Healthy Life Ad
Health Tips

ဒန့်သလွန်ရွက်နှင့် ဒန့်သလွန်သီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဒန့်သလွန်ဟာ အသီးရော၊ အရွက်ပါ အာဟာရတန်ဖိုးပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ရှေးခတ်ကတည်းက ဒန့်သလွန်ပင်ရဲ့ အစိတ်အပိုင်းအားလုံးနီးပါးကို ဆေးဖက်ဝင်အပင်လို အသုံးပြုခဲ့ကြပါတယ်။

(၁) အရိုးတည်ဆောက်မှုကို အားကောင်းစေပါတယ်

ဒန့်သလွန်ရွက်မှာ အရိုးတည်ဆောက်မှုစနစ် သန်စွမ်းဖို့နဲ့ အားကောင်းဖို့ရာအတွက် အကောင်းဆုံးအာဟာရဓာတ်တွေ ပါဝင်တယ်လို့ဆိုကြပါတယ်။ ဒန့်သလွန်ရွက်မှာ ဗီတာမင်ဓာတ်များစွာ ပါဝင်ပါတယ်။ အထူးသဖြင့် ဗီတာမင်အေ၊ ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ်တို့ အများအပြားပါဝင်နေတာကြောင့် သွေးသားသန့်စင်စေပြီး ကလေးတွေမှာ အရိုးတွေကိုလည်း သန်စွမ်းစေပါတယ်။

(၂) အစာခြေလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကိုသက်သာစေပါတယ်

ဒန့်သလွန်ရွက်ကို အစာခြေစနစ်ဆိုင်ရာ ဝေဒနာတွေကုသရာမှာ အသုံးပြုခဲ့ကြပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါနဲ့ အသည်းဝါရောဂါတွေကို ကုသမှုအတွက် ဆေးဖက်ဝင်အရွက်တစ်မျိုးလို့ ဆိုကြပါတယ်။

(၃) ကလေးမွေးရလွယ်ကူစေပြီး မိခင်နို့ချိုအထွက်တိုးစေပါတယ်

ဒန့်သလွန်ပင်ကို ကိုယ်ဝန်ဆောင်ချိန်နဲ့ မိခင်နို့ချိုတိုက်ကျွေးချိန်အတောအတွင်း အသုံးပြုနိုင်ပါတယ်။ ဒန့်သလွန်ရွက်မှာ ကယ်လ်စီယမ်၊ ဗီတာမင်ဓာတ်တွေနဲ့ သံဓာတ်တို့ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကလေးမွေးဖွားရလွယ်စေပြီး ကလေးမွေးပြီးချိန်မှာ ခံစားရတတ်တဲ့ဝေဒနာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် ဒန့်သလွန်ရွက်ဟင်းချိုသောက်ရင် နို့တိုက်မိခင်တွေမှာ နို့ချိုအထွက်တိုးစေပါတယ်။

(၄) အဆုတ်နဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို သက်သာစေပါတယ်

ဒန့်သလွန်သီးဟင်းချိုက ရင်ကျပ်တာ၊ လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာစတဲ့ ဝေဒနာတွေကုသရာမှာ အသုံးဝင်ပါတယ်။ ဒန့်သလွန်ရွက်ပြုတ်ထားတဲ့ရေကို ရှူရှိုက်ပေးရင် ပန်းနာရင်ကျပ်ရောဂါနဲ့ တခြားအဆုတ်ရောဂါတွေကို သက်သာစေပါတယ်။

(၅) ဘက်တီးရီးယားပိုးတွေကို တွန်းလှန်နိုင်ပါတယ်

ဒန့်သလွန်သီးဟင်းရည်ကို သောက်တာက အရေပြား၊ လည်ချောင်းနဲ့ ရင်ဘတ်မှာ ပိုးဝင်ကူးစက်မှု မရှိအောင်ကာကွယ်ပေးပါတယ်။ ဒန့်သလွန်သီး၊ အစေ့နဲ့အရွက်တွေအားလုံးမှာ ဘက်တီးရီးယားပိုးတွေကို တွန်းလှန်နိုင်စွမ်းရှိပါတယ်။

(၆) ရောဂါမျိုးစုံကို ကာကွယ်ကုသနိုင်ပါတယ်

ဒန့်သလွန်စေ့မှာ အသားဝါတာ၊ အူမကြီးရောင်တာ၊ ဗိုက်နာတာ၊ ခေါင်းကိုက်တာ၊ အဆစ်ရောင်တာ၊ ပန်းသေပန်းညှိုးတာနဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုကာကွယ်ကုသနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒန့်သလွန်စေ့မှာ ဗီတာမင်စီနဲ့ ဗီတာမင်ဘီတို့ များစွာပါဝင်ပါတယ်။

(၇) အသက်အရွယ်မရွေး စားသင့်ပါတယ်

ဒန့်သလွန်ရွက်၊ အသီး၊ အစေ့အပါအဝင် ဒန့်သလွန်ပင်တစ်ပင်လုံးမှာ ဗီတာမင်နဲ့ သတ္တုဓာတ် အမျိုး ၉၀ ကျော်နဲ့ အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိရှိ ဗီတာမင် ၄၆မျိုးလောက် ပါဝင်ပါတယ်။ ဒါကြောင့် အသက်အရွယ်မရွေး လူတိုင်းအတွက် သင့်တော်တဲ့ ဆေးဖက်ဝင်အပင်လို့တောင် တင်စားကြပါတယ်။

(၈) အသားအရေကို တောက်ပစေပါတယ်

ဒန့်သလွင်ပင်အရည်ဟာ အသားအရေကို ကောင်းမွန်လှပစေပါတယ်။ ဒန့်သလွန်သီးအရည်နဲ့ သံပရာရည်တို့ကို ရောမွှေပြီး မျက်နှာအနှံ့လိမ်းပေးရင် ဝက်ခြံ၊ ဆားဝက်ခြံနဲ့ တခြားအရေပြားပြဿနာတွေကို ကုသပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top