Healthy Life Ad
Life Style

ႏုပျိုကြည့်ကောင်းနေသည့် ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ရဲ့အသားအရေထိန်းသိမ်းနည်းလျှို့ဝှက်ချက်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဆောင်းဟေကို၏ အသားအရေ ထိန်းသိမ်းနည်းလျှို့ဝှက်ချက်
အွန်စောလို့ လူသိများတဲ့ ဆောင်းဟေကိုက အသက် ၃၅ နှစ်အရွယ်ရှိနေပါပြီ။ ဒါပေမဲ့ သူရဲ့ကျက်သရေရှိပြီး တင့်တယ်တဲ့ အသားအရေအလှအပကြောင့် နုပျိုနေပါတယ်။ ဒီလိုကြည်လင်တောက်ပနေအောင် သူဘယ်လို ထိန်းသိမ်းခဲ့သလဲ ဆိုတာလေ့လာကြည့်ရအောင်။

အလှအပလျှို့ဝှက်ချက် (၁)
အသားဖြူဖွေးစေရန် ပျားရည်နှင့် ကြက်ဥအကာ
ကြက်ဥအကာတစ်လုံး (အနှစ်မပါပါဘူး)နဲ့ ပျားရည်ထမင်းစားဇွန်းတစ်ဇွန်းတို့ကို သမအောင်မွှေပြီး မျက်နှာမှာသုတ်လိမ်းပါ။ ခြောက်သွေ့အောင်ထားပြီးမှ ရေနဲ့ဆေးချလိုက်ပါ။ နှစ်ပတ်တစ်ကြိမ် ညဘက်မှာ ဒီပေါင်းတင်နည်းကို လုပ်ဆောင်လေ့ရှိပါတယ်။

အလှအပလျှို့ဝှက်ချက် (၂)
အသားအရေတောက်ပစေရန် ပျားရည်

ပျားရည်တစ်ဆ၊ ရေနှစ်ဆရောပြီး မျက်နှာအနှံ့သုတ်လိမ်းကာနှိပ်ပေးပါ။ ပြီးမှ ရေနဲ့ ဆေးကြောပေးပါ။ နှစ်ပတ်တစ်ကြိမ် ဒီနည်းလမ်းကို လုပ်ဆောင်ပေးရင် အရေးကြောင်းလျော့ပါးပြီး အသားအရေတောက်ပစေပါတယ်။
ဒါ့အပြင် ဆောင်းဟေကိုက ပျားရည်ထမင်းစားဇွန်းတစ်ဇွန်း၊ နို့မှုန့် ထမင်းစားဇွန်းတစ်ဇွန်းနဲ့ ကြက်ဥအကာတစ်လုံးတို့ကို ရောမွှေပြီး ဝါဂွမ်းစနဲ့တို့ယူကာ မျက်နှာအရေပြားပေါ် လိမ်းလေ့ရှိပါတယ်။ မိနစ် ၂၀ ကြာမှ ရေနဲ့ဆေးချလိုက်ရင် အသားအရေခြောက်သွေ့မှု မဖြစ်စေဘူးလို့ ဆိုပါတယ်။

အလှအပလျှို့ဝှက်ချက် (၃)
အိုမင်းမှုဟန့်တားနိုင်ရန် မုန်လာဥနီ

မုန်လာဥနီ သုံးဆ၊ ဂျုံမှုန့် နှစ်ဆ၊ ရေတစ်ဆလိုပါတယ်။ မုန်လာဥနီကို ကြေညက်အောင် ကြိတ်ပြီး ဂျုံမှုန့်နဲ့ ရေတို့ထည့်မွှေပါ။ ပြီးရင် မျက်နှာပေါ်လိမ်းပြီး ပေါင်းတင်ပေးပါ။ ဆောင်းဟေကိုက ဒီနည်းကို နှစ်ပတ်တစ်ကြိမ် ပြုလုပ်လေ့ရှိပါတယ်။

အလှအပလျှို့ဝှက်ချက် (၄)
အသားအရေချောမွေ့နူးညံ့စေရန် နွားနို့

ဆောင်းဟေကိုရဲ့ တခြားအလှအပလျှို့ဝှက်ချက်က နွားနို့ဖြစ်ပါတယ်။ နွားနို့ကိုသုံးပြီး မျက်နှာသစ်လေ့ ရှိတယ်လို့ သိရပါတယ်။

