Healthy Life Ad
Life Style

သွေးကင်ဆာကုသအောင်မြင်ခဲ့တာ ၁၀ နှစ်ကျော်ကြာပြီဖြစ်တဲ့ ကိုဝဏ္ဏကျော်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အသက် ၂၆ နှစ်အရွယ် ၂၀ဝ၆ ခုနစ်တွင်ကို ဝဏ္ဏကျော်သည် သိသိသာသာ ကျန်းမာရေး ချူချာလာခဲ့သည်။
“ပထမဆုံး ညနေဘက်ဆို ဖျားတယ်။ ပြီးတော့ ဒူးဆစ်တွေ ရောင်တယ်။ မနက်အစောကြီး လေးနာရီလောက်ဆို ခြေသလုံးအရိုးအထဲမှာ နာ တယ်။ ဒီလိုမျိုး ခဏခဏ ဖြစ်တယ်။ မခံမရပ်နိုင် လောက်အောင် အရိုးတွေက နာတော့ နှစ်ပတ်လောက် အကြာမှာ ဆေးခန်းသွားပြလိုက်ပါတယ်။ အစက ဘာဖြစ်မှန်းမသိတော့ ဆေးခန်း မျိုးစုံရောက်တယ်။ မသက်သာဘူး။ တရုတ်ဆေးခန်းတွေ သွားပြပြီး တရုတ်ဆေးတွေလည်း လိမ်းလိုက်သေးတယ်။ မသက်သာဘူး။ ဒါနဲ့ အရိုးအထူးကု ဆရာဝန်တစ် ယောက်နဲ့ပြတော့ သူက ဆရာမပါမောက္ခဒေါ်အေး အေးကြီးနဲ့ လွှဲလိုက်ပါတယ်”ဟု ကိုဝဏ္ဏကျော်က သူ၏ သွေးကင်ဆာခရီးလမ်းအစကို ပြန်လည်ပြောပြခဲ့သည်။

ဗဟိုစည်ဆေးခန်းတွင် သွေးရောဂါအထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါ်အေးအေးကြီးနှင့် ပြသခဲ့ရာ ဆေးစစ်ဆေးမှုအဖြေအရ ကိုဝဏ္ဏကျော် ခံစားနေရသော သွေးကင်ဆာအမျိုးအစားမှာ Acute Lymphoblastic Leukaemia (ALL) ဖြစ်ကြောင်း သိခဲ့ရသည်။”ဆရာမကြီးက ရန်ကုန်ဆေးရုံကြီးကို တက်ခိုင်း တယ်။ ရန်ကုန်ဆေးရုံကြီးက အခု အဆောင်သစ် မဟုတ်ဘူး။ ဟိုတုန်းက အဆောင်ဟောင်းမှာ တက်ရောက်ပြီး ကုခဲ့ရတာပါ။

ကင်ဆာမျိုးရိုးမရှိတဲ့အပြင် မော်လမြိုင်ဘက်ကနေ ပြောင်းလာတာဆိုတော့ ဆေးရုံဆိုတာ ဘယ်နားမှာ ရှိမှန်းတောင် မသိဘူးလေ . . ဆေးရုံမှာ သွေး ဌာနကိုတောင် မရှာတတ်ဘူး . . ရောဂါနာမည်တောင် မြန်မာလိုဘယ်လိုခေါ်မှန်းမသိဘူး။ ဘယ်လိုအဓိပ္ပာယ်ရှိမှန်းလည်း မသိခဲ့ဘူး။ အခက်အခဲကတော့ မျိုးစုံ ကြုံခဲ့ရတယ်”ဟု ကိုဝဏ္ဏကျော်က သွေးကင်ဆာဟု သိသိချင်း ယောင်ချာချာ ဖြစ်ခဲ့ပုံကို ပြော ပြသည်။

“အဲဒီတုန်းက ဘာမဆို အကုန်ဝယ်ရတော့ ငွေရေးကြေးရေး အခက်အခဲရှိခဲ့ပါတယ်။ သူများ တွေက ပိုက်ဆံတတ်နိုင်တော့ အထူးခန်းတွေ၊ ဘာ တွေနေနိုင်တယ်။ ကျွန်တော်တို့ကျတော့ ပိုက်ဆံ မတတ်နိုင်တဲ့အတွက် အများနဲ့ စုပေါင်းထားတဲ့ အခန်းမှာပဲ နေရပါတယ်။ ဆေးဖိုးတွေကိုလည်း တစ်ခါတလေ မပေးနိုင်တဲ့အတွက် ဆရာမကြီး ဒေါ်အေး အေးကြီးက စိုက်ပေးပါတယ်”

