Healthy Life Ad
Life Style

အိမ်ထောင်ကျပြီးတဲ့အခါ ဘာကြောင့် ဝလာရတာလဲ . . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အိမ်ထောင်ကျပြီး တစ်သားမွေး တစ်သွေးလှသူတွေ၊ ကလေးနှစ်ယောက်-သုံးယောက် မွေးထားပြီးသူတွေ အပျိုဘဝတုန်းက အမှတ်တရဓာတ်ပုံတွေကို ပြန်ကြည့်လိုက်ရင် အများအားဖြင့် ခန္ဓာကိုယ်သွယ်လျနေတာမျိုး၊ အခုထက်ပိုပိန်နေတာမျိုးတွေ့ရမှာပါ။ တချို့တွေဆိုရင် အပျိုဘဝတုန်းက လှယဉ်ကျေးမယ်ကိုယ်လုံး ဒါမှမဟုတ် မော်ဒယ်ကိုယ်လုံး ပိုင်ဆိုင်ကြပေမယ့် အိမ်ထောင်ကျ၊ ကလေးမွေးပြီးချိန်မှာတော့ အနည်းနဲ့အများဆိုသလို ကိုယ်ခန္ဓာပြည့်လာတတ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး လေ့လာသူတချို့က “အမျိုးသမီးအများစုဟာ မင်္ဂလာဆောင်တဲ့နေ့မှာ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန် အကောင်းဆုံးထိန်းသိမ်းတတ်ကြပေမယ့် မင်္ဂလာဆောင်တဲ့နေ့ရက်ကို ကျော်လွန်ပြီးတဲ့အခါ ကိုယ်အလေးချိန်ကို လျစ်လျူရှုပစ်တတ်တာကြောင့် အိမ်ထောင်ကျပြီးတဲ့အခါ အမျိုးသမီးတွေဝလာရတယ်”လို့ သုံးသပ်ထားပါတယ်။ အိမ်ထောင်ကျပြီးတဲ့အခါ အမျိုးသမီးတွေ ကိုယ်အလေးချိန်မြင့်တက်လာရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပေမယ့် အတွေ့ရအများဆုံးအချက် ငါးချက်ကတော့ (၁) အိမ်ထောင်ဖက်ကို ဆွဲဆောင်စရာ မလိုတော့ဘူးလို့ယူဆတာ၊ (၂) တစ်မိသားစုလုံးအတွက် ဟင်းလျာချက်ပြုတ်ရင်း မကြာခဏဟင်းမြည်းရတာ၊ (၃) အိမ်ထောင်ဖက်နည်းတူ အစာတွေကိုလိုက်စားတာ၊ (၄) လေ့ကျင့်ခန်းလုပ်ချိန် မပေးနိုင်တော့တာ၊ (၅) ကိုယ်ဝန်ဆောင် ကလေးမွေးရတာ စတဲ့ အချက်တွေက ထိပ်ဆုံးကပါတယ်လို့ သုံးသပ်ထားကြပါတယ်။

အိမ်ထောင်ကျပြီး ဝလာတဲ့အတွက် အိမ်ရှင်မအများစုကတော့ ကိုယ်အလေးချိန်တက်လာတာကို ထိန်းချုပ်ဖို့မလွယ်ဘူးလို့ ဆိုကြပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်ကို မေးကြည့်တဲ့အခါမှာ-

“အိမ်ထောင်ကျပြီးတဲ့အခါ အမျိုးသမီးတွေက ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး အီစထရိုဂျင်ဟော် မုန်းတွေကလည်း ပိုများလာပါတယ်။ ဒါကလည်း တစ်ချက်ပါ။ နောက်တစ်ချက်က စားတာကလည်း ပိုများလာလို့လည်းပါပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သိပ်မထိန်းတော့တာကြောင့် ဝလာတာဖြစ်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်ကတော့-

