Healthy Life Ad
Life Style

သွေးတိုးရောဂါအကြောင်း သိကောင်းစရာ

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. သွေးတိုးရောဂါနဲ့ပတ်သက်ပြီး လူတွေလုပ်နေကြတဲ့ မှားယွင်းတဲ့အပြုအမူကို သိပါရစေဆရာ။

ဖြေ. သွေးတိုးရှိမှန်းသိတဲ့လူတွေကို မေးကြည့်တော့ လူ ၁၀ဝ မှာ ၂၀ လောက်ပဲ ဆေးမှန်မှန်သောက်တာကို သွားတွေ့ရပါတယ်။ ကျန်တဲ့သူတွေက မသောက်ပါဘူး။ ဒါက ကြောက်ဖို့ကောင်းပါတယ်။ လူတွေက သွေးတိုးမှသာ ဆေးသောက်ပါတယ်။ အဲဒါကြောင့် နောက်ဆက်တွဲအနေနဲ့ လေဖြတ်တာနဲ့ နှလုံးသွေးကြောပိတ်တဲ့ရောဂါတွေကို မကာကွယ်နိုင်တာတွေ အများကြီးဖြစ်နေတာပါ။ သွေးတိုးသမားတွေက သွေးပေါင်မှန်မှန်ချိန်၊ နေထိုင်စားသောက်မှုကို ဂရုစိုက်ပြီး ဆေးမှန်မှန်သောက်ရင် သက်တန်းစေ့နေနိုင်ပါတယ်။ မဟုတ်ရင်တော့ နာတာရှည်ရောဂါဖြစ်သွားမှာပါ။

WHO စကားနဲ့ဆိုရင် DALY လို့ခေါ်ပါတယ်။ သွေးတိုးရောဂါရှိတဲ့သူတွေအနေနဲ့ သေချာကာကွယ်မှုမလုပ်မိလို့ မသန်စွမ်းမှုဖြစ်သွားရင် အလုပ်မလုပ်နိုင်တော့တဲ့အပြင် ပြုစုဖို့လူကလည်းလိုအပ်လာပါတယ်။ လူနာအနေနဲ့ ဘဝနေထိုင်မှုဆိုင်ရာအရည်အသွေး (Quality of Life) လည်းမရှိတော့ပါဘူး။ မိသားစုမှာလည်း ကုန်ကျစရိတ် အပိုကုန်တဲ့အပြင် မိသားစုမှာလည်း ဝန်ထုပ်ဝန်ပိုးဖြစ်ရပါတယ်။ နာတာရှည်ရောဂါကို မကာကွယ်ရင် တစ်သက်လုံး ကုသမှုခံယူနေရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါမဖြစ်အောင် စနစ်တကျကာကွယ်ကြဖို့လိုပါတယ်။

မေး. သွေးတိုးရင် စိုးရိမ်ရပါသလား ဆရာ။

ဖြေ. သွေးတိုးတိုင်း စိုးရိမ်ရလားဆိုတာမျိုး လူနာတွေက မကြာခဏမေးလေ့ရှိပါတယ်။ သွေးတိုးတာနဲ့အတူ အသက်ရှူမဝတာ၊ မောတာ၊ နှလုံးထိခိုက်တာ၊ ရင်ဘတ်အောင့်တာ၊ သတိလစ်တာ၊ တက်တာ၊ မောတာ၊ ရင်ကျပ်တာ စတဲ့ လက္ခဏာတွေပေါ်လာရင် စိုးရိမ်ရပါတယ်။ ဒီအခြေအနေကို Hypertensive Emergency လို့ ခေါ်ပါတယ်။ ဒီအခြေအနေမှာ သွေးပေါင်ကို ၂-၄နာရီအတွင်း ပြန်ချဖို့လိုပါတယ်။ ဒီအခြေအနေမှာ လူနာတွေအနေနဲ့ ထိုးဆေးနဲ့ကုသမှုခံယူဖို့လိုအပ်တာကြောင့် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားပြသင့်ပါတယ်။