ထိုစဉ်က အင်္ဂလိပ်စာမေဂျာဖြင့် အဝေးသင် တက္ကသိုလ်တက်နေဆဲဖြစ်၍ နောက်ဆုံးနှစ်ကျောင်းသားဘဝတွင် ဆေးရုံတက်ခဲ့ရသော ကိုဝဏ္ဏကျော်သည် ဆေးရုံ၌ပင် နောက်ဆုံးနှစ် စာမေးပွဲဖြေဆို အောင်မြင်ခဲ့ကြောင်းသိရသည်။

သွေးကင်ဆာ ကုသသည့် ကာလတစ်လျှောက်လုံး ဆေးရုံတက်နေခဲ့ရပြီး ဆေးကုသမှုကာလမှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ကြောင်း သိရသည်။”ကင်ဆာမဖြစ်ခင်က ကွန်ပျူတာ သင်တန်းတွေတက်ပြီး ဆိုင်တစ်ဆိုင်မှာ ဝင်လုပ်လိုက်သေးတယ်။ နှစ်လလောက်လုပ်ပြီး ရောဂါဖြစ်တော့ ဆေးရုံတက်ရတာနဲ့ အလုပ်ထွက်လိုက်ရတယ်”ဟု သူက ပြောသည်။

ဆေးရုံတက်ချိန်တွင် အဖေတစ်လှည့်၊ အမေ တစ်လှည့်၊ ညီတစ်လှည့်၊ အစ်မတစ်လှည့် ပြုစုခဲ့ပြီး အများအားဖြင့် မိခင်၏ ပြုစုစောင့်ရှောက်မှုဖြင့် နေထိုင်စားသောက်ခဲ့ရကြောင်း သိရသည်။

“ဆေးဒဏ်က အများကြီးခံရတယ်။ ဆေးဒဏ်ကြောင့် ဘာအစားအသောက်မှကိုမစားချင်ဘူး။ ရေပဲ သောက်ချင်နေတာ။ ရေတောင်ဝင်အောင် မနည်းသွင်းရတယ်။ ကီမိုအဆင့်လိုက် သွင်းရတော့ ဆေးဒဏ်က ပြင်းတဲ့အတွက် ဘာမှကို စားချင်စိတ်မရှိဘူး။

အစားအသောက် သန့်ရှင်းမှုက အရေးကြီးတော့ အိမ်က ချက်ပေးပါတယ်။ တစ်ခါတလေလည်း ဆေးရုံအနီးအနားတစ်ဝိုက်က ဝယ်စားရပါ တယ်။ အဲဒီတုန်းက အရိုးမာတဲ့ အစာ၊ ဥပမာ ကြက်သား၊ ငါးတို့လို အစာတွေ မစားရဘူး။ အရိုးစူးမှာစိုး လို့၊ သွားဖုံးတွေ ထိခိုက်မှာစိုးလို့ ပျော့ပျောင်းတဲ့ အစာတွေ၊ ကြေညက်လွယ်တဲ့ အစာတွေကိုပဲ စားရတယ်”ဟု ကိုဝဏ္ဏကျော်က ကင်ဆာဆေးသွင်းစဉ် နေထိုင်စားသောက်နည်းအချို့ကို ပြောပြခဲ့သည်။

ဆေးရုံမတက်ခင်တုန်းက သင်္ကြန်မှာ ၁၀ ရက် တရားစခန်း ဝင်ခဲ့သေးတယ်။ သဲအင်းဂူနည်းနဲ့ တရားထိုင်ခဲ့တာဆိုတော့ သည်းခံနိုင်တဲ့ စိတ်နည်းနည်း ရလာတယ်။ အဲဒါကလည်း ကင်ဆာကျော်လွှားချိန်မှာ ကောင်းကောင်း အထောက်အပံ့ ရတယ်။ ဒါပေမဲ့ . . .

ကင်ဆာလူနာတို့ ဆေးကုသမှုအားကျော်လွှားနိုင်ရေးအတွက် စိတ်ခွန်အားရှိရန် လွန်စွာ အရေးကြီးလှရာ ထိုစိတ်ခွန်အားကို ကိုဝဏ္ဏကျော် မည်သို့ မည်ပုံ တည်ဆောက်ခဲ့သနည်းဆိုသည်က စိတ်ဝင်စားဖွယ်ရာပင်။

