Healthy Life Ad
Q & A

မာလ်တီဗီတာမင်အားဆေးတွေကို ပုံမှန်သောက်သုံးဖို့ လိုပါသလား . . .

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု)ဖြေကြားသည်။

မေး- မာလ်တီဗီတာမင်အားဆေးတွေကို ပုံမှန်သောက်သုံးဖို့ လိုအပ်ပါသလား ဆရာ။

ဖြေ- မာလ်တီဗီတာမင် (Multivitamin) အားဆေးတွေကို ပုံမှန်သောက်ဖို့ လိုလား၊ မလိုလားဆိုတာကို မဖြေခင်မှာ မာလ်တီဗီတာမင်အားဆေးတွေမှာ ပါဝင်တဲ့ ဓာတ်တွေအကြောင်း ပြောချင်ပါတယ်။ မာလ်တီ ဗီတာမင်အားဆေးတွေမှာ အဓိကအားဖြင့် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဗီတာမင်ဆိုတာ ကာဗွန်ပါတဲ့ သြဂဲနစ်ဒြပ်ပေါင်းဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ မတည်ဆောက်နိုင်တဲ့ အရာတွေ ဖြစ်တယ်၊ ဒါပေမဲ့ ခန္ဓာကိုယ်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုမှာ လိုအပ်နေပါတယ်။ ခန္ဓာကိုယ်က ဗီတာမင်လိုအပ်တဲ့ ပမာဏက အနည်းငယ်ပဲ ရှိတယ်။ အဲဒီပမာဏကို နေ့စဉ် စားသောက်တဲ့ အစားအသောက်တွေကနေ ရရှိပါတယ်။
ဗီတာမင်တွေကို ရေပျော်ဗီတာမင်နဲ့ ဆီပျော်ဗီတာမင်ဆိုပြီး နှစ်ပိုင်းခွဲခြားထားပါတယ်။ ဆီမှာပျော်တဲ့ ဗီတာမင်က အေ၊ ဒီ၊ အီးနဲ့ ကေဆိုပြီး လေးမျိုး ရှိပါတယ်။ ရေမှာပျော်ဝင်တဲ့အမျိုးအစားတွေကတော့ ဗီတာမင် ဘီ၊ စီတွေ ဖြစ်ပါတယ်။ ဆီမှာပျော်တဲ့ ဗီတာမင်တွေက ခန္ဓာကိုယ်မှာ ကြာကြာသိမ်းဆည်းထားလို့ရသလို စားသုံးတဲ့ ပမာဏများသွားရင် ခန္ဓာကိုယ်ကို အန္တရာယ်ပေးနိုင်ပါတယ်။
စုစုပေါင်းအားဖြင့် ဗီတာမင် ၁၃ မျိုးလောက်ရှိပါတယ်။

မေး- ဆီပျော်ဗီတာမင်တွေက ခန္ဓာကိုယ်မှာ ဘာတွေအသုံးဝင်ပါသလဲ ဆရာ။

ဖြေ- ဗီတာမင်အေက မျက်စိနဲ့ မျိုးပွားအင်္ဂါတွေအတွက် လိုအပ်တဲ့ ဓာတ်တစ်မျိူးဖြစ်တယ်။ ဗီတာမင် ဒီ က အရိုးဖွဲ့စည်းတည်ဆောက်ပုံအတွက် အရေးပါတယ်။ ဗီတာမင်အီးက ခန္ဓာကိုယ်ထဲမှာ စွမ်းအင် လောင်ကျွမ်းပြီး ထွက်လာတဲ့ ဓာတ်တွေကို ချေဖျက်တဲ့နေရာမှာ အင်တီအောက်ဆီးဒင့်အနေနဲ့ အသုံးပြုတယ်။ ဗီတာမင် ကေ ကသွေးခဲတဲ့နေရာမှာ အသုံးဝင်တယ်။ ဒီဓာတ်တွေက ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်ပေမယ့် ပိုသွားရင် အန္တရာယ်ရှိပါတယ်။ရေမှာပျော်ဝင်တဲ့ ဗီတာမင်ဘီမှာတော့ မျိုးကွဲ ရှစ်ခုလောက်ရှိတယ်။ ဗီတာမင်ဘီရဲ့ အဓိက တာဝန်က အာရုံကြောတွေ သန်စွမ်းဖို့၊ သွေးနီဥတည်ဆောက်ဖို့ ဖြစ်သလို စွမ်းအင်ထုတ်လုပ်ရာမှာ ပါဝင်ပါတယ်။ ဗီတာမင်ဘီချို့တဲ့ရင် အာရုံကြောအားနည်းတာ၊ သွေးအားနည်းတာတွေဖြစ်တတ်ပါတယ်။ဗီတာမင်စီကတော့ အနာတွေ၊ ဒဏ်ရာတွေ ကျက်အောင် ဆောင်ရွက်ပေးပါတယ်။ အင်တီ အောက်ဆီးဒင့် အနေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဗီတာမင်ဘီနဲ့ စီက ရေထဲမှာ ပျော်ဝင်တဲ့အတွက် စားသုံးမှုများသွားတယ်ဆိုရင် ခန္ဓာကိုယ်ကို အန္တရာယ်မပေးဘဲနဲ့ ဆီးကနေ အပြင်ကို စွန့်ထုတ်ပါတယ်။

