Healthy Life Ad
Life Style

၃၀အရွယ်မှာ ကလေးနို့တိုက်ရင်း စမ်းမိတဲ့ ရင်သားကင်ဆာအကျိတ်ကို ကုသအောင်မြင်ခဲ့သူ မစန်းစန်းမိုး

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၂၀၁၅ ခုနစ်တွင် အသက် ၃၀အရွယ် မစန်းစန်းမိုးသည် ရင်သွေးကို မိခင်နို့ချိုတိုက်ကျွေးရင်း ဘယ်ဘက်ရင်သားပေါ်က အကျိတ်ကို စတင်စမ်းမိခဲ့သည်။

“ကလေးနို့တိုက်ရင်း ဘယ်ဘက်ရင်သားအပေါ်က အကျိတ်လေးကို စပြီး စမ်းမိသွားတာ။ အကျိတ်လေးက နည်းနည်းလှုပ်တုပ်လှုပ်တုပ်လေး . . အကျိတ်လေးဟုတ်တယ်လို့သိတာနဲ့ နောက်နေ့မှာပဲ အိမ်နားက ဆေးခန်းကို သွားပြလိုက်တယ်။ ခွဲစိတ်ဆရာဝန်ကြီးက ရင်သားအကျိတ်ကိုခွဲလိုက်တယ်”ဟု မစန်းစန်းမိုးက သူ၏ရင်သားကင်ဆာခရီးလမ်းအစကို ပြန်လည်ပြောပြခဲ့သည်။

ရင်သားအကျိတ်ကို အသားစယူစစ်ဆေးမှုအရ ရင်သားကင်ဆာအဆင့်(၂)ဟု သိရှိခဲ့ရကြောင်း၊ သို့ဖြစ်ရာ ကင်ဆာဖြစ်ကြောင်းသိသည်နှင့် ခင်ပွန်းသည်နှင့် မိသားစုဝင်တို့က ခွဲစိတ်ဆရာဝန်ကြီး အကြံပေးသည့်အတိုင်း ဘယ်ဘက်ရင်သားတစ်ခုလုံးကို ဖြတ်ထုတ်ရန်တိုက်တွန်းခဲ့ကြောင်း မစန်းစန်းမိုးကဆိုသည်။

‘အောက်ကို အမြစ်မတွယ်သေးဘူး၊ စောစောစီးစီးသိတဲ့အတွက် ကံကောင်းပါတယ်’လို့ ခွဲစိတ်ဆရာဝန်ကြီးက ပြောပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ ကင်ဆာလို့ သိလိုက်ရတာနဲ့ စိတ်လည်းမကောင်းဘူး။ ကိုယ်ကလည်း အသက် ၃၀ ဆိုတော့ ကင်ဆာဖြစ်ဖို့ ငယ်သေးတယ်ဆိုပြီး ဝမ်းနည်းတယ်။ ကလေးကလည်း ငယ်သေးတယ်ဆိုတော့ တော်တော်လေးစိတ်ဓာတ်ကျသွားတယ်။ ကင်ဆာဆိုတော့ သေမယ်လို့ပဲ တွေးမိတာကိုး။

“ကျွန်မလည်း ဘယ်ဘက်ရင်သားတစ်ခုလုံးကို ဖြတ်ထုတ်ပစ်ခဲ့ပါတယ်။ ‘အောက်ကိုအမြစ်မတွယ်သေးဘူး၊ စောစောစီးစီးသိတဲ့အတွက် ကံကောင်းပါတယ်’လို့ ခွဲစိတ်ဆရာဝန်ကြီးကပြောပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ ကင်ဆာလို့သိလိုက်ရတာနဲ့ စိတ်လည်းမကောင်းဘူး။ ကိုယ်ကလည်း အသက် ၃၀ ဆိုတော့ ကင်ဆာဖြစ်ဖို့ ငယ်သေးတယ်ဆိုပြီး ဝမ်းနည်းတယ်။ ကလေးကလည်း ငယ်သေးတယ်ဆိုတော့ တော်တော်လေး စိတ်ဓာတ်ကျသွားတယ်။ ကင်ဆာဆိုတော့ သေမယ်လို့ပဲတွေးမိတာကိုး။ သေမှာပဲဆိုပြီး နေ့ရောညရောငိုပါတယ်”ဟု ကင်ဆာဟု သိသိချင်း ကြောက်လန့်တကြား ဝမ်းနည်းအားငယ်ခဲ့ရကြောင်း မစန်းစန်းမိုးက ပြောပြခဲ့သည်။