“ဆေးရုံမတက်ခင်တုန်းက သင်္ကြန်မှာ ၁၀ ရက် တရားစခန်းဝင်ခဲ့သေးတယ်။ သဲအင်းဂူနည်းနဲ့ တရားထိုင်ခဲ့တာဆိုတော့ သည်းခံနိုင်တဲ့ စိတ် နည်းနည်း ရလာတယ်။ အဲဒါကလည်း ကင်ဆာကျော်လွှားချိန်မှာ ကောင်းကောင်း အထောက်အပံ့ရတယ်။ ဒါပေမဲ့ ကင်ဆာကုသတုန်း ဝေဒနာအရမ်းခံစားနေ ရချိန်မှာ တရားမှတ်နိုင်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ စိတ်ထဲ တရားမှတ်နိုင်ဖို့ထက် နာတာပဲ ရောက် နေတာ။ သူများတွေက ‘တရားမှတ်ပါ . . မှတ်ပါ’လို့အားပေးနေပေမယ့် ကိုယ့်စိတ်ထဲမှာ ဘယ်လိုမှကို မှတ်လို့ မရအောင် နာကျင်နေတာ။ အဲဒါနဲ့ တခြားကို စိတ်မရောက်အောင် ဂုဏ်တော်ကိုးပါးကိုပဲ အမြဲတမ်းရွတ်ဖတ်နေတယ်။ ဂါထာတွေကလည်း သိပ်အများကြီးမရတော့ အဲဒီဂုဏ်တော်ကိုးပါးကိုပဲ ရွတ်နေရင်းနဲ့ တခြားကို စိတ်မရောက်တော့ဘဲ နာကျင်မှုကို ကျော်လွှားနိုင်သွားတယ်’ဟု ကိုဝဏ္ဏကျော်က ဆိုသည်။

ကင်ဆာကုသမှု ခံယူချိန်တစ်လျှောက်လုံး မိသားစုဝင်အားလုံးက ဝိုင်းဝန်းထောက်ပံ့ပေးခဲ့ကြောင်း၊ ထိုခွန်အားဖြင့်ပင် ကုသအောင်မြင်ခဲ့ကြောင်း သူက ဆိုသည်။

“အမေရော အဖေရော ဝိုင်းပြုစုစောင့်ရှောက်ခဲ့သလို အစ်မသုံးယောက်မှာ နှစ်ယောက်က ထိုင်းသွားအလုပ်လုပ်ပြီး ဆေးကုဖို့ ငွေကြေးထောက်ပံ့ခဲ့တယ်။ ညီလေးက အလုပ်လုပ်ပြီး ငွေရေးကြေးရေး ထောက်ပံ့ခဲ့တယ်”
_ _ _

ယခုအခါ အသက် ၃၇ နှစ်ရှိပြီဖြစ်သည့် ကိုဝဏ္ဏကျော်က မိသားစုနှင့်အတူ နေထိုင်ရင်း ဖခင်၏ လုပ်ငန်းဖြစ်သည့် စက်ချုပ်လုပ်ငန်းတွင် ဖခင်နှင့် အတူဝိုင်းကူလုပ်ဆောင်နေသူ ဖြစ်သည်။

အင်ဂျင်ဝိုင်ကအနံ့မရှိ၊ အရောင်မရှိတော့ ပေပါပုံးတစ်ပုံး လက်ဆောင်ရတာနဲ့ အထဲကို ရေထည့်မလို့ဆိုပြီး ဖောက်လိုက်တော့ ဆီတွေထွက်လာတယ်။ အဲဒါကို စားဆီထင်ပြီး ကြက်ဥကြော်ပြီး စားလိုက်မိတယ် . . အဲဒါတစ်ခုတော့ သံသယဝင်မိပါတယ် . . .

“ဆေးကုပြီးနောက်ပိုင်း ကျန်းမာရေးကောင်း ပေမယ့် အရမ်းပင်ပန်းတဲ့ ဒဏ်ကိုခံလို့မရဘူး။ အလေးအပင်တွေမလို့ မရဘူး။ မှတ်Óဏ်ကလည်း သိပ်မကောင်းတော့ဘူး။ အဲဒါကြောင့် သူများအလုပ် တွေမှာဝင်မလုပ်တော့ဘဲ အဖေ့အလုပ်မှာပဲကူလုပ် နေတာပါ။
ဆေးကုပြီး နောက်ပိုင်းမှာ ဆရာဝန်နဲ့ ပြန်ပြရ တာရှိပေမယ့် အခုကျတော့ မပြရတော့ပါဘူး။ ဆေး ကုပြီးပြီးချင်းမှာ ဘေးထွက်ဆိုးကျိုးတွေကတော့ အများကြီး ရှိတယ်။ အရိုးကလည်း မကောင်းတော့ဘူး၊ သွားကလည်း မကောင်းတော့ဘူး။ လူကောင်းတစ် ယောက်လို မလုပ်နိုင်တော့ဘူး။ အစာစားရင် နာရီ ဝက်လောက်အကြာကြီး ဝါးစားရတယ်။ ဒါကြောင့် အပြင်မှာ အလုပ်လုပ်ဖို့ အဆင်မပြေတော့ဘူး။

