲ့ ကျောက်တုံးကြီးလို့ သဘောမထားဘဲ ဒါက ဘဝကို တစ်ဆင့်မြင့်စေမယ့် လှေကားလို့ သဘောထားပြီး ရအောင်ကျော်မယ်ဆိုတဲ့ စိတ်ထားလိုက်ရင် အောင်မြင်မှာပါပဲ။

စိတ်ဖိစီးမှုဆိုတာ ဘာနဲ့တူလဲဆိုတော့ မီးလိုပဲ။ မီးဆိုတာ လူကိုပူစေတာမှန်ပေမယ့် အသုံးချတတ်ရင် အသုံးကျသွားတာပါပဲ။ စိတ်ဖိစီးမှုကိုလည်း ဘယ်လိုအသုံးပြုမလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ မီးကိုအသုံးမှားရင် လောင်ကျွမ်းစေနိုင်သလို ဒီမီးကိုအသုံးချတတ်ရင် ကိုယ့်ဘဝကို ပိုအဆင်ပြေစေတာပါပဲ။

ပညာဆိုသည်မှာ . . .

မေး. လူတစ်ယောက်မှာ ပညာတတ်တာ၊ ဘွဲ့ထူး၊ ဂုဏ်ထူးရတာက အရေးကြီးပါသလား၊ စိတ်ဓာတ်နဲ့ခံယူချက်က အရေးကြီးပါသလား။

ဖြေ. ပညာတတ်တယ်ဆိုတာ ဘာကိုပြောတာလဲ။ တစ်ခါတလေကျရင် ပညာလို့ပြောလိုက်တာနဲ့ လူတစ်ယောက်ရဲ့ နောက်မှာရှိတဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးတွေလို့ ထင်ကြတယ်။ အဲဒါ တကယ့်ပညာအစစ် မဟုတ်ပါဘူး။ စာမေးပွဲအောင်လို့ရလာတဲ့ အောင်လက်မှတ်တွေပဲ ဖြစ်ပါတယ်။ အောင်လက်မှတ်တွေများတိုင်း ပညာတတ်တယ်လို့ ပြောလို့မရပါဘူး။ တကယ့်ပညာအစစ်က ကောင်းတာ၊ ဆိုးတာ၊ မှန်တာ၊ မှားတာကို ဝေဖန်ပိုင်းခြားသိမြင်တာပဲ ဖြစ်ပါတယ်။ ဒါကမှ တကယ့်ပညာအစစ်ပါ။ တကယ့်ပညာအစစ်ရဖို့ စာကောင်းပေမွန်တွေ ဖတ်ရမယ်။

ဒီအတိုင်း ဖတ်ရုံတင်မကဘဲ စဉ်းစားချင့်ချိန်ပြီး ကိုယ်ဖတ်တဲ့စာတွေကနေ သင်ခန်းစာအဖြစ် ပြောင်းလဲပစ်ရမယ်။ ကိုယ့်အမှားကနေ သင်ခန်းစာယူရုံတင်မကဘဲ စာထဲမှာပါတဲ့ သူများအမှားကနေ သင်ခန်းစာယူနိုင်ဖို့လိုတယ်။ ဒီတော့ စာတွေများများသာ ဖတ်သင့်ပါတယ်။ လူတစ်ယောက်မှာ စိတ်ထား၊ သဘောထားက အရေးကြီးဆုံးဖြစ်လို့ ဘွဲ့ထူး၊ ဂုဏ်ထူးရတာ၊ မရတာက အရေးမကြီးပါဘူး။ လူတိုင်း၊ လူတိုင်းမှာ အလှကိုယ်စီဆိုတာ ရှိစမြဲဖြစ်လို့ ရောက်ရာနေရာ၊ ရရာအလုပ်၊ ကိုယ့်မှာရှိတဲ့ အခြေအနေပေါ်မူတည်ပြီး စနစ်တကျလုပ်ဆောင်မယ်ဆိုရင် ကိုယ့်ကအဖိုးတန်တဲ့ လူသားတစ်ယောက်ဖြစ်လာမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top