Healthy Life Ad
Life Style

မျက်စိရောဂါဆိုင်ရာ အယူအဆမှားများ

ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံခြင်း

မေး။ ။ မျက်စိနဲ့ ပတ်သက်ပြီး လူအများကြားမှာအတွေ့ရများတဲ့ အယူအဆမှားတွေကို သိပါရစေဆရာ။
ဖြေ။ ။ မျက်စိနဲ့ပတ်သက်တဲ့ အယူအဆတွေက လူတွေ ကြားထဲမှာ ပျံ့နှံ့နေတာ အမျိုးမျိုးရှိပါတယ်။ အဲဒီ အထဲက ဆရာတို့ဆီကို ရောက်လာတဲ့ လူနာအများစုမှာ တွေ့ရတဲ့ အယူအဆမှားတွေအကြောင်းကို ပြော ပြချင်ပါတယ်။ အများဆုံး တွေ့ရတဲ့ အယူအဆက မျက်မှန်နဲ့ ပတ်သက်ပြီးတော့ ဖြစ်ပါတယ်။

အယူအဆမှား-မျက်မှန်တပ်လို့ ပါဝါလျော့တယ်၊ မျက်မှန်တပ်လို့ ပါဝါတိုးတယ်
တချို့လူတွေက မျက်မှန်ကို စွဲစွဲမြဲမြဲတပ်လိုက်ရင် မျက်မှန်ပါဝါ လျော့သွားတယ်လို့ ထင်ကြသလို တချို့ကျတော့လည်း မျက်မှန်တပ်တာကြောင့် မျက်မှန် ပါဝါတိုးလာတယ်လို့ ထင်နေကြပါတယ်။

“ကျွန်မသားက အခုမျက်မှန်ပါဝါ အနုတ် တစ် (-၁) ရှိတယ်၊ အဲဒါကို စွဲစွဲမြဲမြဲတပ်လိုက်ရင် အနုတ် နှစ် (-၂) ဖြစ်သွားမှာပေါ့” လို့ ပြန်ဖြေကြတယ်။ တချို့ကျတော့လည်း မျက်မှန်ကို စွဲစွဲမြဲမြဲတပ်ရင် မျက်မှန်ပါဝါ အနုတ်တစ်ကနေ – ဝ.၅ ဖြစ်သွားမလားလို့ ထင်ကြတယ်။ မဟုတ်ပါဘူး။ မျက်မှန်ပါဝါက မျက်လုံးရဲ့ Curvature နဲ့ Axial Length ပေါ်မှာ မူတည်ပါတယ်။ ဒါက အရွယ်နဲ့အလိုက် ပြောင်းလဲနေပါတယ်။ ဥပမာအားဖြင့် အဝေးပါဝါ (အနုတ်ပါဝါ)က Axial Length ပေါ်မှာ မူတည်ပါတယ်။ Axial Length ရှည်လာရင် အနုတ်ပါဝါက များလာတတ်ပါတယ်။ အသက် ၁၂နှစ်အရွယ်က လေးတစ်ယောက်က မျက်မှန်ပါဝါ အနုတ်တစ်ကို တပ်ထားတယ်။ တစ်နှစ်ကြာလို့ ပြန်စမ်းလိုက်တော့ အနုတ် တစ်ဒသမငါးဖြစ်သွားတယ်။ နောက်တစ်နှစ် ကျတော့ အနုတ်နှစ်ဖြစ်သွားတယ်။ ဒီတော့ မိခင်ဖြစ် သူက “ကျွန်မသားလေး မျက်မှန်တပ်လိုက်လို့ ပါဝါတိုးလာတာ ထင်တယ်”လို့ ပြောတတ်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ တကယ်တော့ အရွယ်နဲ့လိုက်တဲ့ ပြောင်းလဲမှု ဖြစ်လာတာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုရှိနေသမျှ ပါဝါကလည်း လိုက်တက်နေမှာပါပဲ။ ပုံမှန်ဆိုရင် အသက် ၂၁နှစ် လောက်အထိ မျက်မှန်ပါဝါတက်နေနိုင်ပါတယ်။ ၂၁ နှစ်မှာ ခန္ဓာကိုယ်နဲ့ အရပ်အမောင်း ဖွံ့ဖြိုးမှုက ရပ်သွားပြီဆိုရင်၊ မျက်ဆန်(Eye Ball)ရဲ့ Axial Length ရှည်တာ ရပ်သွားရင် မျက်စိပါဝါတက်တာလည်း ရပ်သွားမှာ ဖြစ်ပါတယ်။

