Healthy Life Ad
Life Style

ရေဖျင်းစွဲခြင်း

ပါမောက္ခဦးအေးမွန်( ခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံခြင်း )

မေး ။ ရေဖျင်းစွဲခြင်းအကြောင်း ရှင်းပြပေးပါဆရာ။
ဖြေ ။ ဗိုက်ထဲမှာ ရေတွေစုစေ၊ ရေဖျင်းစွဲစေတဲ့ အကြောင်းအရာများစွာ ရှိပါတယ်။
ဝမ်းခေါင်းထဲမှာရှိတဲ့ Venous Pressure (သွေးပြန်ကြောနံရံပေါ်က ဖိအား)က များရင်လည်း ဖြစ်တတ်ပါတယ်။ ဗိုက်ထဲမှာရှိတဲ့ Portal Vein Pressure များရင်လည်း ဖြစ်တတ်ပါတယ်။
အသည်းရောင် အသားဝါဘီပိုးကြောင့် ဖြစ်ဖြစ်၊ စီပိုးကြောင့်ဖြစ်ဖြစ်၊ အရက်ကြောင့်ဖြစ်ဖြစ် အသည်းခြောက်ရင်လည်း ရေဖျင်းစွဲတတ်ပါတယ်။ အသည်းရဲ့ လုပ်ဆောင်မှု ချို့ယွင်းလာရင် ရေဖျင်းစွဲတာက အဖြစ်များပါတယ်။

ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပရိုတင်းတစ်မျိုး လျော့နည်းနေရင် ဖြစ်တတ်ပါတယ်။ Albumin ပရိုတင်း ဆုံးရှုံးရင်ဖြစ်တတ်ပါတယ်။ ကျောက်ကပ်ရောဂါရှိလို့ ဆီးထဲမှာ ပရိုတင်းဓာတ်တွေဆုံးရှုံးတာများရင်လည်း ရေဖျင်းစွဲတတ်ပါတယ်။ အစားအသောက်တွေမှာ ပရိုတင်းဓာတ်ကို နည်းနည်းပဲ စားမယ်ဆိုရင်လည်း ဖြစ်တတ်ပါတယ်။
မုန့်ချိုအိတ် (Pancreas) မကောင်းရင်လည်း ရေဖျင်းစွဲတတ်ပါတယ်။ တီဘီအကျိတ်တွေဖြစ်ရင်လည်း တစ်ခါတလေ ရေဖျင်းစွဲတာ ဖြစ်တတ်ပါတယ်။
ကင်ဆာတွေဖြစ်ပြီး ကင်ဆာဆဲလ်တွေက ပြန့်လာတယ်ဆိုရင်လည်း ရေဖျင်းစွဲတတ်ပါတယ်။ ဘယ်ကင်ဆာမျိုးမဆို အချိန်ကြာလာလို့ ကင်ဆာဆဲလ်တွေ ပြန့်လာရင် အရည်တွေထွက်လာပြီး ရေဖျင်းစွဲ တတ်ပါတယ်။

မေး ။ ရေဖျင်းစွဲတာက ဘယ်လို အကြောင်းရင်းကြောင့် အဖြစ်များတတ်ပါသလဲ ဆရာ။
ဖြေ ။ အဖြစ်များတာကတော့ အသည်းခြောက်ရောဂါကြောင့် ရေဖျင်းစွဲတာက အဖြစ်များပါတယ်။

မေး ။ လူတချို့က ထမင်းစားပြီး ရေချိုးတာကြောင့် ရေဖျင်းစွဲတတ်တယ်ဆိုပြီး ပြောတတ်ကြပါတယ် ဆရာ။
ဖြေ ။ လူတွေ ပြောနေကြတဲ့ ထမင်းစားပြီး ရေချိုးရင် ရေဖျင်းစွဲတတ်တယ်ဆိုတာက ဘာမှမဆိုင်ပါဘူး။ ဒါက အယူအဆမှားတစ်ခုပဲ ဖြစ်ပါတယ်။

