Healthy Life Ad
Life Style

သက်လတ်ပိုင်းအမျိုးသမီးများတွင် အဖြစ်များသည့် ခြေဖနောင့်နာခြင်း

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံခြင်း)

မေး ။ ဘယ်သူတွေမှာ ခြေဖနောင့်နာတတ်ပါသလဲ ဆရာ။
ဖြေ ။ ခြေဖနောင့်နာတာက အသက် ၄၀ ကျော်အရွယ်တွေမှာ အဖြစ်များတယ်။ အထူးသဖြင့် ရုတ်တရက် ဝလာတဲ့သူတွေက ပိုဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုဖြစ်တာများပါတယ်။

မေး ။ ခြေဖနောင့်နာကျင်မှု ဖြစ်ရတဲ့ အကြောင်းရင်းကို သိပါရစေ ဆရာ။
ဖြေ ။ ခြေဖနောင့်နာတာ အဖြစ်များရတဲ့ အကြောင်းရင်းက ခြေဖဝါးမှာ Plantar Fasciitis ဆိုတဲ့ အရွတ်ကြီးတစ်ခုရှိတယ်။ ဒီအရွတ်ကြီးရှိမှ ရှေ့မှာ ခြေဖဝါးရိုး၊ နောက်မှာ ခြေဖနောင်အရိုးနဲ့ သွားဆက်တယ်။ ဒီလိုခြေဖနောင့်အရိုးနဲ့ဆက်တဲ့နေရာမှာ ပြောင်းလဲချက်တစ်ခုဖြစ်လာတယ်။ ဒဏ်ဖြစ်တဲ့ သဘောမျိုး ပြောင်းလဲချက်တစ်ခုဖြစ်ပြီးတော့ ခြေဖနောင့်နာတတ်ပါတယ်။

မေး ။ ခြေဖနောင့်နာတာက စိုးရိမ်ရတဲ့ ရောဂါလား ဆရာ။
ဖြေ ။ အများအားဖြင့်တော့ စိုးရိမ်စရာ ရောဂါမဟုတ်ပါဘူး။ ဒါပေမဲ့ ဒုက္ခတော့ နည်းနည်းပေးနေပါတယ်။ အထူးသဖြင့် အိပ်ရာထတဲ့အခါမှာ ခြေဖနောင့်က နာလို့ထော့နဲ့ထော့နဲ့ ဖြစ်နေတတ်ပါတယ်။ သွေးပူရင်တော့ ပြန်ကောင်းသွားတတ်ပါတယ်။ ဘာမှမဖြစ်တော့ဘူး။ ကောင်းသွားပြန်တယ်။ ဒါပေမဲ့ တစ်ခါတလေ နေ့လယ်နေ့ခင်းမှာ ထိုင်တာကြာသွားရင် ရုတ်တရက် မတ်တပ်ထရပ်လိုက်တဲ့အခါမှာ ခြေဖနောင့်နာတာမျိုး ဖြစ်တတ်ပါတယ်။

မေး ။ ခြေဖနောင့်နာနေရင် ရောဂါစစ်ဆေးမှုအနေနဲ့ဘာတွေ လုပ်ဆောင်ရပါသလဲ ဆရာ။
ဖြေ ။ ခြေဖနောင့်နာနေရင် ဓာတ်မှန်ရိုက်ကြည့်ပါတယ်။ သွေးစစ်ကြည့်ပါတယ်။ ရိုးရိုးခြေဖနောင့် နာတာ မဟုတ်ဘဲ တခြားရောဂါတွေဖြစ်တဲ့ ခြေဖနောင့် အရိုးတီဘီရောဂါ၊ ခြေဖနောင့်ရိုးကင်ဆာ စတာတွေ ဖြစ်နေမှာ စိုးလို့ပါ။ ခြေဖနောင့်နာတာကတော့ အဖြစ်များပါတယ်။

မေး ။ ခြေဖနောင့်နာတာအတွက် ကုသမှုကိုလည်း ရှင်းပြပေးပါ ဆရာ။
ဖြေ ။ ခြေဖနောင့်နာတာကို ကုသမှုအပိုင်းကတော့ အမျိုးမျိုး ရှိပါတယ်။ အရပ်ထဲမှာ လုပ်လေ့လုပ်ထရှိတာတွေက ဆားထုပ်ကိုနင်းတာ၊ အိုးမှုတ်ခွက်နင်းတာတွေ ဖြစ်တယ်။ ဒီနည်းတွေက ရောဂါသိပ်မဆိုးတဲ့ အဆင့်မှာဆိုရင် သက်သာချင်သက်သာနိုင်ပါတယ်။ ဆရာတို့ကတော့ ဒီကုသမှုတွေမပေးပါဘူး။