မိုးကြိုးသွားနဲ့ အတွင်းတိမ်ကို ကုသပြီးတဲ့အခါမှာ နောက်ဆက်တွဲအနေနဲ့ ဘာဖြစ်တတ်သလဲဆိုတော့ အတွင်းတိမ်က Vitreous Cavity ထဲကို မလိုလား အပ်ဘဲဝင်နေတာဖြစ်တဲ့အတွက် ရေတိမ်ဝင်လာနိုင်တယ်၊ သူငယ်အိမ်ရောင်နိုင်တယ်၊ အဲဒီကနေတစ်ဆင့် မျက်စိတောင် ကွယ်သွားနိုင်ပါတယ်။ မိုးကြိုးသွားနဲ့ ကုတာက လတ်တလောမှာကောင်းပေမယ့် ရေရှည်မှာတော့ ဘယ်လိုမှမကောင်းနိုင်ပါဘူး . . .

တချို့လူနာတွေကျတော့လည်း မျက်မှန်ကို ငယ်ငယ်လေးကတည်းက တပ်လာတာ၊ ကြီးလာတော့ ပါဝါလျော့သွားတယ်လို့ ပြောကြပါတယ်။ ဒါကဘယ်လိုဖြစ်တာလဲဆိုတော့ ငယ်ငယ်ကတည်းက အနုတ်ပါဝါတပ်ခဲ့တယ်။ အသက် ၄၀အရွယ် ရောက်တော့ မျက်မှန်က အပေါင်းပါဝါဝင်လာတယ်။ အနုတ်ပါဝါနဲ့ အပေါင်းပါဝါကြေတော့ မျက်မှန်လွတ်သွားတယ်။ အဝေးကိုတော့မှုန်တယ်၊ အနီးကိုတော့ မြင်ရတော့ မျက်မှန်မတပ်ရတော့ဘူး။ ဒါငယ်ငယ်ကတည်းက မျက်မှန်ကို စွဲစွဲမြဲမြဲတပ်လာတဲ့ အကျိုး ကျေးဇူးပဲလို့ ပြောကြတယ်။ ဒါလည်း မဟုတ်ပါဘူး။

နောက်တစ်ခုက အတွင်းတိမ်ရောဂါ အမျိုးအစားတစ်ခု ဖြစ်တဲ့ Nuclear Sclerosis ဖြစ်ရင် မျက်မှန်က အနုတ်ဘက်ကို ရောက်သွားတယ်။ အဲဒီတော့ အသက် ၅၀အရွယ်မှာ အပေါင်း နှစ်တပ်ထားတော့ အနုတ်ပါဝါ ဝင်လာတဲ့အခါ ကြေသွားပြီး သုညပါဝါ ဖြစ်သွားတယ်။ ဒါပေမဲ့ အဝေးကိုတော့ မှုန်တယ်၊ အနီးကိုမြင်တယ်။ ဒီလို လူနာတွေက မျက်စိအထူးကု ဆရာဝန်တွေဆီလာပြတဲ့အခါ “ဆရာ..ကျွန်မ မျက် မှန်ပါဝါလွတ်သွားပြီ”ဆိုပြီး ဝမ်းသာအားရပြောကြတယ်။ ဒါအတွင်းတိမ်ဝင်နေပြီဆိုတာ ဆရာတို့က သိလိုက်ပါတယ်။ သူတို့ကတော့ ငယ်ငယ်ကတည်းက မျက်မှန်ကို ဂရုတစိုက်တပ်ခဲ့လို့ အသက် ၅၀ အရွယ်မှာ မျက်မှန်ပါဝါလွတ်သွားတာလို့ ထင်နေခဲ့ကြတယ်။ တချို့ကျတော့လည်း “မျက်လုံးက ကောင်းလာလိုက်တာ၊ အပ်ပေါက်တောင်မြင်ရပြီ”လို့ပြောကြတယ်။ သားသမီးတွေက “အမေအပ် ပေါက်တောင် မြင်ရပြီဆိုတော့ ဒါ.. ကျွန်မတို့က ဗီတာမင်အားဆေးတွေ အမြဲတိုက်လို့ထင်တယ်”လို့ ပြောတတ်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒါက အတွင်းတိမ်ဝင်နေတဲ့ အခြေအနေပါ။