သွေးပေါင်က ၁၈၀/၁၂၀ mmHg လောက်ရှိနေပေမယ့် လူနာက သတိရနေတယ်၊ ရင်ဘတ်မအောင့်ဘူး၊ မမောဘူး၊ ရင်မကျပ်ဘူးဆိုရင်တော့ ဒီအခြေအနေကို Hypertensive Urgency လို့ ခေါ်ပါတယ်။ ဒီအခြေအနေဆိုရင်တော့ မစိုးရိမ်ရပါဘူး။ ၂၄ နာရီအတွင်း သွေးပေါင်ကို ပုံမှန်ဖြစ်အောင် ပြန်ချပေးနိုင်ရင်အဆင်ပြေပါတယ်။ လူနာက သွေးလည်းတိုးပြီး သတိလည်းလစ်တယ်ဆိုရင်၊ သွေးလည်းတိုးပြီး ရင်ဘတ်လည်းအောင့်တယ်ဆိုရင်၊ သွေးလည်းတိုးပြီး တက်လည်းတက်တယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်။ ဒီအခြေအနေမျိုးမှာတော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။ ဒါကြောင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားသင့်ပါတယ်။

မေး. သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်နည်းအပြင် သွေးတိုးရောဂါရှိပြီးသူတွေ နောက်ဆက်တွဲရောဂါမဝင်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

ဖြေ. သွေးတိုးရောဂါနဲ့ပတ်သက်ပြီး ကာကွယ်နည်း လေးမျိုးရှိပါတယ်။

(၁) သွေးတိုးရောဂါမဖြစ်စေရန် ကာကွယ်ခြင်း (Primodial Prevention)

ဒါက ဘာကိုဆိုလိုသလဲဆိုတော့ မြန်မာပြည်လူထု သန်း ၆၀ လုံးဟာ သွေးတိုးမဖြစ်အောင် ကာကွယ်ဖို့ပြောတာပါ။ မဖြစ်သေးတဲ့သူတွေကိုကာကွယ်ပြီး ဖြစ်နေသူတွေကိုလည်း သက်သာစေတဲ့ နည်းလမ်းတွေကိုပညာပေးတာပါ။ သွေးတိုးရောဂါကို ကာကွယ်တဲ့အနေနဲ့ နေထိုင်စားသောက်မှုပုံစံက ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပုံစံမျိုးဖြစ်ရမယ်။ အငန်ကို လျှော့စားရပါမယ်။ သတ်မှတ်ချက်အရ လူတစ်ယောက်က ဆား (Salt) တစ်နေ့ ၆ ဂရမ် (လက်ဖက်ရည်ဇွန်း တစ်ဇွန်း)စာ ပမာဏပဲ စားသင့်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ သုတေသနတွေအရ ပျမ်းမျှအားဖြင့် လူတစ်ယောက်က တစ်နေ့ ဆား ၉ ဂရမ်စားနေတာကိုတွေ့ရပါတယ်။

ဒါကြောင့် ဆားလျှော့စားဖို့လိုပါတယ်။ ပြီးတော့ ငပိ၊ ငါးခြောက်၊ ငံပြာရည် တို့ကိုလည်း လျှော့စားပါ။ အဆီအအိမ့်နဲ့ ချိုလွန်းတဲ့ အစားအသောက်တွေကို လျှော့စားရပါမယ်။ အုန်းနို့ကိုလျှော့စားရပါမယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားပေးရပါမယ်။ လေ့ကျင့်ခန်းကို တစ်နေ့နာရီဝက်နဲ့ တစ်ပတ်မှာ ၅ရက်လုပ်ပေးဖို့လိုပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းကိုမဆို ချွေးထွက်တဲ့အထိ လုပ်ဆောင်ပေးရပါမယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီး မသောက်ရပါဘူး။ အရက်ကို အန္တရာယ်ဖြစ်လောက်တဲ့အတိုင်းအတာအထိ မသောက်ရပါဘူး။ ဒါက သွေးတိုးရောဂါဖြစ်သူရော မဖြစ်သေးတဲ့သူတွေပါ ကာကွယ်ရမယ့်ပုံစံကို ဆိုလိုတာပါ။

