Healthy Life Ad
Q & A

သွေးပေါင်ချိန်တဲ့အခါ . . .

မေး. အခုအခါမှာ သွေးပေါင်ချိန်တဲ့အခါ ဘယ်လိုစက်ကို အသုံးပြုပြီး တိုင်းတာရမှာလဲ။ ဘယ်လိုတိုင်းတာရမှာလဲ၊ ဘယ်လိုစက်ကိုသုံးပြီး ဘယ်လိုတိုင်းတာရမှာလဲ။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သွေးပေါင်ချိန်တာက သုံးမျိုးရှိတယ်။

(၁) ပြဒါးတိုင်နဲ့တိုင်းတာ၊

(၂) ဒစ်ဂျစ်တယ်စက်နဲ့တိုင်းတာ၊

(၃) Android အဝိုင်းလေးတွေနဲ့ တိုင်းတာဆိုပြီး ရှိပါတယ်။

အမှန်ဆုံးကတော့ ပြဒါးနဲ့တိုင်းတာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်စက်နဲ့တိုင်းတာက မှန်တော့မှန်ပေမယ့် ပထမဆုံးအနေနဲ့ စက်နဲ့တိုင်းကြည့်လိုက်၊ ပြဒါးနဲ့တိုင်းကြည့်လိုက်လုပ်ပြီး အဖြေနှစ်ခုကို နှိုင်းယှဉ် ကြည့်ဖို့လိုပါတယ်။ အဲဒီလိုယှဉ်ပြီး တိုင်းတာတဲ့အခါမှာ ကိုယ့်စက်က အမြဲ ၁၀ လောက်များနေတတ်ရင် နောက်ပိုင်း အိမ်မှာ အဲဒီစက်နဲ့တိုင်းရင် ၁၀ ပြန်နုတ်ပြီး မှတ်ဖို့လိုပါလိမ့်မယ်။

ဒစ်ဂျစ်တယ်ကတော့ ကိုယ့်ဘာသာတိုင်းလို့ရတဲ့အချက် အားသာပါတယ်။ စက်နဲ့တိုင်းရင် လက်မောင်းကိုတိုင်းတာက ပိုကောင်းပါတယ်။ တိုင်းမယ်ဆိုရင် ထိုင်ပြီးတိုင်းတာ ပိုကောင်းပါတယ်။ စက်ကို နှလုံးနေရာလောက်မှာထားတာ ကောင်းပါတယ်။ လက်မောင်းပတ်တဲ့ အပတ်ထဲမှာ လေကို အရင်ကုန်အောင် ထုတ်ပေးသင့်ပါတယ်။ တစ်ခါတိုင်းပြီးရင် ၅ မိနစ်လောက်ခြားပြီး တစ်ခါတိုင်းကြည့်ပါ။ ပျမ်းမျှကို တွက်စရာမလိုပါဘူး။ တက်နေတဲ့အဖြေ၊ သွေးပေါင်အများဆုံးတက်တဲ့အခေါက်ကိုပဲ မှတ်ထားရမှာဖြစ်ပါတယ်။

နောက်တစ်ချက်က သွေးပေါင်ကို အိမ်မှာတိုင်းတာနဲ့ ရုံးမှာတိုင်းတာ နည်းနည်းလေးကွာခြားမှုရှိတာကိုလည်း တွေ့ရပါတယ်။ အဲဒီထဲကမှ အိမ်မှာတိုင်းတာကို ပိုအတည်ပြု ဦးစားပေးပြောလာပါတယ်။ အိမ်မှာတိုင်းတာဆိုရင် ၁၃၅/ ၈၅ mmHg ကျော်ရင် သွေးတိုးရောဂါလို့ သတ်မှတ်နိုင်ပါတယ်။ ရုံးမှာတိုင်းရင်တော့ ၁၄၀/၉၀ mmHg လို့ သတ်မှတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top