မစန်းစန်းမိုး၏ ဝမ်းနည်းအားငယ်မှုများသည် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းသို့ ရောက်ရှိသွားချိန်တွင် လွင့်ပြယ်သွားခဲ့တော့သည်။ “ခွဲစိတ်ပြီး တစ်လလောက်ကြာတော့ အသိတစ်ယောက်က ပြောပြတာနဲ့ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းကို သွားခဲ့တယ်။ အဲဒီရောက်မှ ကိုယ်လိုကင်ဆာဖြစ်တဲ့သူတွေ အများကြီးပဲဆိုတာ တွေ့လိုက်ရတယ်။ အဲဒီတော့မှ နဂိုက စိတ်ဓာတ်ကျပြီးငိုနေမိပေမယ့် “ကိုယ်တစ်ယောက်တည်း ကင်ဆာဖြစ်တာမှ မဟုတ်တာ”ဆိုပြီး စိတ်သက်သာရာ ရသွားပါတယ်။ ရွှေရောင်နှင်းဆီကင်ဆာ ဖောင်ဒေးရှင်းကလည်း ကုသလို့ပျောက်ကင်းနိုင်တဲ့ လူနာတွေကို အခမဲ့ဆေးသွင်းပေးတယ်ဆိုတာ သိလိုက်ရပြီး ကျွန်မကို ကင်ဆာဆေး ခြောက်ကြိမ်သွင်းပေးပါတယ်။ အခမဲ့ကုပေးခဲ့တာလည်းဖြစ်သလို ဆရာ၊ ဆရာမတွေက နွေးနွေးထွေးထွေးရှိလို့ သူတို့ရဲ့နွေးထွေးမှုနဲ့တင် တော်တော်လေး စိတ်ချမ်းသာသွားပါတယ်”ဟု မစန်းစန်းမိုးကဆိုသည်။

“ဆေးသွင်းတဲ့အချိန်မှာ ဆေးကလည်းပူတဲ့အတွက် အပူအစပ်တွေ မစားခိုင်းပါဘူး။ ဆေးသွင်းတဲ့အချိန်မှာ ဆေးဒဏ်ခံနိုင်အောင် အစားအသောက်ကို များများစားခိုင်းတယ်။ ကျွန်မလည်းစားဖြစ်ပါတယ်။ အဝမလွန်အောင်လည်း ထိန်းခိုင်းတယ်။ အဆီအအိမ့်တွေ လျှော့စားခိုင်းပါတယ်။ အပြင်အစားအစာတွေလည်း မစားဖို့မှာတယ်။ ကျွန်မလည်း အတတ်နိုင်ဆုံး ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်ခဲ့ပါတယ်”

ကင်ဆာဆေးသွင်းကုသမှု ခံယူချိန်တွင် အစားအသောက်ပျက်ခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ ခံစားခဲ့ရသော်လည်း အစားအသောက်မစားလျှင် ဆေးဒဏ်မခံနိုင်မည်စိုးသဖြင့် အစားအသောက်ကို ကြိတ်မှိတ်စားဖြစ်ခဲ့ကြောင်း မစန်းစန်းမိုးကဆိုသည်။ အိမ်တွင်းစက်ချုပ်လုပ်ငန်းကို လုပ်ကိုင်သည့် မစန်းစန်းမိုးအတွက် ကင်ဆာခရီးလမ်းလျှောက်လှမ်းရာတွင် ခင်ပွန်းသည်နှင့် မိသားစုဝင်တို့၏ နွေးထွေးသော အားပေးစောင့်ရှောက်မှုများကို အပြည့်အဝရရှိခဲ့ကြောင်း၊ လိုလေသေးမရှိအောင် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

“ရင်သားအကျိတ်ရှိတယ်ဆိုတာနဲ့ အမျိုးသားကစိတ်ပူပြီး ချက်ချင်းကို ဆေးခန်းလိုက်ပြပေးခဲ့တယ်။ ခွဲစိတ်ဖို့လည်း အားပေးတယ်။ ကင်ဆာဆိုတာသိတော့လည်း စိတ်ဓာတ်မကျဖို့ အမြဲအားပေးပါတယ်”ဟု မစန်းစန်းမိုးကဆိုသည်။ အသက် ၃၀ အရွယ်နှင့် ရင်သားကင်ဆာဖြစ်ခဲ့သော မစန်းစန်းမိုးသည် မိသားစုမျိုးရိုးထဲတွင် ကင်ဆာမျိုးရိုးမရှိခဲ့သဖြင့် ကင်ဆာနှင့်ပတ်သက်၍ အကျွမ်းတဝင်မရှိခဲ့ပေ။

အစတုန်းကတော့ ငါ့ကျမှ ဘာကြောင့် ရင်သားကင်ဆာဖြစ်ရသလဲဆိုပြီး ဝမ်းနည်းနေတာပေါ့။ နောက်တော့မှ ဟောပြောပွဲတွေတက်ရင်း သိလိုက်ရတာက အဝလွန်တာကြောင့်ရယ်၊ အဆီတွေ စားတာများတာကြောင့်ရယ် ဖြစ်တာပဲလို့သိခဲ့တာ . . .

