Healthy Life Ad
Child

သားကို သင်ပေးဖို့ ဖေဖေတို့ သိထားသင့်တဲ့ အချက် ခုနစ်ရပ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မိသားစုတစ်စုမှာ အများအားဖြင့် မိခင်ရဲ့အုပ်ထိန်းမှုနဲ့ပဲ ကလေးတွေက ကြီးပြင်းတတ်ကြသလို မူကြိုနဲ့ ကျောင်းတွေမှာလည်း ဆရာ ၉၀ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်နေပြန်ပါတယ်။ တကယ်တော့ သားယောကျာ်းလေးတွေမှာ ဖခင်ရဲ့ အုပ်ထိန်းသွန်သင်မှုကလည်း အရေးကြီးတာကြောင့် သားရှင်ဖေဖေတွေက သူ့သားကို ပြောပြသင့်တဲ့ အရာတွေရှိပါတယ်။

(၁) ဘယ်လိုအနိုင်ယူပြီး ဘယ်လိုအရှုံးပေးရမလဲဆိုတာ ရှင်းပြပေးပါ
ကလေးတစ်ယောက်အတွက် အကောင်းဆုံး အဖော်ဆိုတာ သူငယ်ချင်းတွေကလွဲပြီး ဂိမ်းတွေ သာဖြစ်နေမယ်ဆိုရင် မနိပ်သေးပါဘူး။ တကယ်တော့ ဖေဖေလည်းပါသင့်တာပေါ့။ ကလေးတွေဟာ ဘဝတစ်လျှောက်မှာ ပြိုင်ပွဲတွေကို ရင်ဆိုင်ကြုံတွေ့နေရမှာပါ။ အဲဒီပြိုင်ပွဲတွေကတစ်ဆင့် ကလေးဟာ အောင်မြင်မှုရဲ့ အရသာကို ခံစားတတ်ပြီး အောင်မြင်မှုရဖို့ ဘယ်လောက်များများ အားထုတ်ရမလဲဆိုတာ သိနားလည်ပါလိမ့်မယ်။
သားရှင်ဖေဖေတွေအတွက် ဒီဂိမ်းတွေ၊ ပြိုင်ပွဲတွေနဲ့ စပ်လျဉ်းပြီး အောင်မြင်မှုအရသာကို ခံစားတတ်နေရုံနဲ့ မပြီးဘဲ ရှုံးနိမ့်မှုဆိုတာ မလွဲမသွေကြုံ လာနိုင်ကြောင်းနဲ့ အရှုံးကို ရင်ဆိုင်ရတဲ့အခါ အပြုံးမပျက်ရင်ဆိုင်တတ်ဖို့၊ အရှုံးကနေ သင်ခန်းစာယူပြီး ရှေ့ဆက်တတ်ဖို့သင်ပေးပါ။ အထူးသဖြင့် ရှုံးတာက ရှက်စရာမဟုတ်ကြောင်းသားကို သင်ပေးပါ။

(၂) အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့သဘောထားအမြင်ကို သင်ပေးပါ
အမေကတော့ အမျိုးသမီးတွေကို ဘယ်လို ငဲ့ညှာရမယ်၊ လေးစားရတယ်၊ တန်ဖိုးထားရမယ်ဆိုပြီး သားကိုပြောပြနိုင်တာပေါ့။ ဒါပေမဲ့ ဖေဖေကသာ အမျိုးသမီးတစ်ယောက်(သားမေမေ)အပေါ် ငဲ့ညှာလေးစားတန်ဖိုးထားကြောင်း သားလက်တွေ့သိဖို့ စံနမူနာပြနိုင်တာပါ။ ဒီနည်းအားဖြင့် သားဟာ လူ့အဖွဲ့အစည်းအတွင်းက အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ဘယ်လို သဘောထားရမယ်ဆိုတာ သိရှိသွားတတ်ပါတယ်။

မိတ်ဆွေသူငယ်ချင်းတွေဆီက သိတာထက်၊ အင်တာနက်က သိတာထက် ဖေဖေ့ဆီကသိတဲ့ အသိက အရေးအကြီးဆုံးဖြစ်ပါတယ်။ ဖေဖေက မေမေ့အတွက် ချစ်လက်ဆောင်လေးတွေပေးတာ၊ မေမေနဲ့အတူ ဈေးဝယ်ထွက်တာ၊ မေမေ့ကို ယဉ်ယဉ်ကျေးကျေး ပြောဆိုတာ . . ဒီအမူအကျင့်တွေက သားတစ်ယောက် အမျိုးသမီးတွေနဲ့ ထိတွေ့ရင်းနှီးလာတဲ့ အခါ လူကြီးလူကောင်းဆန်စေမယ့် အမူအကျင့်တွေပဲဖြစ်ပါတယ်။