(၂) သွေးတိုးရောဂါဖြစ်နိုင်ခြေရှိသူများ ကာကွယ်ခြင်း (Primary Prevention)

သွေးတိုးရောဂါမဖြစ်သေးပေမယ့် ဖြစ်နိုင်ခြေရှိတဲ့သူတွေကို ကာကွယ်တာပါ။ သွေးတိုးရောဂါ မျိုးရိုးရှိတဲ့သူ၊ အသက် ၄၀ ကျော်တဲ့သူတွေကို ရွေးထုတ်ပြီး သွေးတိုးရောဂါမဖြစ်ခင် စစ်ဆေးတာကိုဆိုလိုပါတယ်။ အဲဒီလို ရောဂါဖြစ်နိုင်ခြေရှိသူတွေကို မှန်မှန်စစ်ဆေးပေးမယ်။ သူတို့တွေ သွေးမတိုးခင် တိုက်ရိုက်ကုသမှုပေးပြီး သွေးတိုးမဖြစ်အောင် ကာကွယ်ပေးတာပါ။

သွေးတိုးရောဂါရှိတဲ့သူတွေအနေနဲ့ သေချာကာကွယ်မှုမလုပ်မိလို့ မသန်စွမ်းမှုဖြစ်သွားရင် အလုပ်မလုပ်နိုင်တော့တဲ့အပြင် ပြုစုဖို့ လူကလည်းလိုအပ်လာပါတယ်။ လူနာအနေနဲ့ဘဝနေထိုင်မှုဆိုင်ရာ အရည်အသွေးလည်း မရှိတော့ပါဘူး။ မိသားစုမှာလည်း ကုန်ကျစရိတ် အပိုကုန်တဲ့အပြင် မိသားစုမှာလည်း ဝန်ထုပ်ဝန်ပိုးဖြစ်ရပါတယ်။ နာတာရှည်ရောဂါကိုမကာကွယ်ရင် တစ်သက်လုံး ကုသမှုခံယူနေရတော့မှာ ဖြစ်ပါတယ် . . .

(၃) သွေးတိုးရောဂါကြောင့် နောက်ဆက်တွဲရောဂါ မဖြစ်စေရန်ကာကွယ်ခြင်း (Secondary Prevention)

ဒါကတော့ သွေးတိုးပြီးသား လူနာတွေအနေနဲ့ သွေးတိုးရောဂါကြောင့် နောက်ဆက်တွဲရောဂါတွေမဖြစ်အောင် ကာကွယ်မှုပေးတာပါ။ ဒီလိုလူနာတွေကို လိုအပ်သလို ဆေးတွေပေးပါတယ်၊ ဆေးအတိုး အလျှော့လုပ်တယ်။ ဒါက နောက်ဆက်တွဲရောဂါတွေ မဖြစ်လာအောင် ကာကွယ်ပေးတာပါ။

ရာသက်ပန် ဆေးကုသမှုခံယူတဲ့နည်းနဲ့ သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေ (ဥပမာ- လေဖြတ်တာ၊ နှလုံးသွေးကြောကျဉ်းတာ) မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သွေးတိုးနေတဲ့ လူနာတွေအနေနဲ့ သွေးတိုးကျဆေးသောက်လို့ သွေးပေါင်ကျသွားပြီဆိုရင်လည်း သွေးထိန်းဆေးကို သောက်ပေးဖို့လိုပါတယ်။ လူနာတွေက သွေးပေါင်အရမ်းကျသွားမလားဆိုတဲ့စိတ်နဲ့ မိမိဘာသာသွေးကျဆေးကို ရပ်ပစ်တတ်ပါတယ်။ ဒီလိုမလုပ်သင့်ပါဘူး။ သွေးပေါင်က ၉၀/၆၀ mmHg ရှိမှ ကျတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရှိသူတွေအနေနဲ့ ဆေးမဖြတ်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါလို့ ပြောလိုပါတယ်။

