Healthy Life Ad
Life Style

ရာသီအကူးအပြောင်းကာလတွင် ဖြစ်တတ်သောရောဂါများနှင့် စပ်လျဉ်း၍ . .

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ အခုက ရာသီအကူးအပြောင်းကာလရောက်တော့မှာဆိုတော့ ဒီကာလအတွင်းမှာဖြစ်တတ်တဲ့ ကျန်းမာ ရေးလက္ခဏာလေးတွေကို ပြောပြပေးပါဆရာ။

ဖြေ။ ။ အခုတော့ ရာသီက နွေရာသီပြီးတော့ မိုးရာသီ ကိုရောက်နေပြီပေါ့။ ရာသီအကူးအပြောင်းကာလမှာ ဖြစ်တတ်တဲ့ရောဂါတွေရှိတယ်။ နွေရာသီကနေ မိုးရာသီကူးပြောင်းတဲ့ကာလမှာ ဖြစ်နိုင်တဲ့ရောဂါတွေကို ဆရာတို့က အကြမ်းမျဉ်းသုံးမျိုး ခွဲခြားလိုက်တယ်ပေါ့။ တစ်မျိုးက ရာသီဥတုက ပူနေတာကနေအေးပြီး စိုစွတ်လာတဲ့အခါမှာ အအေးမိ၊ အအေးပပ်၊ နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေးရောဂါတွေအဖြစ်များတာတွေ့ရတယ်။

နောက်တစ်ချက်ကတော့ ဒီရာသီဥတုမှာ ခြင်ပေါက်ဖွားမှုနှုန်းလည်း များတယ်။ ခြင်ကိုက်ခံရတဲ့အခါမျိုးမှာခြင်ကြောင့် ကူးစက်ခံရတဲ့ရောဂါတွေအဖြစ်များတာ တွေ့ရတယ်။

နောက်တစ်ခုကတော့ ရေနဲ့အစားအသောက်ပေါ့။ မိုးတွင်းမှာ ရေလည်းသန့်ရှင်းဖို့ အားနည်းလာတယ်။ ယင်ကောင်တွေ ပေါက်ဖွားမှုများတဲ့အခါမှာ အစားအသောက်ကနေ ကူးစက်တဲ့ရောဂါတွေအဖြစ်များတာ တွေ့ရတယ်။ ဒီတော့ ဆရာတို့ဆီကိုလာပြ တဲ့ လူနာတွေမှာ ဖျားနာလို့လာပြတဲ့လူနာတွေများတာ တွေ့ရတယ်။

နောက်တစ်ခုက ခြင်ကြောင့်ပေါ့။ ရေကြည် ရေသန့်မှာပေါက်တဲ့ခြင်ကျားကြောင့်ဆိုရင် မြို့ပေါ်မှာ သွေးလွန်တုပ်ကွေးရောဂါတွေ အဖြစ်များကြတယ်။ ဒီရာသီကလည်း သွေးလွန်တုပ်ကွေးရာသီလို့ ပြော လို့ရတယ်။ ဒါ့ကြောင့် ခြင် ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါတွေကို ဂရုစိုက်ဖို့လိုမယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အသည်း ရောင်အသားဝါ၊ ကြွက်သေးကနေတစ်ဆင့် ကူးစက်တတ်တဲ့ အသည်းရောင်အသားဝါရောဂါတွေကို ပိုမို တွေ့ရှိရပါတယ်။

ဆရာတို့ နေ့စဉ်ကြည့်နေရတဲ့လူနာထဲမှာလည်း ဖျားနာတဲ့လူ၊ ဝမ်းလျှောတဲ့လူတွေ ပိုပြီးများလာတာတွေ့တဲ့ အပြင် ကိုယ်ခံအားစနစ်ကျပြီး အဖျားတာရှည်တဲ့လူနာတွေပါတယ်။ အဲဒီတော့ ကိုယ်ခံစနစ်တက်အောင် လည်းလုပ်ပါ။အစားအသောက်ကိုလည်း ချင့်ချင့်ချိန်ချိန်၊ စနစ်တကျနဲ့ သန့်ရှင်းတဲ့ဆိုင်ကို ရွေးပြီးတော့စားပါလို့ ပြောချင်ပါတယ် . . .

