Healthy Life Ad
Life Style

အားနည်းပြီး မူးမေ့ချင်သလို ဖြစ်နေသလား

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဆယ်ကျော်သက်အရွယ်တွေမှာ အဖြစ်များတဲ့ အားနည်းပြီး မူးမေ့တဲ့ဝေဒနာအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

အားနည်းပြီး မူးမေ့ခြင်းဖြစ်ရသည့် အကြောင်းရင်း

ဒါက စိတ်နဲ့ခန္ဓာမှာ ဖိစီးမှုဒဏ်ရှိတာကြောင့် ဖြစ်ရတာပါ။ လူတစ်ယောက်ရဲ့ နှလုံး၊ သွေးလှည့်ပတ်မှု၊ သွေးဖိအားနဲ့ အသက်ရှူတဲ့ ပုံစံစတာတွေနဲ့လည်း ဆက်စပ်မှုရှိသလို စိတ်ဖိစီးမှု၊ စိုးရိမ်သောကများတာ၊ စိတ်ပင်ပန်းတာစတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့လည်း ဆက်စပ်နေပါတယ်။

အားနည်းပြီးမူးမေ့သော ဝေဒနာဖြစ်ပေါ်စေရန် လှုံ့ဆော်သည့်အချက်များ

– စိတ်ဖိစီးမှုဖြစ်စေတဲ့ အခြေအနေ၊ စိတ်လှုပ်ရှားမှုနဲ့ နာကျင်မှုတွေဟာ အားနည်းပြီး မူးမေ့တဲ့ဝေဒနာကို ဖြစ်စေနိုင်ပါတယ်။

– အပူရှိန်များလွန်းတဲ့အခန်းနဲ့ လူထူထပ်လွန်းတဲ့ အခန်းထဲမှာ နေရတဲ့အခါ၊ သွေးစစ်ဆေးဖို့ ဆရာဝန်အခန်းကို သွားတဲ့အခါတွေမှာ အားနည်းပြီး မူးမေ့တဲ့ ဝေဒနာဖြစ်ပေါ်တတ်ပါတယ်။

– အားနည်းပြီး မူးမေ့တာက ရုတ်တရက် မမျှော်လင့်ဘဲ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီအခါ ဖျော့တော့တာ၊ ချွေးစေးပြန်တာနဲ့ဖျားတာတို့ ဖြစ်တတ်ပါတယ်။ အိပ်နေရာကနေ ရုတ်တရက် မတ်တပ်ထရပ်တဲ့အခါနဲ့ ထိုင်လိုက်တဲ့အခါတွေမှာ မူးမေ့သွားတတ်ပါတယ်။

အားနည်းပြီး မူးမေ့နေသူကိုတွေ့လျှင် ရှေးဦးပြုစုနည်း

အရင်ဆုံးမူးမေ့ချင်သလိုလိုဖြစ်နေသူကို အိပ်ရာပေါ်လှဲလျောင်းဖို့ ပြင်ဆင်ပေးပါ။ ပြီးရင် သူတို့ရဲ့ဦးခေါင်းကို တတ်နိုင်သမျှနှိမ့်ထားပြီး ခြေထောက်တွေကို မြှင့်တင်ထားပေးပါ။ ဒီနည်းလမ်းဟာ ဦးခေါင်းထဲကို သွေးစီးဆင်းရောက်ရှိစေပါတယ်။

– အိပ်နေရာကနေ ရုတ်တရက် ထလိုက်တာမျိုးကိုရှောင်ပါ။

– သတိလစ်ပြီး မူးမေ့ချင်သလိုလိုဖြစ်နေရင် ကောင်းကောင်းသတိရဖို့အတွက် မိနစ်အနည်းငယ်ကျော်ကြာတဲ့အထိ အချိန်ယူရပါတယ်။ ဒါကြောင့် အာရုံထွေပြားပြီး ကြည်လင်ပြတ်သားမှု မရှိသေးချိန်မှာ ရုတ်တရက်ထရပ်လိုက်ရင် မူးဝေကာ သတိလစ်ချင်သလိုလို ဖြစ်သွားနိုင်ပါတယ်။

– တကယ်လို့ မူးမေ့လာပြီး လှဲအိပ်ဖို့ အဆင်မပြေရင် ဒူးနှစ်ဖက်ကြားခေါင်းထည့်ပြီး ထိုင်နေသင့်ပါတယ်။ သူငယ်ချင်းမိတ်ဆွေတစ်ဦးက သူ့လက်တစ်ဖက်ကိုကိုင်ရင်း နောက်လက်တစ်ဖက်နဲ့ သူ့ဦးခေါင်းကို အသာအယာဖိထားပေးပါ။ ဒီလိုလုပ်တာက ဦးခေါင်းထဲကို သွေးစီးဆင်းရောက်ရှိမှုများစေပြီး အားနည်းမူးဝေတဲ့ဝေဒနာကို သက်သာစေပါတယ်။

မူးမေ့သော ဝေဒနာဖြစ်လွယ်လျှင်

မူးမေ့လွယ်တဲ့သူတွေက သူတို့ကိုမူးမေ့လွယ်စေနိုင်တဲ့ အခြေအနေတွေနဲ့ အရာတွေကို အမြဲသတိထားနေဖို့ လိုပါတယ်။ မူးမေ့ချင်သလိုလို ဖြစ်လာပြီဆိုရင် ဘေးကလူတွေကို ကြိုတင်သတိပေးထားပြီး ထိုင်ချလိုက်ဖို့၊ လှဲအိပ်လိုက်ဖို့လိုပါတယ်။ မူးမေ့တာက အချိန်တိုတိုအတွင်း ဖြစ်ပေါ်တတ်လို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top