Healthy Life Ad
Child

ဆယ်ကျော်သက်အရွယ်ကစပြီး လိုက်နာသင့်သည့် ကျန်းမာရေးအကျင့်ကောင်းများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဆယ်ကျော်သက်အရွယ်ဆိုတာ ငယ်ရွယ်တုန်း၊ သန်မာတုန်း၊ လန်းဆန်းတုန်းအရွယ်ဖြစ်လို့ ကျန်းမာရေးကို အလေးထားစရာ မလိုဘူးလို့ မတွေးလိုက်ပါနဲ့။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်တွေကို လိုက်နာနေထိုင်ဖို့ ဘယ်တော့မှ စောတယ်ဆိုတာမရှိပါဘူး။ ဆယ်ကျော်သက်အရွယ်ကတည်းက ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ပေးမှသာ အသက်ကြီးတဲ့အထိ ဘဝတစ်လျှောက်လုံး ကျန်းမာ လန်းဆန်းနေမှာ ဖြစ်ပါတယ်။

(၁) ရေများများ သောက်ခြင်း
ရေအလုံအလောက်သောက်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ဟန်ချက်ညီစေပြီး အဆိပ်တွေကို သန့်စင်စေပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

(၂) ပုံမှန် အိပ်စက်အနားယူချိန် ထားရှိခြင်း
ဆယ်ကျော်သက်တွေအတွက် ပျမ်းမျှအားဖြင့် တစ်ညမှာ အနည်းဆုံး အိပ်ချိန် ရှစ်နာရီ လိုအပ်ပါတယ်။ အိပ်ချိန် ၇-၈ နာရီ ရှိတာက သင့်ကို ကျန်းမာစေတဲ့ အဓိက အချက်ပါ။ အိပ်ချိန်လုံလောက်တဲ့ အတွက် တစ်နေ့လုံးလန်းဆန်းတက်ကြွစေပြီး ပူပင် သောကလျော့ပါးစေပါတယ်။

(၃) နေ့တိုင်း နံနက်စာ ကောင်းကောင်းစားခြင်း
နံနက်စာဆိုတာ တစ်နေ့တာရဲ့ အရေးပါဆုံး အစာဖြစ်ပါတယ်။ နံနက်စာမှာ သစ်သီး၊ ဥအမျိုးမျိုး၊ နွားနို့၊ ပေါင်မုန့် ဒါမှမဟုတ် ထမင်းစတာတွေ ပါဝင်နေပါစေ။ နံနက်စာကို ကောင်းကောင်းစားတာကြောင့် တစ်နေ့တာအတွင်း အာရုံစူးစိုက်မှု ကောင်းစေပြီး အစာစားချင်စိတ် လျော့ပါးစေပါတယ်။

(၄) အဆင်သင့်အစာများကို ရှောင်ခြင်း
အဆင်သင့်အစာတွေက သင့်ကို စားချင်စိတ် ဖြစ်လာအောင် ဆွဲဆောင်နေပြီလား။ အဆင်သင့်အ စာအများစုမှာ အာဟာရတန်ဖိုး နည်းပြီး ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထား တတ်ပါတယ်။ ဒါကြောင့် အဆင်သင့်အစာတွေကို တတ်နိုင်သမျှ ရှောင်ပြီး ဆားမပါတဲ့ အခွံမာစေ့၊ သစ် သီးခြောက်နဲ့ ဟင်းရွက်သုပ် စတဲ့ ဗီတာမင်နဲ့ သတ္တု ဓာတ်ပါဝင်မှုများတဲ့အစာတွေကို စားပေးသင့်ပါတယ်။

(၅) ကျန်းမာရေးနှင့် ညီညွတ်သည့် အစာများကို စားခြင်း
အသေးအမွှား ပြောင်းလဲမှုဆိုပေမယ့် တကယ် ထိရောက်ပါတယ်။ ဥပမာ ပေါင်မုန့်စားမယ်ဆိုရင် အဖြူရောင် ပေါင်မုန့်ထက် အညိုရောင် ပေါင်မုန့်ကို စားသင့်ပါတယ်။ အာလူးစားမယ်ဆိုရင် အာလူး ကြော်ထက် အာလူးပြုတ်ကို ရွေးချယ်သင့်ပါတယ်။

(၆) အစာကို ဖြည်းညင်းစွာ စားခြင်း
အစာကို ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားပြီး ဗိုက်ပြည့်တဲ့အခါရပ်လိုက်တာက သင့်ကိုဗိုက်ပြည့်ပြီး ကျေနပ်မှုတို့ ပေးစွမ်းနိုင်သလို ကိုယ်တွင်းအစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ အစာကြေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

(၇) သရေစာကို ကျန်းမာရေးနှင့် အညီစားပါ
သစ်သီး၊ အခွံမာစေ့၊ သခွားသီးစတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာတွေကို ဆောင်ထားပြီး စားတာက တစ်နေ့လုံး စွမ်းအင်အဆင့်ကို ထိန်းထား ပေးနိုင်ပါတယ်။ အခွံမာသီးနဲ့ အစေ့အဆန်မှာ ကောင်းတဲ့အဆီတွေ ပါဝင်တာကြောင့် ဆယ်ကျော် သက်အရွယ်တွေမှာ ကျန်းမာရေး ကောင်းစေပြီး သွေး တွင်း သကြားဓာတ် မြင့်တက်မှု မရှိအောင် ထိန်းနိုင်ပါတယ်။

(၈) လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်ခြင်း
လေ့ကျင့်ခန်းလုပ်တဲ့အခါတိုင်း ချွေးထွက်တဲ့အထိ လုပ်ဆောင်ပါ။ မနက်စောစော အိမ်ပြင်ထွက်ပြီး လမ်းလျှောက်တာ၊ ပြေးတာတို့ လုပ်ဆောင်ရင် နေခြည် နုနုကို ပိုရရှိစေပါတယ်။ တစ်ပတ်မှာ အနည်းဆုံး ငါး ကြိမ်ခန့်၊ တစ်ကြိမ်မှာ မိနစ် ၂၀ လောက် ချွေးထွက်အောင် လေ့ကျင့်ခန်း လုပ်ပေးရင် ကျန်းမာလန်းဆန်း စေပါတယ်။

(၉) တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားခြင်း
နံနက်တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီး တစ်ကြိမ် မျက်နှာသစ်သလို တစ်နေ့နှစ်ကြိမ် သွားတိုက်ပေးပါ။ ရေမှန်မှန်ချိုးပါ။ ကိုယ့်အသွင်အပြင်ကိုဂရုစိုက်ပေးတာကြောင့် စိတ်ခံစားချက်ကောင်းမွန်စေသလို မျက်နှာ အသားအရေ ကြည်လင်ရှင်းသန့်စေပါတယ်။

(၁၀) ကိုယ်ဟန်အနေအထား မှန်ကန်ခြင်း
အတန်းထဲမှာ၊ အလုပ်ထဲမှာ ခန္ဓာကိုယ်ကို လျှောမထိုင်ပါနဲ့။ မတ်မတ်နေပါ။

(၁၁) ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားမှုရှိခြင်း
ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားစိတ်ရှိရင် ဘယ်လောက်ပဲ ရှုံးနိမ့်နေပါစေ စိတ်ခွန်အားက ယုတ်လျော့သွားမှာ မဟုတ်တဲ့အတွက် နောက်ဆုံးမှာ ကိုယ် ရဲ့ အောင်မြင်မှုပန်းတိုင်ကို ရရှိမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top