“လူတစ်ယောက် လှတယ်၊ မလှဘူး၊ ဝတယ်၊ မဝဘူးဆိုတာ ဘယ်ပေါ်မှာမူတည်သလဲဆိုရင် ဟော်မုန်းတွေပေါ်မှာမူတည်သလို သူရဲ့စိတ်အပေါ်မှာလည်း မူတည်ပါတယ်။ သဘောကဘာလဲဆိုရင် လှချင်သလား၊ ပိန်ချင်သလား . . အရေးကြီးဆုံးက လှချင်တဲ့စိတ်၊ ပိန်ချင်တဲ့စိတ် ရှိဖို့ပဲလိုပါတယ်။ မိန်းကလေးတွေ အိမ်ထောင်ကျပြီးရင် ဘာလို့ဝလာသလဲဆိုတော့ အရင်ကလို ကိုယ့်ကိုယ်ကိုယ်လှအောင်၊ ပိန်အောင်သိပ်မလုပ်တော့ဘူး၊ နေချင်သလိုနေ၊ စားချင်သလိုစားတတ်ကြတယ်၊ ကလေးတစ်ယောက်မွေးပြီးရင် တစ်သားမွေး၊ တစ်သွေးလှရမယ့်အစား တစ်သားမွေး၊ တစ်သွေးဝသွားတတ်ကြပါတယ်။ ဟော်မုန်းတွေ အပြောင်းအလဲဖြစ်တာလည်းပါပေမယ့် အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ပဲလိုတာပါ။ လှချင်စိတ်ရှိနေသေးရင် လှအောင်လုပ်လို့ရပါတယ်။ လှတာ၊ ပိန်တာတို့က တကယ်စိတ်ပါရင် လုပ်ယူလို့ရပါတယ်”လို့ ပြောပြခဲ့ပါတယ်။

အိမ်ထောင်ကျ၊ ကလေးမွေးပြီးပေမယ့် အပျိုရှုံးလောက်အောင် လှပကြည့်ကောင်းနေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေလည်း ရှိပါတယ်။ အဲဒီအထဲကက လေးသုံးဦးမိခင် မသီရိကတော့-

“အစ်မက အပျိုကတည်းကအလှမက်ပြီး ကိုယ့်ကိုယ်ကိုယ် အမြဲထိန်းထိန်းသိမ်းသိန်းနေတယ်။ ကျန်းမာရေးဂျာနယ်တွေထဲပါတဲ့ လေ့ကျင့်ခန်းလေးတွေကို အိမ်မှာလုပ်ကြည့်တယ်။ အဆင်ပြေရင် ရေချိုးခါနီးတိုင်း ပုံမှန်လုပ်တယ်။ ပြီးတော့ပျားရည်ထဲ သံပရာသီးစိတ်စိမ်ပြီးလည်း ပုံမှန်သောက်ဖြစ်ပါတယ်။ အစာကိုလည်းဆင်ခြင်တယ်လို့ ပြောပြခဲ့ပါတယ်။

အမျိုးသမီးတွေက ကလေးမွေးပြီး ကိုယ်အလေးချိန် ပြန်လျော့ကျသွားရင်တောင် ကိုယ်ဝန်မဆောင်ခင် အပျိုတုန်းကနဲ့ယှဉ်ရင် ကိုယ်အလေးချိန် ပိုများနေတတ်ပါတယ်။ ဒါဟာ မိသားစုတစ်ခုလုံးအတွက် ဝင်ငွေနဲ့ ထွက်ငွေလောက်ငအောင်သုံးဖို့၊ ကလေးတွေကို ပြုစုပျိုးထောင်ဖို့၊ အိမ်မှုကိစ္စတွေ အဆင်ပြေချောမွေ့ဖို့ အစရှိတဲ့ အိမ်ထောင်မှုတာဝန်တွေ များလာတာကြောင့် အစာကို ခပ်မြန်မြန်စားဖြစ်သွားပါတယ်။ အစာကို မြန်မြန်စားတဲ့အခါ များများစားဖြစ်သွားပါတော့တယ်။ ဒီအချက်ကလည်း ဝစေတဲ့အချက်တစ်ခုပဲလို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

အိမ်ထောင်ကျပြီးချိန်မှာ ကိုယ်အလေးချိန်ကို ပုံမှန်အနေအထားမှာ ထိန်းနိုင်ဖို့အတွက် ဘယ်လိုလိုက်နာသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး-

“ကိုယ်စားတဲ့ အစားအသောက်က နေ့တိုင်းနေ့တိုင်း ကိုယ်တကယ်စားနိုင်တဲ့ အစားအသောက်မျိုးဖြစ်ရပါမယ်။ စားတဲ့အစာက ကျန်းမာရေးနဲ့ညီညွတ်မျှတပြီး အာဟာရအစုံအလင်ပါရပါမယ်။ အမျှင်ဓာတ်များများပါပြီး နည်းနည်းနဲ့ မကြာခဏစားပေးရပါမယ်။ ဖြည်းဖြည်းနဲ့ကြေညက်အောင် ဝါးစားပေးရပါမယ်။ ဗိုက်ပြည့်တဲ့ခံစားချက်ရဖို့ ဦးနှောက်ထဲကစင်တာက မိနစ် ၂၀အချိန်ယူပါတယ်။ ၁၀ မိနစ်တည်းနဲ့အစာကို အတင်းစားလိုက်ရင် ဗိုက်ကမပြည့်သေးဘဲ ဖြစ်နေတတ်ပါတယ်။ အဲဒီတော့ ပိုစားမိသွားပါတယ်။

