Healthy Life Ad
Life Style

ဖော်မလင် (Formalin) အကြောင်း သိကောင်းစရာ

ဒေါက်တာဒေါ်ဇင်ဇင်နွယ် ညွှန်ကြားရေးမှူး(အငြိမ်းစား) အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တွေ့ဆုံခြင်း

ငါးဆိုရင်ဆားရေထဲမှာ တစ်နာရီစိမ်ထားရင် ဖော်မလင် ၉၀ ရာခိုင်နှုန်းကို ဖယ်နိုင်တယ်၊ ရှလကာရည် ၉၀ ရာခိုင်နှုန်း (Vinegar ၉၀%)ပါ တဲ့ရေထဲမှာစိမ်ရင်တော့ ဖော်မလင်ကို ၁၀ဝ ရာခိုင်နှုန်းဖယ်နိုင်တယ်လို့ဆိုပါတယ်။

မေး။ ။ ဖော်မလင်အကြောင်း သိပါရစေ ဆရာမ။
ဖြေ။ ။ ဖော်မလင်ဆိုတာ အရောင်အဆင်းမရှိ၊ အနံ့ပြင်းတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။
ဖော်မယ်ဒီဟိုက်(formaldehyde)၊ မက်သ နော(methanol)၊ ရေ (water)စုပေါင်းထားတဲ့ အရောအနှောတစ်ခုဖြစ်ပြီး ဖော်မလင်အရည်မှာ ဖော်မယ်ဒီဟိုက် ၃၇ ရာခိုင်နှုန်း ပါဝင်ပါတယ်။

မေး။ ။ ဖော်မလင်ကို သဘာဝအားဖြင့် ဘယ်လိုနေရာ တွေမှာ အသုံးပြုလေ့ရှိပါသလဲ ဆရာမ။
ဖြေ။ ။ ဖော်မလင်ကို အဓိကအားဖြင့် လူသေတွေကို ကြာရှည်ခံအောင်စိမ်တဲ့နေရာမှာ သုံးပါတယ်။ ပြီး တော့-

– ပိုးသတ်ရာမှာ သုံးပါတယ်၊ ကြမ်းခင်းတွေ၊ အဝတ်အစားတွေ၊ သင်္ဘောတွေနဲ့ သိုလှောင်ရုံတွေကို သန့်ရှင်းရေးပြုလုပ်ရာမှာ အသုံးပြုပါတယ်။

– အင်းဆက်ပိုးတွေ၊ ယင်ကောင်တွေ နှိမ်နင်းရာ မှာသုံးပါတယ်။

– ပိုးချည်၊ ဆိုးဆေး၊ မှန်နဲ့ ဖောက်ကွဲပစ္စည်းတွေ ပြုလုပ်ရာမှာ သုံးပါတယ်။

– ဓာတ်မြေသြဇာနဲ့ ရေမွှေးပြုလုပ်ရာမှာ သုံးပါတယ်။

– အလှကုန်ပစ္စည်းတွေ တာရှည်ခံအောင် ပြုလုပ်ရာမှာ သုံးပါတယ်။

– လျှပ်ကာပစ္စည်းတွေ ပြုလုပ်ရာမှာ သုံးပါတယ်။

– အထပ်သားတွေ ကပ်ရာမှာ သုံးပါတယ်။

မေး။ ။ အခုအခါမှာ ဖော်မလင်ကို အစားအသောက် တွေမှာတာရှည်ခံအောင် သုံးနေကြတယ်လို့ ကြား သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ ဆရာမ။
ဖြေ။ ။ ဖော်မလင်ကို အစားအသောက်တွေမှာတာ ရှည်ခံပစ္စည်းအဖြစ် အသုံးမပြုရပါ။
ဖော်မလင်ကိုတာရှည်ခံပစ္စည်းအဖြစ် လွဲမှားစွာအသုံးပြုတတ်တဲ့ အစားအသောက်တွေကတော့-

