Healthy Life Ad
Life Style

အိပ်ရာထချိန် လက်ပျဉ်ငုပ်ခြင်း

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံခြင်း)

မေး. အိပ်ရာကထတဲ့အချိန်မှာ လက်ပျဉ်ငုပ်ပြီး နာကျင်တောင့်တင်းတာ အဖြစ်များကြပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ ဆရာ။

ဖြေ. လက်ပျဉ်ငုပ်တာက လည်ပင်းအာရုံကြောညပ်လို့ ဖြစ်တာများပါတယ်။ လက်ပျဉ်နာပြီး ပခုံး၊ လက်မောင်းတွေပါ နာတယ်၊ ကျဉ်တယ်ဆိုရင် လည်ပင်းအာရုံကြောညပ်တာ ဖြစ်နိုင်ပါတယ်။ ဆရာတို့က အိပ်လို့ရှိရင် ခေါင်းအုံးတစ်လုံးအုံးပြီး အိပ်ခိုင်းပါတယ်။ ခေါင်းအုံးနိမ့်နိမ့်လေးအုံးပြီး မအိပ်သင့်သလို ခေါင်းအုံးနှစ်လုံးနဲ့လည်း မအိပ်သင့်ပါဘူး။ တစ်ခါတလေကျရင် အနေအထိုင် ပုံမမှန်တာ၊ အလုပ်အကိုင်က ကုန်းကုန်းကွကွအလုပ်တွေကို အကြာကြီးလုပ်တာတွေကြောင့် လက်ပျဉ်တင်းတောင့်တာ၊ နာတာတွေ ဖြစ်တတ်ပါတယ်။

မေး. လက်ပျဉ်ငုပ်တာ မကြာခဏဖြစ်နေရင် ဘာလုပ်သင့်ပါသလဲဆရာ။

ဖြေ. လက်ပျဉ်ငုပ်တာက မကြာခဏဖြစ်တယ်၊ ဖြစ်တာလည်းကြာနေပြီဆိုရင် လည်ပင်းဓာတ်မှန် (X-ray) ရိုက်ကြည့်လို့ရပါတယ်။ အာရုံကြောညပ်တာများ ဖြစ်နေမလားဆိုတာ စစ်ဆေးဖို့လိုပါတယ်။

နှိပ်တာ၊ ပရုတ်ဆီလိမ်းတာတို့က ဘာမှကြီးကြီးကျယ်ကျယ်မဟုတ်တဲ့ အကြောတင်းတာ၊ တောင့်တာလောက်ဆိုရင် သက်သာရာရနိုင်လို့ လုပ်လို့ရပါတယ်။ ဒါပေမဲ့ တခြားရောဂါတစ်ခုခုကြောင့် လက်ပျဉ်ငုပ်နေတယ်၊ လက်ပျဉ်ငုပ်နေတာ ကြာလည်းကြာပြီ၊ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတယ်ဆိုရင်တော့ ဖြစ်ရတဲ့ အခြေခံအကြောင်းရင်းကို ရှာသင့်ပါတယ်။

မေး. လက်ပျဉ်ငုပ်တာ သက်သာစေဖို့ နှိပ်နယ်တာ၊ ပရုတ်ဆီလိမ်းတာတို့ကို လုပ်ဆောင်တာက သင့်တော်ပါသလားဆရာ။

ဖြေ. နှိပ်တာ၊ ပရုတ်ဆီလိမ်းတာတို့က ဘာမှကြီးကြီးကျယ်ကျယ်မဟုတ်တဲ့ အကြောတင်းတာ၊ တောင့်တာလောက်ဆိုရင် သက်သာရာရနိုင်လို့ လုပ်လို့ရပါတယ်။ ဒါပေမဲ့ တခြားရောဂါတစ်ခုခုကြောင့် လက်ပျဉ်ငုပ်နေတယ်၊ လက်ပျဉ်ငုပ်နေတာ ကြာလည်းကြာပြီ၊ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတယ်ဆိုရင်တော့ ဖြစ်ရတဲ့အခြေခံအကြောင်းရင်းကို ရှာသင့်ပါတယ်။ တစ်ခါတလေ ကျောရိုးမှာ တစ်ခုခုဖြစ်လို့ ဖြစ်နိုင်တယ်၊ တစ်ခါတစ်ရံ ကြွက်သားနဲ့ အရွတ်တွေ နာတာကြောင့် ဖြစ်တတ်သလို အဆုတ်ကြောင့်လည်း ဖြစ်တတ်ပါတယ်။

မေး. လက်ပျဉ်ငုပ်တဲ့အချိန်မှာ မလုပ်သင့်တဲ့အပြုအမူတွေရှိရင် သိပါရစေ ဆရာ။

ဖြေ. လက်ပျဉ်ငုပ်တဲ့အချိန်မှာ မလုပ်သင့်တဲ့ အပြုအမူတွေကတော့ ခါးကိုကုန်းကုန်းကွကွလုပ်ရတဲ့ အလုပ်တွေကို အကြာကြီးမလုပ်သင့်ပါဘူး။

မေး. လက်ပျဉ်ငုပ်တာကို ဘယ်လိုရောဂါရှာဖွေ ဆန်းစစ်ရပါသလဲ ဆရာ။

ဖြေ. လက်ပျဉ်ငုပ်တာကို အခြေအနေပေါ်မူတည်ပြီး ဓာတ်မှန် (X-ray) ရိုက်ကြည့်ပါတယ်။ လည်ပင်းကို အရင်ဓာတ်မှန်ရိုက်လေ့ရှိပါတယ်။ တခြားအကြောင်းတွေကြောင့် ဖြစ်နိုင်တယ်လို့ယူဆရင် ရင်ဘတ်ဓာတ်မှန်ရိုက်မယ်၊ နောက်ကျောဓာတ်မှန်ရိုက်မယ် . . အဲဒီလိုစစ်ဆေးမှုတွေ လုပ်ရပါတယ်။