အသားစားရင် သွားနာတယ်။ အဲဒါကြောင့် ၂၀၁၅ မွေးနေ့ကတည်းက သက်သတ်လွတ်စား လိုက်တယ်။ အခုချိန်ထိပါပဲ။ အဲဒီလို သက်သတ် လွတ်စားလိုက်မှ သွားနာတဲ့ဝေဒနာ သက်သာသွား တော့တယ်”ဟု ကင်ဆာကုသအောင်မြင်ပြီးနောက် ပိုင်း နေထိုင်စားသောက်ဖြစ်ပုံကို ပြောပြခဲ့သည်။

သွေးကင်ဆာဖြစ်ရခြင်းအကြောင်းရင်းကို အတိတ်ကံကြောင့်ဟုသာ ကိုဝဏ္ဏကျော်က ထင်မြင်ထားပြီး သံသဝင်စရာ တစ်ချက်ကမူ အင်ဂျင်ဝိုင် အားဆီဟု ထင်မှတ်ကာ ကြက်ဥကြော်၍ စားဖူးကြောင်း သူက ဆိုသည်။

“အင်ဂျင်ဝိုင်က အနံ့မရှိ၊ အရောင်မရှိတော့ ပေပါပုံးတစ်ပုံး လက်ဆောင် ရတာနဲ့ အထဲကို ရေ ထည့်မလို့ဆိုပြီး ဖောက်လိုက်တော့ ဆီတွေ ထွက် လာတယ်။ အဲဒါကို စားဆီထင်ပြီး ကြက်ဥ ကြော်ပြီး စားလိုက်မိတယ် . . အဲဒါတစ်ခုတော့ သံသယဝင်မိပါတယ်ဟု ကိုဝဏ္ဏကျော်က ပြောသည်။

ယခုနောက်ပိုင်းတွင် အလေးအပင်မမခြင်း၊ အပြင်သွားလာရာတွင် ခဏတဖြုတ်သာ သွားလာခြင်း၊ လူထူထပ်သော နေရာများကို ရှောင်ရှားခြင်းနှင့် အလုပ်အကိုင်တို့ကို အလွန်အကျွံ မလုပ်ကိုင်ခြင်း၊ သန့် ရှင်းသော အစားအသောက်တို့သာ စားသောက်ခြင်း တို့ကို လိုက်နာနေထိုင်ပြီး ကျန်းမာရေးကောင်းမွန် စွာဖြင့် Myanmar Leukaemia-Lymphoma Society(MLLS) အသင်းတွင် အတွင်းရေးမှူး(၂) အဖြစ် တာဝန်ထမ်းဆောင်ရင်း ဘဝတူသွေးကင်ဆာ ရောဂါသည်များကို ကူညီအားပေးစောင့်ရောက်လျက်ရှိသော ကိုဝဏ္ဏကျော်က ကင်ဆာကုသအောင် မြင်ခဲ့သည့် သူ့အတွေ့အကြုံကို အခြေခံပြီး အခြား ကင်ဆာဝေဒနာရှင်တို့အတွက် အားပေးစကား ပြောကြားလိုက်ပါသည်။

“ကျွန်တော် စကုတုန်းက ဆေးမြီးတိုတွေ နည်းနည်းပါးပါး လျှောက်လုပ်လိုက်သေးတယ်။ နောက်ပိုင်းကျတော့ သေချာတဲ့ ဆေးပဲ ကုမယ်ဆိုပြီး ကုသမှုခံယူဖြစ်သွားတာပါ။ တချို့ကျတော့ ဓာတ် ရောင်ခြည်ပေးခါနီးကျမှ ဆေးကိုဆက်မကုတော့ဘဲ ဆေးမြီးတိုဘက် ရောက်သွားတယ်။ ဟိုရော ဒီရော လုပ်ရင် ကိုယ့်အသက်ပဲအန္တရာယ်ရှိတယ်လို့ ကျွန်တော်ကတွေးလိုက်ပြီး သေချာသုတေသနအခိုင်အမာရှိတဲ့ ဆေးနဲ့ပဲ ပြီးဆုံးအောင်ကုလိုက်တာပါ။

ဆေးရုံတက်ပြီး ကုသနေချိန်မှာ အရာရာကို သည်းခံစိတ်ရှိရမယ်။ စိတ်ရှည်ရမယ်။ ကိုယ့်ရောဂါ ပျောက်ဖို့အတွက် ဆရာဝန်တွေ ညွှန်ကြားတဲ့အ တိုင်း အပြည့်အဝ လိုက်နာသင့်တယ်။ ကုမယ်ဆုံးဖြတ် လိုက်ပြီဆိုရင် အဆုံးအထိ ကုသမှု ခံယူသင့်ပါတယ်။ ဘာအခက်အခဲပဲရှိရှိ ပြီးဆုံးအောင် စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကုသင့်ပါတယ်”

(မှတ်ချက်။ ။ ဓာတ်ပုံများကို ကိုဝဏ္ဏကျော်၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

Most Popular

Healthy Life Ad
To Top