– အသား၊ ငါး၊ Seafood ခေါ် ပင်လယ်စာတွေ၊

– ဟင်းသီးဟင်းရွက်တွေ

– ပန်းသီး၊ လိမ္မော်သီး စတဲ့ အသီးအနှံတွေ၊

Tofu /ပဲပြား၊ ပဲသွေး၊ မုန့်ဟင်းခါးဖတ် စတာတွေဖြစ်ပါတယ်။

မေး။ ။ ဖော်မလင်ပါတဲ့ အစားအသောက်တွေကို စားသုံးမိရင် ဘယ်လိုကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာမ။
ဖြေ။ ။ ဖော်မလင်ပါတဲ့ အစားအသောက်ကို စားသုံးမိတာကြောင့် ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း၊ သတိလစ်မေ့မြောခြင်းနဲ့ အခန့်မသင့်ရင် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
ဖော်မလင်ပါတဲ့ အစားအသောက်ကိုရေရှည် စားသုံးမိတာကြောင့်

– ကျောက်ကပ်၊ အသည်းအစာအိမ်၊ အဆုတ်တို့ ပျက်စီးခြင်း၊

– နောင်တစ်ချိန်မှာ ကင်ဆာရောဂါဖြစ်ပွားခြင်း၊

– အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ၊

– သွေးအားနည်းခြင်း၊ သွေးကင်ဆာတို့ ဖြစ်နိုင်ပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစကလေးတွေမှာ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

ဖော်မလင်ပြဿနာက မြန်မာတစ်နိုင်ငံတည်းမဟုတ်ဘဲ တရုတ်၊ ဗီယက်နမ်၊ ဘင်္ဂလား ဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဟောင်ကောင်စတဲ့နိုင်ငံ တွေမှာလည်း ရှိနေတဲ့အတွက် ဥပဒေထုတ်ပြန်ပြီး အရေးယူနေကြတာ တွေ့ရပါတယ်။

မေး။ ။ အစားအသောက်တွေမှာ ဖော်မလင်ပါ၊ မပါ ဘယ်လို သိနိုင်မလဲ ဆရာမ။
ဖြေ။ ။ ငါးဆိုရင် ဖော်မလင်ပါတဲ့အခါ အသားက ရာဘာလိုမာမာတောင့်တောင့်ဖြစ်နေမယ်၊ အကြေးခွံ ကမာနေမယ်၊ ငါးညှီနံ့မရဘူး၊ ယင်မနားဘူး။

ပင်လယ်စာဆိုရင်ရာဘာလိုမာပြီး ဖြူနေမယ်၊ အနံ့မရှိဘူး။ ကင်းမွန်ဆိုရင် အရမ်းမာပြီး ဓားနဲ့ဖြတ်မှ ပြတ်နိုင်တယ်။

Tofu/ပဲပြားဆိုရင်ပျော့မနေဘဲ မာမာတင်းတင်းဖြစ်နေမယ်။ ၂၄ နာရီကျော်ရင်လည်း မပျက်စီးဘူး။

မုန့်ဟင်းခါးဖတ်ဆိုရင် ပျော့ပြောင်းမနေဘဲ အီလက်စတစ် (Elastic)လို ဖြစ်နေမယ်။ ရေနွေး ထဲထည့်ရင်ဆေးနံ့လိုလို၊ ပြာ(Ash)နံ့လိုလို ရနေမယ်။

မေး။ ။ စားသုံးတဲ့ပြည်သူတွေကို ဒါနဲ့ပတ်သက်ပြီး ဘယ်လိုအကြံပြုချက်တွေကို ပေးလိုပါသလဲ ဆရာမ။
ဖြေ။ ။ ဖော်မယ်ဒီဟိုက်(Formadehyde)က ရေမှာ ပျော်ဝင်ပြီး အပူပေးရင် အငွေ့ပြန် ပျောက်ကွယ် နိုင်တာကြောင့် အသီးတွေကို မစားခင် တစ်နာရီ ခန့်ရေစိမ်ထားပါ။ အသီးအရွက်တွေကို မချက်ပြုတ်ခင် ဆားရေနဲ့ အချိန် ၁၀ မိနစ်ခန့် စိမ်ပြီးမှ ချက်ပါ။ ငါးဆိုရင် ဆားရေထဲမှာတစ်နာရီ စိမ်ထားရင် ဖော်မလင် ၉၀ ရာခိုင်နှုန်းကို ဖယ်နိုင်တယ်၊ ရှလကာရည် ၉၀ ရာခိုင်နှုန်း (Vinegar ၉၀%)ပါတဲ့ ရေထဲမှာ စိမ်ရင်တော့ ဖော်မလင်ကို ၁၀ဝ ရာခိုင်နှုန်းဖယ်နိုင်တယ်လို့ ဆိုပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top