မေး။ ။ နယ်က လူနာတွေမှာရော ဘယ်လို အယူအဆမှားတွေရှိနေတတ်ပါသလဲ ဆရာ။
ဖြေ။ ။ နယ်ကလူနာတွေကတော့ မိုးကြိုးသွားနဲ့ ကုရင် အတွင်းတိမ်ရောဂါ ပျောက်တယ်လို့ ထင်တတ်ကြပါ တယ်။ အတွင်းတိမ်ရောဂါကို မိုးကြိုးသွားနဲ့ ကုသပြီး နောက်ဆက်တွဲ ပြဿနာတွေနဲ့ ရောက်လာတဲ့ လူနာတွေကို ရန်ကုန်မှာတော့ သိပ်မတွေ့ရပေမယ့် မော်လမြိုင်မှာ တာဝန်ထမ်းဆောင်စဉ်ကတော့ လူ နာနှစ်ဦး-သုံးဦးလောက်အထိ ဆရာ တွေ့ဖူးပါတယ်။ ရန်ကုန်မှာတော့ အတွင်းတိမ်ရောဂါကိုမိုးကြိုး သွားနဲ့ ကုတဲ့လူနာ မတွေ့သေးပါဘူး။

အတွင်းတိမ်ကို မိုးကြိုးသွားနဲ့ ကုတယ် ဆိုတာ က မိုးကြိုးသွားနဲ့ အတွင်းတိမ်ကို တွန်းထုတ်လိုက်တော့ Vitreous Cavityထဲကို ကျသွားပါတယ်။ အဲဒီလိုကျသွားတော့ ရှေ့မှာ လွတ်သွားတဲ့အတွက် တစ်ပေအကွာလောက်ကို မြင်ရတယ်။ အဲဒီတော့ လူနာက ဝမ်းသာသွားတယ်။ အဲဒီလို မိုးကြိုးသွားနဲ့ အတွင်းတိမ်ကို ကုသပြီးတဲ့အခါမှာ နောက်ဆက်တွဲ အနေနဲ့ ဘာဖြစ်တတ်သလဲဆိုတော့ အတွင်းတိမ်က Vitreous Cavity ထဲကို မလိုလားအပ်ဘဲ ဝင်နေတာ ဖြစ်တဲ့အတွက် ရေတိမ်ဝင်လာနိုင်တယ်၊ သူငယ်အိမ်ရောင်နိုင်တယ်၊ အဲဒီကနေတစ်ဆင့် မျက်စိတောင် ကွယ်သွားနိုင်ပါတယ်။ မိုးကြိုးသွားနဲ့ ကုတာက လတ်တလောမှာ ကောင်းပေမယ့် ရေရှည် မှာတော့ ဘယ်လိုမှ မကောင်းနိုင်ပါဘူး။

ဒီခေတ်မှာတော့ မိုးကြိုးသွားနဲ့ ကုတဲ့ ခေတ်က တော်တော်ကုန်သွားပါပြီ။ လူအတော်များများက လည်း အတွင်းတိမ် ဖြစ်ရင် ခွဲစိတ်လိုက်တာ ကောင်း တယ်ဆိုတဲ့ အယူအဆကို လက်ခံလာကြပါပြီ။ ဒါပေမဲ့ တချို့နယ်တွေမှာ ခွဲစိတ်ရမှာကို ကြောက်တယ်ဆို တဲ့ လူနာတွေက မိုးကြိုးသွားနဲ့ ကုသမှု ခံယူနေသေး တာကို တွေ့ရပါတယ်။ မိုးကြိုးသွားဆိုတာကလည်း တ ကယ့် မိုးကြိုးသွားဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ မျက်စိအတွင်းတိမ်ကို သံထည်တစ်ခုခုနဲ့ကျွတ် အောင် ထိုးရင်လည်းရတာပဲ။ အဲဒီလို အထိုးခံလိုက်ရတဲ့အခါ လူနာအနေနဲ့ မျက်လုံးကို လက်သီးနဲ့ အထိုးခံရသလို နာကျင်သွားပါတယ်။ အဲဒီလောက်အထိ နာကျင်ပြီးတဲ့အခါ အတွင်းတိမ်က Vitreous Cavity ထဲကို ကျသွားပါတော့တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top