“အစတုန်းကတော့ ငါ့ကျမှ ဘာကြောင့် ရင်သားကင်ဆာ ဖြစ်ရသလဲဆိုပြီး ဝမ်းနည်းနေတာပေါ့။ နောက်တော့မှ ဟောပြောပွဲတွေတက်ရင်း သိလိုက်ရတာက အဝလွန်တာကြောင့်ရယ်၊ အဆီတွေစားတာ များတာကြောင့်ရယ် ဖြစ်တာပဲလို့သိခဲ့တာ။ အရင်က ဝတယ်၊ ကင်ဆာဆေးသွင်းတော့လည်း အစားပျက်ရင် ဆေးဒဏ်မခံနိုင်မှာစိုးတာနဲ့ အစာတွေကို ကြိတ်မှိတ်စားရင်း ပိုဝလာသေးတယ်။ အစာကိုစားလို့မရမှာစိုးတာနဲ့ တစ်ခုမဟုတ်တစ်ခု လျှောက်စားတယ်၊ အဲဒါနဲ့ ဝလာတာပေါ့။

နောက်တစ်ခုက ကလေးကို အသက် နှစ်နှစ်အထိ နို့တိုက်ပေမယ့် ကလေးက အစကတည်းက ဘယ်ဘက်ကို နို့မစို့ဘူး။ ညာဘက်ရင်သား တစ်ဖက်တည်းပဲ နို့စို့ခဲ့တာ။ အဲဒါကြောင့်လည်း ဖြစ်မယ်ထင်ပါတယ်”ဟု မစန်းစန်းမိုးက ရင်သားကင်ဆာဖြစ်ခြင်းနှင့်ပတ်သက်၍ သူ့ထင်မြင်ချက်ကို ပြောပြခဲ့သည်။ မစန်းစန်းမိုးသည် ရွှေရောင်နှင်းဆီကင်ဆာ ဖောင်ဒေးရှင်းတွင်အဖွဲ့ဝင်အဖြစ် စာရင်းပေးသွင်းလိုက်ကာ ကျန်းမာရေး ဟောပြောပွဲများ၊ ကင်ဆာကုသအောင်မြင်ထားသူတို့ တွေ့ဆုံသည့် အခမ်းအနားများသို့ တက်ရောက်ဖြစ်ခဲ့တော့သည်။

“အခုဆို ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှာ ကိုယ့်လိုကင်ဆာဖြစ်တဲ့သူတွေ အများကြီးနဲ့တွေ့ဆုံခွင့်ရ၊ ခင်မင်ခွင့်ရခဲ့တယ်။ တော်တော်အားရှိသွားပါတယ်။ ဆေးသွင်းပြီးတာ တစ်နှစ်လောက်တော့ရှိသွားပါပြီ”ဟု သူကဆိုသည်။ ကင်ဆာကုသအောင်မြင်ပြီးချိန်တွင်လည်း ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းသို့ နှစ်လတစ်ကြိမ်ပြန်ပြပြီး ဆေးစစ်ဆေးမှုခံယူခဲ့ရာ နောက်ပိုင်းအဖြေများအရ ကျန်းမာနေကြောင်း မစန်းစန်းမိုးသိ ရှိခဲ့ရသည်။

ယခုအခါ ရင်သားကင်ဆာ အဆင့် (၂)ကို ကုသအောင်မြင်ထားသည့် မစန်းစန်းမိုးသည် လက်လှမ်းမီရာ မိတ်ဆွေအပေါင်းအသင်းများအားရင် သားကင်ဆာနှင့်ပတ်သက်သည့် ဗဟုသုတများကို မျှဝေလျက်ရှိရာ-

“ကင်ဆာလို့သိပြီဆိုတာနဲ့ ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ ချက်ချင်းသာပြသလိုက်ပါ။ သူတို့ညွှန်ကြားတဲ့အတိုင်း ကုသမှုခံယူလိုက်ပါ။ တခြားဆေးမြီးတိုတွေ လျှောက်မလုပ်နေပါနဲ့။ အချိန်မီ ကုသမှုခံယူရင် တကယ်ပျောက်ကင်းပါတယ်”ဟု Healthy Life ဂျာနယ်မှတစ်ဆင့် ကင်ဆာဝေဒနာများသို့ အကြံပြုစကား ပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top