မေး ။ ရေဖျင်းစွဲပြီဆိုရင် အသည်းရောဂါရင့်နေပြီလို့ ဆိုကြတယ်။ မှန်ပါသလား ဆရာ။
ဖြေ ။

ရေဖျင်းစွဲနေရင်အသည်းရောဂါရင့်နေပြီလို့ ပြောတာကတော့ အကြမ်းအားဖြင့်တော့ မှန်ပါတယ်။ အသည်းခြောက်ရောဂါရှိနေရင် ရေဖျဉ်းစွဲတတ်ပါတယ်။ ဒါပေမဲ့ အသည်းရောဂါရှိတိုင်း ရေဖျင်းစွဲတတ်တာ မဟုတ်သလို ရေဖျင်းစွဲတိုင်းလည်း အသည်းရောဂါရှိနေတာတော့ မဟုတ်ပါဘူး။

မေး ။ ရေဖျင်းစွဲတဲ့အခါ ဘယ်လိုလက္ခဏာတွေပြတတ်ပါသလဲ ဆရာ။
ဖြေ ။ ရေဖျင်းစွဲတဲ့အခါ ခံစားရတတ်တဲ့ လက္ခဏာတွေကတော့ ဗိုက်ထဲက အရည်အနည်း၊ အများပေါ်မှာ မူတည်နေပါတယ်။ ဗိုက်ထဲမှာ နံရံနဲ့ အူတွေကြားထဲက အရည်တွေက ပုံမှန်ဆိုရင် ၁၀ဝml အောက်ပဲရှိ ရပါတယ်။ အရည်က ၃၀ဝ ml ကျော်နေပြီဆိုရင်တော့ ရေဖျင်းစွဲနေပြီလို့ ခေါ်ပါတယ်။ ဒါပေမဲ့ အရည် ၃၀ဝml လောက်ဆိုရင် လူတွေက ကိုယ့်ဘာသာ ရေဖျင်းစွဲနေမှန်းမသိနိုင်ပါဘူး။ သိလည်း မသိကြပါဘူး။ တခြားအကြောင်းအရာတွေကြောင့် အာထရာဆောင်း၊ စီတီစကင် (CT Scan) ရိုက်ရင်းနဲ့ အမှတ်မထင် တွေ့ရှိတာမျိုးပဲရှိပါတယ်။

မေး ။ ရေဖျင်းစွဲတာကို ဘယ်လိုရောဂါရှာဖွေတွေ့ရှိနိုင်ပါသလဲ ဆရာ။
ဖြေ ။ ဆရာဝန်တွေက လူနာကို အရင်ဆုံး ရောဂါရာဇဝင်မေးပါတယ်။ ပြီးတော့ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးတွေရှိသလား၊ အရက်သောက်သလား စသဖြင့်မေးမြန်းရပါတယ်။ စမ်းသပ်တာကတော့ ဗိုက် ကို ခေါက်ကြည့်တယ်၊ ဗိုက်ထဲက လေသံ၊ ရေသံတွေ နားထောင်ကြည့်လိုက်ရင် အကြမ်းဖျင်း သိကြပါတယ်။ အဲဒီလိုသိတဲ့ အဆင့်ဆိုရင်တော့ ဗိုက်ထဲမှာ အရည် ၅၀ဝml လောက်ရှိနေလို့ပဲဖြစ်ပါတယ်။ ချက်ကြီးစူလာပြီး ဗိုက်ဖေါင်းလာပြီဆိုရင်တော့ အရည် ၁၀ဝ၀ ml လောက်ရှိနေပါပြီ။ ဗိုက်ရွှဲလာတယ်၊ ဗိုက်ဖောင်းလာတယ်ဆိုရင် သိနိုင်ပါတယ်။ လူနာတွေ သိမှလာပြတာဆိုရင် အရည်က ၁၀ဝ၀ mlလောက် ရှိနေနိုင်ပါတယ်။ ဆရာဝန်တွေကတော့ အရည် ၅၀ဝ ml လောက်ဆိုရင် သိနိုင်ပါတယ်။