(၄) သွေးတိုးရောဂါ၏ နောက်ဆက်တွဲရောဂါကြောင့် အသက်အန္တရာယ်မထိခိုက်စေရန် ကာကွယ်ခြင်း (Tertiary Prevention)

ဒီအခြေအနေက သွေးတိုးထားတဲ့သူတွေမှာ နောက်ဆက်တွဲပြဿနာကလည်း ဖြစ်ပြီးသား.. သူတို့ကို အသက်အန္တရာယ်မထိခိုက်အောင် ကာကွယ်မှုပေးတာဖြစ်ပါတယ်။ အသက် ၄၀ကျော်လာရင်လည်းကောင်း၊ မိဘမျိုးရိုးရှိရင်သော်လည်းကောင်း၊ အဝလွန်ရင်သော်လည်းကောင်း၊ နှလုံးသွေးကြောကျဉ်း ရှိရင်သော်လည်းကောင်း၊ သွေးချိုရှိရင်သော်လည်းကောင်း၊ ကိုယ်လက်လှုပ်ရှားမှု ရှိရင်သော်လည်းကောင်း သွေးပေါင်မှန်မှန်ချိန်သင့်ပါတယ်။ မှန်မှန်ချိန်တယ်ဆိုတာက အထက်က အချက်တွေရှိနေရင်တော့ တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါတောင် အနည်းဆုံးချိန်သင့်ပါတယ်။ အဲဒီအချက်တွေမရှိရင်တော့ တစ်လတစ်ခါ၊ နှစ်လတစ်ခါ ချိန်လို့ရပါတယ်။ တစ်နှစ်မှာတော့ အနည်းဆုံးနှစ်ခါလောက် ချိန်သင့်ပါတယ်။

မေး. သွေးပေါင်က ဆေးခန်းမှာတိုင်းတာနဲ့ အိမ်မှာတိုင်းတာ အပြောင်းအလဲရှိတော့ ဘယ်လိုအတိုင်းအတာဆိုရင် သွေးတိုးရှိတယ်လို့ ဆိုနိုင်ပါသလဲ ဆရာ။

ဖြေ. သွေးတိုးတယ်ဆိုတာ သွေးပေါင်က ၁၄၀/၉၀ mmHg နဲ့ အထက်ရှိရင် သွေးတိုးတယ်လို့ခေါ်ပါတယ်။ အဲဒီမှာတောင် ဆေးရုံ၊ ဆေးခန်းမှာချိန်တဲ့ သွေးဖိအားနဲ့ အိမ်မှာချိန်တဲ့ သွေးဖိအားက မတူပါဘူး။ ဆေးရုံ၊ ဆေးခန်းတွေမှာချိန်လို့ ၁၄၀/၉၀ mmHg ကျော်ရင် သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။ အိမ်မှာချိန်တယ်ဆိုရင်တော့ ၁၃၅/၈၅ mmHg ကျော်မှ သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။ အနည်းဆုံး သုံးခါချိန်ကြည့်လို့ တကယ်တက်မှ သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။ သွေးပေါင်ကျတယ်ဆိုတာကလည်း ယေဘုယျအားဖြင့် ၉၀/၆၀ mmHg အောက်လျော့ရင် သွေးပေါင်ကျတယ်လို့ သတ်မှတ်ပါတယ်။ အဲဒီကြားပမာဏကိုတော့ သွေးဖိအားပုံမှန်လို့ သတ်မှတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top