(၃) ချစ်ခြင်းမေတ္တာအကြောင်း ပြောပါ
သားက အရွယ်ရောက်လာလေလေ၊ လူပျိုအရွယ်ရောက်လာလေလေ ချစ်ခြင်းမေတ္တာအကြောင်း စိတ်ဝင်စားလေလေ ဖြစ်လာမှာ အသေအချာပေါ့။ ယောကျာ်းတစ်ယောက်ရဲ့ နှလုံးသားကပြောတဲ့ စကားဟာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာ ဆယ်ကျော်သက်အရွယ် သင့်သားကို သင်ပေးပါ။ အချစ်ဦးအကြောင်း၊ ချစ်သူနဲ့ ပထမ ဆုံးချိန်းတွေ့တဲ့ရက်တွေအကြောင်း သင့်သားကို ပြောပြရင်း သင့်တော်တဲ့ မိန်းကလေး (ဘဝလက်တွဲဖော်)ကိုတွေ့ဖို့ သိပ်အလျင်လိုစရာ မဟုတ်ကြောင်း သားကို ရှင်းပြပေးပါ။ ဒီနေရာမှာ သားက သင့်ကို ယုံကြည်မှုအပြည့်အဝရှိဖို့တော့ လိုပါတယ်။

(၄) ဘယ်လိုပြန်တုန့်ပြန်ရမလဲဆိုတာ သင်ပေးပါ
ဖေဖေဆိုတာသူ့သားကိုစိတ်ခွန်အားရှိဖို့၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့နဲ့ အမှား-အမှန်ပိုင်းခြားတတ်ဖို့ သင်ပေးနိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်လည်းဖြစ်ရပါမယ်။ ကြင်နာသနားတယ်ဆိုတာ အားနည်းချက်မဟုတ်ပါဘူး၊ ဒါပေမဲ့ အမှား- အမှန်ပိုင်းခြားတဲ့အခါ ဘက်လိုက်စရာမလိုဘူးဆိုတာကိုလည်း သားကိုသင်ပြပေးပါ။ ဒါမှသာ သားဟာ သူ့ဘဝတစ်လျှောက် ကြုံတွေ့လာနိုင်တဲ့ ရန်ပြုမှု တွေ၊ မူးယစ်ဆေးဝါးအန္တရာယ်တွေ၊ လိင်အပျော်အပါးဆွဲဆောင်မှုတွေကို သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

(၅) ကမ္ဘာကြီးအပေါ် သူ့အမြင်အတိုင်း ရှာဖွေဖို့ သင်ပေးပါ
သားတွေက ကမ္ဘာမြေအကြောင်း စိတ်ဝင်စားတတ်ပါတယ်။ တစ်ခါတစ်ရံ သူသိချင်တဲ့ ကမ္ဘာမြေ လောကအကြောင်း မေးတဲ့အခါဖြေပါ။ ဒါပေမဲ့ သားကို ကိုယ့်ဘာသာ စူးစမ်းလေ့လာကြည့်ဖို့ အားပေးပါ။

(၆) အမျိုးသားတစ်ယောက်ရဲ့ ကဏ္ဍကို သင်ပေးပါ
အိမ်တစ်အိမ်မှာ အိမ်ရှင်မရဲ့ ကဏ္ဍချည်းရှိတာ မဟုတ်ဘဲ အိမ်ထောင်ဦးစီးဟာ ငွေရှာရုံနဲ့ မပြီး၊ အိမ် အလုပ်တွေမှာလည်း ပါဝင်ရတယ်ဆိုတာ ဖေဖေက သာဓက ပြပေးပါ။ ဥပမာ- မျက်နှာကြက် မိုးယိုလို့ ဖာတာ၊ အိမ်တံခါး ပြင်တာ၊ ကားပြင်တာ၊ ကားရေ ဆေးတာ . . ဒီလိုနေရာတွေမှာပေါ့။

(၇) ခံစားမှုရသအသစ်ကို ထိတွေ့ခွင့်ပေးပါ
သားတစ်ယောက် ကြီးပြင်းလာချိန်မှာ မိခင်တွေကပဲ အနီးကပ်အုပ်ထိန်းတယ်ဆိုပေမယ့် မိခင် ရဲ့ ညင်သာတဲ့ အထိအတွေ့တင်မက ဖခင်ရဲ့ ယောကျာ်းဆန်တဲ့ ပြုစုပျိုးထောင်မှုကိုပါ ခြောက်လ အရွယ်လောက်မှာ စတင်ခံစားတတ်နေပါပြီ။ အဲဒီအ တွက် ဖေဖေဟာ အလုပ်နားတဲ့အခါ သားနဲ့ အတူ ကစားပေးပါ။ ကစားရင်း သားကို ခံစားမှုအသစ်ရအောင် သင်ပြပေးပါ။

သားကိုလည်း အရွယ်ရောက်လာလေလေ နက်ခတိုင်ကို ဘယ်လို ချည်ရတယ်၊ မုတ်ဆိတ်မွေး ဘယ်လိုရိတ်ရတယ်၊ ရှပ်အင်္ကျီကို ဘယ်လို ခေါက်ရတယ်၊ ဘယ်လို မီးပူတိုက်ရတယ်၊ ဟင်းချက်တတ်တဲ့ ဖေဖေသာဆိုရင် ဟင်းတစ်ခွက် ဘယ်လိုချက်ရတယ်ဆိုတာမျိုး သင်ပေးထားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top