မေး ။ လူနာက ရေဖျင်းစွဲတာ သေချာနေပြီဆိုရင်နောက်ထပ် ဘာကို ထပ်မံ စစ်ဆေးရပါသေးသလဲ ဆရာ။
ဖြေ ။ ရေဖျဉ်းစွဲနေတာကို တွေ့ပြီဆိုရင်တော့ အခြေခံဖြစ်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ အသည်းရောဂါရှိ၊ မရှိ စစ်ပေးရတယ်။ ကျောက်ကပ်နဲ့ ပန်းကရိယတွေကောင်း၊ မကောင်းစစ်ပေးရပါတယ်။ အရက်သောက်လား၊ သောက်တာဘယ်လောက်ကြာပြီလဲ စတာတွေ မေးရပါတယ်။ လိုအပ်ရင် ကင်ဆာတွေကိုလည်း စစ်ဆေးပေးရပါတယ်။ အစာအိမ်ကင်ဆာ၊ အူကင်ဆာ စတာတွေကို စစ်ဆေးရသလို အဆုတ်တီဘီတွေ ရှိနေလား၊ အဆုတ်တီဘီကတစ်ဆင့် အူတီဘီများဖြစ်သလားဆိုပြီး စစ်ဆေးရပါတယ်။

မေး ။ ရေဖျင်းစွဲနေရင် ဘယ်လို ကုသမှု ခံယူသင့်ပါသလဲ ဆရာ။
ဖြေ ။ ကုသမှုကတော့ ရေဖျင်းစွဲစေတဲ့ အခြေခံရောဂါကို အရင်ဆုံး ကုသပေးဖို့ လိုပါတယ်။ အသည်းရောဂါရှိလို့ ရေဖျင်းစွဲတာဆိုရင် အသည်းရောဂါကို အရင်ကုသပေးရမှာဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်း ရေဖျင်းစွဲတာကိုလည်း ထိန်းပေးနေပြီး အသည်းရောဂါကိုပျောက်အောင် ကုသပေးရမှာ ဖြစ်ပါတယ်။ အူတီဘီလို ရောဂါမျိုးဖြစ်နေရင်တော့ ရေဖျင်းစွဲတာကို လုံးဝထိန်းလို့ မရနိုင်ပါဘူး။ ဒါဆိုရင်တော့ အူတီဘီကိုပဲ အမြန်ဆုံး ပျောက်ကင်းအောင် တီဘီ ကုသဆေးတွေပေးပြီး ကုသပေးရပါတယ်။

မေး ။ ရေဖျင်းစွဲချိန်မှာ လူနာတွေအနေနဲ့ ဘယ်လို အချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။
ဖြေ ။ ရေဖျင်းစွဲချိန်မှာ အငန်စာတွေကို လျှော့စားပေးရပါမယ်။ အရက်မသောက်သင့်ပါဘူး။

မေး ။ ရေဖျင်းစွဲတဲ့အခါ မခံမရပ်နိုင်အောင် ခံစားရရင် ရေဖောက်ထုတ်ရပါသလား ဆရာ။
ဖြေ ။ ရေဖျဉ်းစွဲတာက အောင့်တာ၊ နာတာ မဖြစ်ပါဘူး။ ဗိုက်တင်းနေတာလောက်ပဲ ရှိပါတယ်။ တခြားရောဂါ ရှိနေရင်သာ အဲဒီ ရောဂါတွေရဲ့ဒဏ်တွေကို ခံစား ရတတ်တာ ဖြစ်ပါတယ်။
ဗိုက်က သိပ်ကို ဖောင်းတင်းနေပြီး ခံစားရခက်နေရင် ရေဖောက်ထုတ်တာမျိုး လုပ်လို့ရပါတယ်။ ဒါပေမဲ့ အဲ့ဒါကလည်း တကယ်တမ်းမှာ မလွယ်ပါဘူး။ တကယ်လို့ ရေတွေအရမ်းကိုများနေလို့ ဖောက်ထုတ်လိုက်ရင် ရေခြောက်ပုလင်းလောက်တော့ ထွက်လာတတ်ပါတယ်။ အဲဒီအခါ သွေးပေါင်တွေ အရမ်းကျသွားပြီး မေ့မျောသွားတာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေဖျင်းစွဲရတဲ့ အခြေခံအကြောင်းရင်း သက်သာပျောက်ကင်းအောင် ကုသမှုကိုသာ အဓိကထားပြီး လုပ်ပါတယ်။ ဗိုက်က ဖောင်းတင်းပြီး မခံမရပ်နိုင်ဖြစ်လွန်းတဲ့ အခြေအနေကျမှသာ ထိန်းပြီး ရေဖောက်ထုတ်တာမျိုး လုပ်ဆောင်လေ့ရှိပါတယ်။
အရင်က ရေဖျင်းစွဲတာကို ခွဲစိတ်ကုသမှု ပေးတာလည်းရှိပါတယ်။ ဒါပေမဲ့ သိပ်ပြီး အောင်မြင်မှုတွေမရှိခဲ့ပါဘူး။ ရေဖျင်းစွဲစေတဲ့ အခြေခံရောဂါကို ကုသပေးတာကပဲ ထိရောက်ရှိပါတယ်။ အရည် ဖောက်ထုတ်လိုက်တာကလည်း ခဏပဲသက်သာပြီး ပြန်ဖြစ်လာနိုင်တာပါပဲ။