ဆရာတို့ကတော့ လူနာက တောင့်တင်းတယ်၊ နာတယ်၊ ကျဉ်တယ်ဆိုရင် ဘာကြောင့်ဖြစ်တာလဲဆိုတာ အရင်ဆန်းစစ်ပါတယ်။ လက်ပျဉ်တောင့်တာ၊ တင်းတာက ရောဂါမဟုတ်ပါဘူး။ လက္ခဏာပါပဲ။ ဒါပေမဲ့ ဒီလက္ခဏာရဲ့ နောက်ကွယ်မှာ ရောဂါတစ်ခုခုများ ရှိနေမလားဆိုတာကို ဆန်းစစ်ကြည့်ရပါတယ်။ တော်ရုံတန်ရုံ အနေအထားမမှန်တာကြောင့် ကြွက်သားတွေ တောင့်တယ်၊ တင်းတယ်၊ နာတယ်၊ ကျဉ်တယ်ဆိုရင် ဒါက ကြောက်စရာမရှိပါဘူး။ ဒါပေမဲ့ ကျောရိုးမှာ တီဘီရောဂါဖြစ်ပြီး လက်ပျဉ်နဲ့ကျောမှာ တောင့်တင်းနာကျင်နေတဲ့ လူနာတွေကို ဆရာတို့ ကြုံဖူးပါတယ်။ လည်ပင်းအာရုံကြောညပ်ပြီး လက်ပျဉ်တွေပါ တောင့်တင်းနာကျင်တဲ့ လူနာတွေကိုလည်း ကြုံဖူးပါတယ်။

ဒါကြောင့် စိုးရိမ်စရာကောင်းတဲ့ ရောဂါတွေရှိနေသလားဆိုတာ စောစောစီးစီးသိနိုင်အောင် ကြည့်ပေးရပါတယ်။ အဲဒီလိုကြည့်လို့မှ လည်ပင်းကလည်းကောင်းတယ်၊ တခြားလက္ခဏာကြီးကြီး ကျယ်ကျယ်လည်းမရှိဘူးဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။ အနေအထိုင် ပုံမမှန်တာကြောင့် ဖြစ်တယ်လို့ပဲသတ်မှတ်ပြီး အနေအထိုင်မှန်အောင် ပြောပြရပါတယ်။

မေး. လက်ပျဉ်ငုပ်ခြင်းမဖြစ်စေဖို့ လိုက်နာသင့်တဲ့အနေအထိုင်တွေရှိရင် သိပါရစေ ဆရာ။

ဖြေ. လက်ပျဉ်ငုပ်ခြင်း မဖြစ်အောင်-

– ကုန်းကုန်းကွကွ သိပ်မလုပ်သင့်ပါဘူး၊

– အလေးအပင်တွေ မ,မသင့်ပါဘူး၊

– ထိုင်ရင် ခါးကို မတ်မတ်ဆန့်ဆန့် ထိုင်ပေးပါ၊

– အလုပ်တွေလုပ်ရင် အကြာကြီး ဆက်တိုက်မလုပ်ဘဲ ကြားထဲမှာ အနားယူချိန်ပေးရမယ်၊

– လေ့ကျင့်ခန်းလုပ်ပါ စတဲ့အချက်တွေကို အကြံပေးလေ့ရှိပါတယ်။

လက်ပျဉ်ငုပ်ခြင်း သက်သာအောင် Physiotherapy ကုထုံးပေးရပါတယ်။ နာတဲ့ဝေဒနာသက်သာအောင် အနာသက်သာစေမယ့် ဆေးတွေပေးပါတယ်။ ဒါကဝေဒနာသက်သာစေမယ့် ကုထုံးပေးတာဖြစ်ပါတယ်။

မေး. လက်ပျဉ်ငုပ်ခြင်းနဲ့ပတ်သက်ပြီး အများပြည်သူကို ပြောပြလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ. ဆရာတို့ လူမျိုးအများစုက ခါးကို ဆန့်ဆန့်လေးမနေတတ်ကြပါဘူး။ ခါးကို ကုန်းပြီး နေတတ်ကြပါတယ်။ ဒါက အနေအထိုင်မမှန်ပါဘူး။ ဆရာတို့ကတော့ ခါးကို ဆန့်ဆန့်လေးထားပြီး မတ်မတ်လေးနေစေချင်ပါတယ်။ လမ်းလျှောက်တာ၊ ထိုင်တာ၊ ထတာကအစ မတ်မတ်လေးနေစေချင်ပါတယ်။ လူကြီးသူမရှေ့ရောက်လို့ ခါးကုန်းပြီး သွားတာက ဆရာတို့ ဓလေ့အရဖြစ်လို့ ကောင်းပါတယ်။ ဒါပေမဲ့ ကျန်တဲ့အချိန်မှာ ခါးလေးဆန့်၊ ရင်ဘတ်လေးမတ်ပြီး နေသင့်ပါတယ်။ ဒါမှသာ လည်ပင်း၊ ခါး၊ ကျောနာတာ သက်သာပါတယ်။ ခါးကုန်းနေရင် လူက လက်ပျဉ်ကုန်းပြီး အဆစ်အနေအထား၊ ကြွက်သား အရွတ်အနေအထား ပုံမမှန်တဲ့အတွက် အဆစ်နာတယ်၊ ကြွက်သားနဲ့အရွတ်တွေနာတယ် စသဖြင့် ဖြစ်လာတတ်ပါတယ်။ ခါးကလည်း ပိုကုန်းလာတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top