ဒါကြောင့် ပိန်ချင်ရင် အစားအသောက်ကို နည်းနည်းနဲ့ မကြာခဏစားပေးရပါမယ်။ ပလုတ်ပလောင်း မစားသင့်ပါဘူး။ အလွယ်တကူရတဲ့ အဆင်သင့်အစာ (Junk food) တွေကို မစားသင့်ပါဘူး။ မနက်စာကို ဘုရင်တစ်ပါးလိုစားပြီး နေ့လယ်စာကို မင်းသားလေးလိုစားကာ ညစာကို သူဆင်းရဲလိုစားပေးရပါမယ်။ အိမ်ရှင်မတွေ အစာစားတဲ့အခါ မဆာရင်မစားပါနဲ့။ အလွန်အကျွံပြည့်အင့်အောင် မစားပါနဲ့။ မတည့်တဲ့အစာ မစားပါနဲ့။ အားနာလို့မစားပါနဲ့။ နှမြောလို့မစားပါနဲ့။ အလကားရလို့မစားပါနဲ့။ အစာကို လိုအပ်သလောက်ပဲ သတိနဲ့စားသင့်ပါတယ်”လို့ ဒေါက်တာစိုးလွင်က အကြံပေးထားပါတယ်။

အစားအသောက်တွေကို ယောကျာ်းနဲ့အပြိုင်မစားပါနဲ့။ တချို့မိန်းကလေးတွေကျတော့ သူတစ်ပွဲ-ကိုယ်တစ်ပွဲ၊ သူနှစ်ပွဲ-ကိုယ်နှစ်ပွဲ . .အဲဒီလိုစားတတ်ကြတယ်။ အရင်ကသိပ်မစားတဲ့ မိန်းကလေးတွေတောင် အိမ်ထောင်ကျပြီးတဲ့အခါ ယောကျာ်းစားသလို လိုက်စားတတ်ကြတယ်။ အဲဒီလိုနည်းနဲ့ ဝလာကြတာဖြစ်ပါတယ် . . .

“ဖြစ်နိုင်ရင် အိမ်ထောင်ကျပြီးတဲ့ မိန်းကလေးတိုင်း လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ရင် ခန္ဓာကိုယ်ကို ထိန်းပြီးသားဖြစ်သွားပါတယ်။ နောက်ပြီးတော့ အစားအသောက်တွေကို ယောကျာ်းနဲ့အပြိုင်မစားပါနဲ့။ တချို့မိန်းကလေးတွေကျတော့ သူတစ်ပွဲ-ကိုယ်တစ်ပွဲ၊ သူနှစ်ပွဲ-ကိုယ်နှစ်ပွဲ . . အဲဒီလိုစားတတ်ကြတယ်။ အရင်က သိပ်မစားတဲ့ မိန်းကလေးတွေတောင် အိမ်ထောင်ကျပြီးတဲ့ အခါယောကျာ်းစားသလို လိုက်စားတတ်ကြတယ်။ အဲဒီလိုနည်းနဲ့ ဝလာကြတာဖြစ်ပါတယ်။

သူက ထမင်းတစ်ပန်းကန်စားရင် ကိုယ်ကထမင်းကို ပန်းကန်လုံးလေးတစ်လုံးလောက်ပဲ စားသင့်ပါတယ်။ အစကတည်းက အစားအသောက်ကို ဆင်ဆင်ခြင်ခြင်စားရင် မဝပါဘူး။ များသောအားဖြင့် အိမ်ထောင်ကျပြီးတဲ့အခါ မိန်းကလေးတွေက အပျိုတုန်းကထက် ပိုစားလာလို့ဝရတာပါ”လို့ ဒေါက်တာဒေါ်ဝင်းဝင်းမြင့်ကလည်း အိမ်ရှင်မတိုင်း ဆင်ခြင်နိုင်ဖို့အတွက် ထပ်လောင်းအကြံပြုလိုက်ပါသေးတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top