မေး ။ ရေဖျင်းစွဲခြင်း မဖြစ်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ ။ ရေဖျင်းစွဲတာကို ကာကွယ်မှုအနေနဲ့ကတော့ ရေဖျင်းစွဲတာက တခြားရောဂါတွေရဲ့ နောက်ဆက်တွဲ လက္ခဏာတစ်ခု ဖြစ်နေတာပဲဖြစ်တဲ့အတွက် အသည်းရောဂါတွေ မဖြစ်အောင်၊ တီဘီတွေ၊ ကင်ဆာ တွေရဲ့ လက္ခဏာတွေကို သိရှိထားပြီး စောစောစီးစီး သိနားလည်ဖို့ လိုပါတယ်။

မေး ။ ရေဖျင်းစွဲတဲ့ လူနာတွေနဲ့ပတ်သက်ပြီး ထူးခြား တဲ့ ဆရာ့အတွေ့အကြုံရှိရင် သိပါရစေဆရာ။
ဖြေ ။ ဆရာတို့ နေ့စဉ် ကုသမှုပေးနေချိန်မှာ ရေဖျင်းစွဲတဲ့ လူနာတွေကို မကြာခဏ တွေ့ရပါတယ်။ အဲဒီမှာ ဘာတွေ့ရသလဲဆိုတော့ လူအတော်များများက ရေဖျင်းစွဲတဲ့ အခါကျမှ ဆေးရုံကိုရောက်လာတယ်။ အဲဒီ အခါကျမှ ကျန်းမာရေး စစ်ဆေးကြည့်လိုက်ရင် အသည်းမကောင်းတာတွေ၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးရှိတာတွေကို သိကြတာ များပါတယ်။ ကင်ဆာကြောင့် ရေဖျင်းဖြစ်လာသူတွေ တော်တော်များများ ရှိပါတယ်။ အဲဒီအချိန်ကျတော့ များသောအားဖြင့် နောက်ကျတဲ့အဆင့် ဖြစ်နေတတ်ကြပါတယ်။ ဒါကြောင့် ကြိုတင်ပြီး ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ဖို့ အသိပေးချင်ပါတယ်။

မေး ။ ရေဖျင်းစွဲတာနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာ ရှိရင် သိပါရစေ ဆရာ။
ဖြေ ။ ရေဖျင်းစွဲတဲ့ အခြေခံရောဂါတွေက သာမန်ဖြစ်တဲ့ အကြောင်းရင်း (ဥပမာ- အကျိတ်) ဆိုရင်တော့ ခွဲစိတ်ထုတ်လိုက်ရင် တစ်ခါတည်း ပြီးသွားပါတယ်။ တခြားရောဂါတွေကြောင့်ဖြစ်တာဆိုရင်တော့ အဲ့ဒီ ရောဂါတွေကို အရင်ကုသဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top