Healthy Life Ad
Life Style

ဓာတ်မတည့်မှုဖြစ်ခြင်း (Allergy)

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ဘယ်လိုအကြောင်းတွေကြောင့် ဓာတ်မတည့်မှု ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. ဓာတ်မတည့်တဲ့ ပစ္စည်းတစ်ခုခု (Allergen) နဲ့ ထိတွေ့မိတာ၊ ရှူရှိုက်မိတာနဲ့ စားသောက်မိတာတို့ကြောင့် ဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်။ ဓာတ်မတည့်မှုအမျိုးမျိုး ရှိပါတယ်။ အစာနဲ့ ဓာတ်မတည့်တာ၊ ဆေးနဲ့ဓာတ်မတည့်တာ၊ ဓာတုပစ္စည်းနဲ့ ဓာတ်မတည့်တာ၊ အင်းဆက်ပိုးမွှားတွေနဲ့ ဓာတ်မတည့်တာနဲ့ နီကယ်လို သတ္တုဓာတ်နဲ့ ဓာတ်မတည့်တာ စသဖြင့် ဓာတ်မတည့်မှု အမျိုးမျိုးရှိပါတယ်။ ဓာတ်မတည့်မှုဖြစ်တဲ့အခါ ခန္ဓာကိုယ်အစိတ်အပိုင်း အမျိုးမျိုးမှာရှိတဲ့ တစ်သျှူးတွေကနေ ဟစ္စတာမင်းနဲ့ တခြားဓာတ်တွေ ထွက်ရှိလာပြီး အသက်ရှူလမ်းကြောင်းကို ကျဉ်းစေနိုင်ပါတယ်။

မေး. ဘယ်လိုအစာတွေနဲ့ ဓာတ်မတည့်မှု ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. ပြောရမယ်ဆိုရင်-

– အစာနှင့် ဓာတ်မတည့်ခြင်း

ပင်လယ်စာ၊ မြေပဲစတဲ့ အစားအစာတွေနဲ့ ဓာတ်မတည့်တာအဖြစ်များပါတယ်။ အစာနဲ့ ဓာတ်မတည့်တာက ပြင်းထန်ရင် အသက်အန္တရာယ်ကိုတောင် ဖြစ်စေနိုင်ပါတယ်။

– ဓာတုပစ္စည်းနှင့် ဓာတ်မတည့်ခြင်း

တချို့မိတ်ကပ်အလှကုန်တွေနဲ့ ဓာတုပစ္စည်းပါတဲ့ အသုံးအဆောင်တချို့နဲ့ ဓာတ်မတည့်တာဖြစ်ပါတယ်။

– ဆေးနှင့် ဓာတ်မတည့်ခြင်း

ပင်နီစလင်နဲ့ ဓာတ်မတည့်တာက အဖြစ်များပါတယ်။

မေး. ဓာတ်မတည့်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. ဓာတ်မတည့်တဲ့အခါ ယားယံတာ၊ အင်ပျဉ်လို အနီဖုတွေပေါ်တာ၊ နှုတ်ခမ်းတွေ ထူအမ်းလာတာ၊ အရေပြားပူတာ စတာတွေဖြစ်တတ်ပြီး ဒီလက္ခဏာတွေက အသေးအမွှားတွေဖြစ်လို့ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ တကယ်လို့ ပြင်းထန်တယ်ဆိုရင် အသက်ရှူလမ်းကြောင်းကိုထိတာ၊ နှလုံးသွေးကြောထိတာနဲ့ အစာအိမ်အူလမ်းကြောင်း ထိတာဆိုပြီး သုံးမျိုးဖြစ်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းကို ထိတဲ့အခါ အဆုတ်လေပြွန်တွေကျဉ်းတာ၊ ကျယ်တာတို့ဖြစ်ပြီး အသက်ရှူမဝတာနဲ့ အသက်ရှူကျပ်တာတို့ ဖြစ်တတ်ပါတယ်။ နှလုံးသွေးကြောကို ထိတဲ့အခါ သွေးဖိအားကျပြီး ရှော့ခ်ရတတ်ပါတယ်။ အများအားဖြင့် ပင်နီဆလင်ဆေးနဲ့မတည့်တာကြောင့် ဖြစ်တတ်ပြီး အသက်အန္တရာယ်ရှိပါတယ်။ အစာအိမ်အူလမ်းကြောင်းထိတဲ့အခါ ပျို့ချင်အန်ချင်စိတ်ပေါ်တာ၊ အန်တာ၊ ဗိုက်နာတာ စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။