မေး။ ။ အထက်ပါရောဂါတွေမဖြစ်အောင် ဘယ်လိုကြို တင်ကာကွယ်ထားသင့်ပါသလဲ ဆရာ။
ဖြေ။ ။ အအေးမမိအောင် ကိုယ့်ကိုယ်ကိုယ် သတိထားဖို့လိုမယ်။ ကိုယ့်ရဲ့ကိုယ်ခံအားစနစ်တိုးတက်အောင် လုပ်ပေးတာလည်း အအေးပတ်၊ အအေးမိတာကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ကိုယ်ခံအားစနစ် တိုးတက်အောင် အသီးအရွက်တွေကိုများများ စားပေးရမယ်။ ဆေးလိပ်၊ အရက်၊ ကွမ်းစတာတွေကလည်း ကိုယ်ရဲ့ကိုယ်ခံအားစနစ်ကို ထိခိုက်နိုင်တယ်။ ဒါတွေကိုလုပ်ပေးမယ်ဆိုရင်တော့ ကိုယ်ခံအားစနစ်တက်ပြီး အအေးမိ၊ အအေးပပ်တာကို ကာကွယ် ပေးနိုင်တယ်ပေါ့။

ပြီးတော့ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါပေါ့။ ပိုးလောက်လန်းဘဝမှာထဲက ခြင်မပေါက်ဖွားအောင် ကာကွယ်တာပေါ့။ ဒါ့ကြောင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ပေးရမယ်။ တစ်ဦးချင်းအနေနဲ့ကတော့ ခြင်ကိုက်မခံရအောင် နေရမယ်။

မသန့်ရှင်းတဲ့ရေနဲ့ အစားအသောက်တွေ ကြောင့်ဖြစ်ပွားတဲ့ရောဂါတွေက အများကြီးပဲ။ အထူးသဖြင့် အစာအိမ်နှင့် အူလမ်းကြောင်း၊ ဝမ်းလျှောဝမ်းပျက်၊ ဝမ်းကိုက်ရောဂါဆိုတာ အသက်အရွယ်ရလာ တာနဲ့မဖြစ်ဖူးတဲ့လူဆိုတာ မရှိဘူးပေါ့။ ဒီရောဂါတွေ ကာကွယ်ဖို့ကတော့ ကိုယ်စားတဲ့အစားအသောက်ကို သန့်သန့်ရှင်းရှင်း၊ လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ဖို့ လိုပါတယ်။

မေး။ ။ ဆရာအနေနဲ့ ထပ်မံဖြည့်စွက်ပြောလိုတာ ရှိရင် ပြောပေးပါဦးရှင့်။
ဖြေ။ ။ ရာသီအကူးအပြောင်းကာလမှာ ဒီရောဂါတွေ တကယ်အဖြစ်များပါတယ်။ ဆရာတို့ နေ့စဉ်ကြည့် နေရတဲ့လူနာထဲမှာလည်း ဖျားနာတဲ့လူ၊ ဝမ်းလျှောတဲ့လူတွေ ပိုပြီးများလာတာတွေ့တဲ့အပြင် ကိုယ်ခံ အားစနစ်ကျပြီး အဖျားတာရှည်တဲ့လူနာတွေပါတယ်။ အဲဒီတော့ ကိုယ်ခံစနစ်တက်အောင်လည်း လုပ်ပါ။အစားအသောက်ကိုလည်း ချင့်ချင့်ချိန်ချိန်၊ စနစ်တကျနဲ့ သန့်ရှင်းတဲ့ဆိုင်ကို ရွေးပြီးတော့စားပါလို့ ပြောချင်ပါတယ်။

(အေးမို့မို့ဇော် တွေ့ဆုံမေးမြန်းသည်)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top