Healthy Life Ad
International

ဆင်မျက်နှာပိုင်ရှင်အမျိုးသမီး တိုက်ရိုက်ဗီဒီယိုထုတ်လွှင့်ရာမှ မိတ်ဆွေသစ်များနှင့် အားပေးထောက်ခံမှုများရရှိ

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှ အသက် ၄၈ နှစ်အရွယ် လျူယင်ဟာ မျက်နှာပတ်ချာလည်အဖုအကျိတ်တွေကြောင့် ဆင်မျက်နှာနဲ့အမျိုးသမီးအဖြစ် အမည်ပြောင်ပေးခံခဲ့ရပါတယ်။လျူဟာ Neurofibromatosis ခေါ် နာဗ့်ကြောတစ်လျှောက် အကျိတ်ကြီးထွားစေတဲ့ မျိုးဗီဇရောဂါတစ်မျိုးခံစားနေခဲ့ရပါတယ်။

ပါးတွေနဲ့မေးစေ့မှာ အကျိတ်တွေပေါက်နေပြီး မျက်နှာပုံပျက်ပန်းပျက်ဖြစ်နေကာ ညာဘက်မျက်လုံး အမြင်အာရုံဆုံးရှုံးခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်တုန်းက မျက်နှာပြုပြင်တဲ့ ခွဲစိတ်မှုမအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တောင် ကြံစည်ခဲ့တယ်လို့ ဆိုပါတယ်။ အကျိတ်တွေပိုမိုကြီးထွားလာတာကြောင့် အပြင်မထွက်ရဲတော့ဘဲ အိမ်တွင်းအောင်းနေခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့နှစ်က လျူဟာ သူ့ရဲ့မျက်နှာခွဲစိတ်ဖို့အတွက် အလှူခံတဲ့ တိုက်ရိုက်ဗီဒီယိုထုတ်လွှင့်မှုမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီမှာ ပရိသတ်တွေနဲ့ခင်မင်ခဲ့ပြီး သူရဲ့ဘဝအတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။ အလှူငွေတွေရရှိခဲ့ပြီး နောက်ထပ်ခွဲစိတ်မှုတစ်ခု မကြာခင်ပြုလုပ်နိုင်မယ်လို့ လျူက မျှော်လင့်ထားပါတယ်။

တိုက်ရိုက်လွှင့်ထုတ်မှုက ရောဂါအကြောင်း လူတွေအများကြီး သိသွားစေပါတယ်လို့ လျူက ဆိုပါတယ်။ အွန်လိုင်းမှာ မကောင်းပြောတတ်သူတွေကိုလည်းတွေ့ရပေမယ့် ခံစားချက်ချုပ်တည်းနိုင်အောင် လေ့ကျင့်ခဲ့ကြောင်းပြောပြပါတယ်။ နောက်တစ်ကြိမ်ခွဲစိတ်မှုမှာ အောင်မြင်ခဲ့ရင် တခြားဝေဒနာရှင်တွေကိုလည်း သတ္တိရှိရှိရင်ဆိုင်နိုင်အောင် အားပေးသွားမှာဖြစ်ကြောင်း လျူကပြောကြားသွားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top