ဆရာတို့ ပေးလေ့ရှိတဲ့ ကုသနည်းကတော့ ခြေဖနောင့်နာနေတဲ့ လူနာတွေကို ဖိနပ်ပျော့ပျော့ ထူထူ စီးခိုင်း ပါတယ်။ ဖိနပ်က ဗြက်ကြီးရမယ်။ ဒေါက်ဖိနပ် စီးခိုင်းတာမဟုတ်ပါဘူး။ ဖိနပ်က Balance (ဟန်ချက်) ကောင်းနေရမယ်။ ခြေဖနောင့်အရွတ်က အရိုးဆက်တဲ့နေရာမှာ ဆွဲနေရင် တင်းအား (Tension) လျော့သွား အောင် စီးခိုင်းတာပါ။ ပြီးရင် အနာ သက်သာဆေးပေးပါတယ်။ ဒီလိုနည်းတွေနဲ့ကုလို့မှမသက်သာရင် ခြေဖနောင့်ကို ဆေးထိုးပေးပါတယ်။

ဒီနေရာမှာ အများပြည်သူကို သိစေလိုတာက

ခြေဖနောင့်ကို ဆေးထိုးတယ်ဆိုတာ အရိုးထဲကို ထိုးတာ မဟုတ်ပါဘူး။ အရိုးပတ်ဝန်းကျင်မှာရှိတဲ့ ကြွက်သားတွေထဲကို ထိုးတာပါ။ ဒါကြောင့် ခြေဖနောင့်ကို ဆေးထိုးလို့ အရိုးဆွေးတယ်ဆိုတာလည်း မဟုတ်ပါဘူး။ စတီးရွိုက်ဆေးကို တစ်ကြိမ်-နှစ်ကြိမ်ထိုးရုံနဲ့ ဘာမှမဖြစ်နိုင်ပါဘူး။

စတီးရွိုက်ဆေးကို ပါးစပ်ကနေ အကြာကြီးသောက်မှသာ အရိုးပါးရောဂါ (Osteoporosis) ရနိုင်တာပါ။ ဆေးထိုးတဲ့အခါ Infection (ပိုး)ဝင်တတ်တာကြောင့် လက်အိတ်ကို သေချာစွပ်ပြီး ဆေးထိုးမယ့်နေရာကို ပိုးမဝင်အောင် သေချာဆေးကြောပြီးမှ ထိုးရပါတယ်။ ဆီးချိုရောဂါရှိသူကို ဆေးထိုးတဲ့အခါပိုးဝင်နိုင်တာကြောင့် ဆီးချိုရောဂါရှိ၊ မရှိ စစ်ဆေးကြည့်ပါတယ်။ ဆီးချိုရောဂါမရှိမှသာ ဆေးထိုးပါတယ်။ ဆီးချိုရောဂါရှိနေရင် ဆေးမထိုးပါဘူး။
ခြေဖနောင့်ကို ဆေးထိုးပေးလိုက်ရင်တော့ အများအားဖြင့် သက်သာသွားတာများပါတယ်။ ဆေးထိုးတာတောင် ဘယ်လိုမှမသက်သာဘူး။ ခြေဖနောင့်က နာနေတုန်းပဲ၊ သိပ်ဒုက္ခပေးတယ်ဆိုရင်တော့ ခွဲစိတ်ကုသရပါတယ်။ ဒါပေမဲ့ ခွဲစိတ်ကုသရတာ ရှားပါတယ်။

မေး ။ ခြေဖနောင့်နာတာမဖြစ်အောင် ဘယ်လိုကာကွယ်ပေးနိုင်ပါသလဲ ဆရာ။
ဖြေ ။ ခြေဖနောင့်နာတာက ဆရာတို့တွေ့ရသလောက်တော့ ပိန်ပိန်ပါးပါးလူတွေမှာ ဖြစ်တာရှားပါတယ်။ များသောအားဖြင့် အသက် ၄၀ကျော် ပတ်ဝန်းကျင်လောက်မှာ ဖြစ်တာများတော့ လူတွေ ဝလာတဲ့အချိန် နဲ့ တိုက်ဆိုင်နေပါတယ်။ ကိုယ့်ရဲ့ အသက်၊ အရပ်နဲ့ ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းထားပေးရင်တော့ ခြေဖနောင့်နာတာမဖြစ်အောင် ကာကွယ်ရာရောက်ပါတယ်။

မေး ။ ဒေါက်ဖိနပ်စီးတာကြောင့်ကော ခြေဖနောင့်နာတတ်ပါသလား ဆရာ။
ဖြေ ။ ခြေဖနောင့်နာတာက ဒေါက်ဖိနပ်စီးတာနဲ့ မဆိုင်ပါဘူး။ ဒေါက်ဖိနပ်စီးတဲ့ ကာလကြာတာကြောင့် ခြေဖဝါးရဲ့ ဘေးဘက်တွေမှာ Sprain ရပြီး နာကျင်တာမျိုးတော့ ဖြစ်တတ်ပါတယ်။ ခြေဖနောင့်တော့ မနာတတ်ပါဘူး။  

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top