Healthy Life Ad
Life Style

အားဆေးနှင့်ပတ်သက်ပြီး လူအများမေးလေ့ရှိသည့် မေးခွန်းများ

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

မေး။ ။ အားဆေးကိုအမြဲတမ်းစွဲသောက်ဖို့ လိုပါသလားဆရာ။
ဖြေ။ ။ အားဆေးကို အမြဲတမ်း စွဲသောက်နေလို့ ဖြစ်လားဆိုရင်တော့ တန်ဆေးလွန်ဘေး ဆိုတာတော့ ရှိပါတယ်။ လိုအပ်တာထက် ပိုမသောက်သင့်ပါဘူး။ အားဆေးတွေကို လေးငါးမျိုးလည်း တွဲပြီးသောက် နေဖို့မလိုပါဘူး။

မေး။ ။ အားဆေးအမျိုးမျိုးရှိတဲ့အထဲမှာ ဘယ်အားဆေးက အကောင်းဆုံးလဲ ဆရာ။
ဖြေ။ ။ ဘယ်အားဆေးက အကောင်းဆုံးလဲလို့တော့ ပြောလို့မရပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်မှာပြတဲ့ အာနိသင်ချင်းမတူကြပါဘူး။ တချို့ဆေးတွေက လူတစ်ရာမှာ ၈၀ လောက်က အဆင်ပြေတယ်၊ ကောင်းတယ်ဆိုရင်တော့ အဲဒီလိုဆေးမျိုးလေးကိုညွှန်ပေးလိုက်တာတော့ရှိပါတယ်။ တချို့ကတော့ အဲဒီဆေးနဲ့အဆင်မပြေဘူး၊ နောက်တစ်မျိုးလေးပြောင်းသောက်မှ ပိုကောင်းပါတယ်ဆိုတာလည်း ရှိပါတယ်။ ဘယ်အသက်အရွယ်မှာ သောက်သင့်တယ်ဆိုတာလည်း မရှိပါဘူး။ တချို့လူတွေမှာ အသက် ၇၀ ကျော် ၈၀ နီးပါးဖြစ်နေပေမယ့် အစားကလည်း စားနေနိုင်တုန်းပဲ၊ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း ရှိနေတုန်းဆိုရင် အားဆေး တွေသောက်ဖို့ မလိုအပ်ပါဘူး။

မေး။ ။ အားဆေးနဲ့ပတ်သက်ပြီး လူနာတွေက ဘယ်လိုမေးခွန်းတွေကို အမေးများပါသလဲ ဆရာ။
ဖြေ။ ။ လူနာအများစု မေးလေ့ရှိတာက မြန်မာ အားဆေးနဲ့ တွဲသောက်လို့ရ၊ မရ ဆိုတာပါ။ ဒါကိုတော့ ဆရာတို့ မပြောတတ်ပါဘူး။ မြန်မာအားဆေးတွေထဲ မှာဘာတွေထည့်ထားသလဲ၊ ဘယ်လိုအခြေ အနေရှိလဲဆိုတာကို ဆရာတို့သေချာမသိပါဘူး။

မေး။ ။ အားနည်းတိုင်း အားဆေး သောက်သင့်ပါသလားဆရာ။
ဖြေ။ ။ အားနည်းတယ်ဆိုတာလည်း မျိုးစုံရှိပါတယ်။ တချို့က စိတ်ပိုင်းဆိုင်ရာ အခြေအနေအရ အားနည်းနေတယ်လို့ ခံစားနေရတာလည်း ရှိပါတယ်။ ခန္ဓာကိုယ်က တကယ်ဗီတာမင်ဓာတ်တွေ လိုမနေဘူးဆိုရင် သောက်ဖို့မလိုအပ်ပါဘူး။ ဆေးနှစ်မျိုး၊ သုံးမျိုးတွဲသောက်ဖို့တော့ မသင့်ပါဘူး။ အားဆေးတွေမှာ အများအားဖြင့်တော့ အခြေခံပါဝင်တဲ့ဓာတ်တွေက အတူတူတွေပါပဲ။ တချို့ဗီတာမင်တွေက လိုတာထက် ပိုပြီးသောက်လို့ မကောင်းတာ တွေရှိပါတယ်။ ဥပမာ- ဗီတာမင်အေဓာတ်ကလို အပ်တာထက်များသွားတယ်ဆိုရင် အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် လိုအပ်သလောက်ပဲသောက်တာ ကောင်းပါတယ်။ အသက် ၅၀ ကျော်တာနဲ့ အားဆေးတွေသောက်သင့်တယ်လို့လည်းမရှိပါဘူး။ လိုအပ်ရင်တော့ သောက်သင့်ပါတယ်။

မေး။ ။ အမျိုးသားနဲ့ အမျိုးသမီးတွေက အားဆေးကို အတူတူမှီဝဲလို့ရပါသလား ဆရာ။
ဖြေ။ ။ ယေဘုယျအားဖြင့်အားဖြင့် ဆရာတို့ သိသလောက်ကတော့ အမျိုးသားတွေအတွက် အားဆေးတို့၊ အမျိုးသမီးတွေအတွက် အားဆေးတို့ ဆိုတာ မျိုးက အတူတူတွေပါပဲ။ သိပ်ပြီးကွဲပြားမှု မရှိပါဘူး။ တွဲသောက်လို့ရပါတယ်။ အမျိုးသားရော အမျိုးသမီး တွေရောသောက်လို့ရပါတယ်။ ဥပမာ- အမျိုးသားအတွက် အားဆေးမှာ အမျိုးသားတွေမှာသာ လိုအပ်တဲ့ဓာတ်ကို နည်းနည်း ပိုထည့်ပေးထားတယ်။ အမျိုး သမီးတွေအတွက် အားဆေးမှာတော့ အဲဒီဓာတ်ကို လျှော့ထည့်ပေးထားတယ်။ အဲဒီလိုမျိုးလေးသာ ကွဲပြားပါတယ်။ အဲဒါက ပြဿနာမရှိပါဘူး။ ဆေးကုမ္ပဏီတွေရဲ့သတ်မှတ်ချက်လေးလို့ပဲ ထင်ပါတယ်။ ဆရာတို့အမြင်မှာတော့ ယောကျာ်းနဲ့ မိန်းမအား ဆေးတွေက အတူတူလို့ပဲထင်ပါတယ်။ ယောကျာ်း လေးအတွက်ဆိုတာတွေမှာ တက်စတို စတီရုန်း အားပေးတာထည့်ပေးထားတယ်။ မိန်းကလေးအတွက်ဆိုရင် သံဓာတ်အားပေးတာထည့်ပေးထားတယ် ဆိုတာပဲကွဲပြားပါတယ်။

နောက် အသက် ၆၀ ကျော်ရင် သောက်ရတဲ့ ဆေးတို့ ဘာတို့ဆိုတာက အသက်ကြီးလာရင် အားတွေကနည်း လာတယ်၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တွေထွက်တာကလည်း နည်းလာတာတွေရှိပါတယ်။ အဲဒီဓာတ်တွေအတွက်ကို အသားပေးထားတဲ့ အားဆေးတွေဖြစ်တဲ့အတွက် အသက်ကြီးသူတွေအတွက်လို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။ အဲဒီလိုနဲ့ အပြောင်းအလဲ သတ်မှတ်ချက်တွေဆို တာရှိလာတာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top