မေး. ဓာတ်မတည့်တာက ဘယ်လောက်အကြာမှာ ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. ဓာတ်မတည့်မှုမှာ ချက်ချင်းဖြစ်တာနဲ့ အချိန်ကြာမှဖြစ်တာဆိုပြီး နှစ်မျိုးရှိပါတယ်။ ချက်ချင်းဖြစ်တယ်ဆိုတာ ဆေးထိုးပြီးတာနဲ့ အဲဒီဆေးနဲ့မတည့်လို့ ဓာတ်မတည့်တဲ့ လက္ခဏာပေါ်တာပါ။ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ အချိန်ကြာမှ ဖြစ်တယ်ဆိုတာက နည်းနည်းစိုးရိမ်ရပါတယ်။ ဆေးတစ်မျိုးကို တည့်၊ မတည့် စမ်းပြီး ထိုးကြည့်တဲ့အခါ ပထမရက်မှာ အဆင်ပြေနေပါတယ်။ အဲဒါနဲ့ ဆေးထိုးလိုက်ပါတယ်။ နောက်ရက်မှာလည်း ဆေးထိုးတော့ အဆင်ပြေနေတုန်းပါပဲ။ တတိယနေ့ကျမှ ဆေးထိုးလိုက်တဲ့အခါ ဓာတ်မတည့်တဲ့ လက္ခဏာပေါ်လာတာဖြစ်ပါတယ်။ ဒါက စိုးရိမ်ရပါတယ်။

ဓာတ်မတည့်မှုမဖြစ်စေဖို့အတွက် ဓာတ်မတည့်မှု အရင်ကဖြစ်ဖူးတဲ့သူတွေ သတိထားဖို့လိုပါတယ်။ ကိုယ်သုံးနေကျ၊ စားနေကျ၊ ထိတွေ့နေကျ အရာမဟုတ်ရင် နည်းနည်းလောက်အရင် စမ်းသပ်သုံးကြည့်သင့်ပါတယ်။ ဥပမာ-အလှကုန်ပစ္စည်းအသစ်ဆိုရင် လက်မှာ အရင်စမ်းသပ်လိမ်းကြည့်လို့ တည့်တယ်ဆိုမှ မျက်နှာမှာလိမ်းသင့်ပါတယ်။

မေး. ဓာတ်မတည့်တဲ့သူက ကိုယ်နဲ့မတည့်တာကို အမြဲရှောင်ရမှာလား ဆရာ။

ဖြေ. ဓာတ်မတည့်မှုဖြစ်တတ်သူတွေက ကိုယ်နဲ့မတည့်တဲ့ အစာတစ်ခုကို တစ်သက်လုံး မစားရတော့ဘူးလားလို့ မေးစရာရှိပါတယ်။ အဲဒီလိုတော့ မဟုတ်ပါဘူး။ ဥပမာ ပုစွန်တစ်ကောင်စားလို့ ဓာတ်မတည့်ရင် ပုစွန်နည်းနည်း စားကြည့်ရပါမယ်။ နောက်နေ့မှာ အဲဒီထက်နည်းနည်းတိုးပြီး စားကြည့်ရပါမယ်။ အဲဒီလိုထပ်တိုးတိုးပြီး စားကြည့်ရင်းနဲ့ ဓာတ်မတည့်တာ လျော့သွားတတ်ပါတယ်။ အဲဒါကို Desensitization လုပ်တယ်လို့ ခေါ်ပါတယ်။

ဓာတ်မတည့်မှု မကြာခဏဖြစ်တတ်တဲ့ သူတွေကတော့ ကိုယ်နဲ့ ဘာကမတည့်ဘူးလဲဆိုတာကို ဒိုင်ယာရီစာအုပ်ထဲ ချရေးထားရပါမယ်။ ဒါက အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ် . . .

မေး. ဓာတ်မတည့်မှုဖြစ်လာရင် ဘယ်လိုကုသသင့်ပါသလဲ ဆရာ။

ဖြေ. ဓာတ်မတည့်မှု မကြာခဏဖြစ်တတ်တဲ့သူတွေကတော့ ကိုယ်နဲ့ ဘာကမတည့်ဘူးလဲဆိုတာကို ဒိုင်ယာရီစာအုပ်ထဲချရေးထားရပါမယ်။ ဒါက အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ ဓာတ်မတည့်မှုဖြစ်လာရင် အသေးအမွှားဆိုရင် H1 Blocker ဖြစ်တဲ့ ဘာမီတွန်လို ဟစ္စတာမင်းတားဆေး၊ H1 Blocker ဖြစ်တဲ့ Rinitidine ဆေးတွေကို သောက်သင့်ပါတယ်။ သိပ်ဆိုးတဲ့ ဓာတ်မတည့်မှုတွေမှာတော့ Dexamethasone ဆေးကို ပေးလေ့ရှိပါတယ်။ အသက်အန္တရာယ်ဖြစ်စေတဲ့ ဓာတ်မတည့်မှုဆိုရင် အဒရီနယ်လင် (Adrenaline)၊ ကလော်ဖီနရာမင်း (Chlorphenaramine)၊ ဟိုက်ဒရိုကော်တီစုန်း (Hydrocortisone) တို့ပေးပြီး Drip ချိတ်ပေးထားရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top