အလှအပလျှို့ဝှက်ချက် (၅)
မျက်နှာသွယ်လျစေရန် ရေခဲတုံး

မျက်နှာသွယ်လျတင်းရင်းဖို့နဲ့ သေးငယ်သယောင်ဖြစ်စေဖို့ ဆောင်းဟေကိုက ရေခဲတုံးသုံးပြီး နှိပ်နယ်လေ့ရှိပါသတဲ့။

အလှအပလျှို့ဝှက်ချက် (၆)
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ရေ

ဆောင်းဟေကိုက အသားအရေလှပဖို့အတွက် အစာစားတဲ့အခါ အချိုရည်၊ အဆင်သင့်အစာတို့ကို တတ်နိုင်သမျှရှောင်ပြီး သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တို့ကို များများစားလေ့ရှိသူပါ။ တစ်ခါတစ်ရံ ဥအမျိုးမျိုးစားပါသတဲ့။ ရွှေဖရုံသီးက ရောင်ရမ်းမှုလျော့ကျစေလို့စားလေ့ရှိပြီး အသားအရေစိုပြည်စေဖို့ ဗီတာမင်အားဖြည့်ဆေးကို မှီဝဲတတ်ပါတယ်။ ရေများများသောက်လေ့ရှိတဲ့ ဆောင်းဟေကိုက မနက်မိုးလင်းတာနဲ့ ရေဖန်ခွက်နှစ်ခွက်သောက်တတ်သူပါ။

အလှအပလျှို့ဝှက်ချက် (၇)
အသားအရေထိန်းသိမ်းမှု၊ မျက်နှာပေါင်းတင်ခြင်းနှင့်လေ့ကျင့်ခန်းလုပ်ခြင်း

ဆောင်းဟေကိုက သူ့အသားအရေ အားပြည့်ဖို့ မျက်နှာပေါင်းတင်တာနဲ့ လေ့ကျင့်ခန်းလုပ်တာတွေကို လုပ်ဆောင်ကြောင်း၊ ယောဂကျင့်တာ၊ လက်ဝှေ့ထိုးတာတို့လုပ်ရင်တောင် အသားအရေအတွက် ထိရောက်မှုရှိကြောင်း ဆိုထားပါတယ်။

ဆောင်းဂျွန်ကီ၏ အသားအရေထိန်းနည်း လျှို့ဝှက်ချက်
အသက် ၃၁ နှစ် ရှိပြီဖြစ်တဲ့ ဆောင်းဂျွန်ကီက အသားအရေထိန်းသိမ်းတဲ့နည်းလမ်းတွေကို ပုံမှန် လုပ်ဆောင်တယ်ဆိုရင် အံ့သြမသွားပါနဲ့။
သူ့အသားအရေနို့နှစ်ရောင်လို ဖြူဖွေးနေရတာက ညတိုင်း အိပ်ရာမဝင်ခင် မျက်နှာကို နွားနို့နဲ့ ဆေးကြောလေ့ရှိပါသတဲ့။ သူက အသားအရေခြောက်သွေ့မှုမဖြစ်စေဖို့ အပူပေးစက်တွေကို ရှောင်လေ့ရှိသူပါ။ ဒါ့အပြင် လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်တတ်ပါတယ်။

အသားအရေကျန်းမာလှပဖို့ နံနက်တိုင်း ပန်းသီးစားလေ့ရှိပါတယ်။ ဒါ့အပြင် နေကာခရင်မ်ကို နေ့တိုင်းလိမ်းပြီး ပုံမှန်မျက်နှာပေါင်းတင်လေ့ရှိသူလည်း ဖြစ်ပါတယ်။
သူ့အသားအရေမကောင်းဘူးလို့ ခံစားရတဲ့အခါ၊ အပြစ်အနာအဆာထင်တဲ့အခါ ပြုပြင်ထိန်းသိမ်းမှု ခံယူဖို့အတွက် အရေပြားအထူးကု ဆရာဝန် ဒါမှမဟုတ် အလှအပပြုပြင်တဲ့ ဆရာဝန်ဆီ သွားလေ့ရှိသူလည်း ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top