မေး- မာလ်တီဗီတာမင်အားဆေးတွေမှာပါတဲ့ သတ္တုဓာတ်တွေအကြောင်းကိုလည်း ပြောပြပေးပါဦး ဆရာ။

ဖြေ- သတ္တုဓာတ်တွေကတော့ Inorganic Compound ဖြစ်တယ်။ ခန္ဓာကိုယ်တွင်းမှာ နဂိုကတည်းက ရှိပြီး ခန္ဓာကိုယ်လှုပ်ရှားသွားလာရာမှာ ဗီတာမင်နည်းတူဆောင်ရွက်တယ်။ ခန္ဓာကိုယ်ထဲမှာ လုံလုံလောက်လောက် ရှိနိုင်မှုအားနည်းရင် အပြင်ကနေ ဖြည့်သွင်းပေးဖို့ လိုအပ်တယ်။ ခန္ဓာကိုယ်အတွက် အဓိက လိုအပ်တဲ့ သတ္တုဓာတ် ၂၁ မျိုးရှိတယ်လို့ အကြမ်းဖျင်းအားဖြင့် သိရတယ်။ အဲဒီအထဲက အရေးကြီးဆုံး ၅ မျိုးကတော့ ကယ်လ်ဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်တို့ ဖြစ်ကြပါတယ်။ ဒါတွေက ခန္ဓာကိုယ်ထဲမှာ မရှိမဖြစ် ဟန်ချက်ညီနေဖို့ လိုအပ်တယ်။ လျော့နည်းရင် လျော့နည်းတဲ့ လက္ခဏာတွေ ခံစားရတတ်သလို များရင် ဒုက္ခပေးနိုင်ပါတယ်။ ဒါကို ခန္ဓာကိုယ်ထဲမှာ ညီညွတ်မျှတအောင် ကျောက်ကပ်က စီစဉ်ဆောင်ရွက်ပေးပါတယ်။ ကျန်တဲ့ သတ္တုဓာတ် ၁၆ မျိုးထဲမှာ ချို့တဲ့မှု ဖြစ်တတ်တာက သံဓာတ်၊ အိုင်အိုဒင်းဓာတ်တို့ ဖြစ်တယ်။ တခြား ဇင့်(သွပ်)ဓာတ်၊ ဆာလဖာ၊ ခရိုမီယမ် စတာတွေကလည်း ခန္ဓာကိုယ်မှာ အနည်းငယ် လိုအပ်နေတဲ့ ဓာတ် တွေဖြစ်ပါတယ်။

မေး- ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အလုံအလောက်ရရှိအောင် ဘယ်လိုအစားအသောက်တွေကို စားသောက် ပေးသင့်ပါသလဲ ဆရာ။

ဖြေ- နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာ Balanced Diet (ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစား အသောက်) ဆိုတဲ့ ပရိုတင်း၊ ကစီဓာတ်ပါတဲ့ အစားအသောက်တွေ၊ အစေ့အဆန်၊ ဟင်းသီးဟင်းရွက် စတာတွေ စုံလင်မယ်ဆိုရင် မာလ်တီဗီတာမင် မှီဝဲဖို့မလိုပါဘူး။

မေး- ဘယ်လိုလူတွေက မာလ်တီဗီတာမင ်အားဆေးတွေကို မှီဝဲဖို့ လိုအပ်နိုင်ပါသလဲ ဆရာ။

ဖြေ- အကြောင်းအမျိုးမျိုးကြောင့် ညီညွတ်မျှတတဲ့ အစားအသောက်တွေကို မစားဖြစ်တဲ့သူတွေ၊ အသား၊ ငါး၊ ဥအမျိုးမျိုး၊ အသီးအရွက်၊ ပဲ စတာတွေကို စားသုံးမှုနည်းသူတွေမှာ ဗီတာမင်ချို့တဲ့နိုင်တာကြောင့် အားဆေး မှီဝဲဖို့ လိုအပ်နိုင်ပါတယ်။ နောက်တစ်ခုက လတ်တလော ပိုးဝင်ပြီး ဖျားတာပဲဖြစ်ဖြစ်၊ နာတာရှည်ရောဂါ ဝေဒနာတွေ ရတာပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှု များတဲ့အခါ ခန္ဓာကိုယ်ဇီဝဖြစ်စဉ် များပြားတဲ့အခါ ထွက်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိလို့ပ ဲဖြစ်ဖြစ် မာလ်တီဗီတာမင်အားဆေး လိုအပ်နိုင်ပါတယ်။ ဆီးချိုလူနာတွေမှာ သွေးတွင်းအချိုဓာတ်ထိန်းသိမ်း တဲ့ဖြစ်စဉ်မှာ တချို့ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပိုမိုလိုအပ်တာတွေ ရှိတတ်ပါတယ်။ ဒီခေတ် ဒီအခါ မှာ အသင့်စားအစားအသောက်တွေ အစားများပြီး အသီးအရွက် အသီးအနှံတွေကို လုံလုံလောက်လောက် မစားဖြစ်တဲ့အခါ ဗီတာမင်နဲ့ သတ္တုဓာတ်ချို့တဲ့မှု ဖြစ်နိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်ချို့တ ဲ့တဲ့အခါ နေ့စဉ်လုပ်ငန်းဆောင်တာမှာ စွမ်းဆောင်နိုင်စွမ်း ကျဆင်းနိုင်ပါတယ်၊ ကိုယ်ခံစနစ်ကျဆင်းပြီး ပြင်ပပိုးမျိုးစုံ ဝင်လာနိုင်ပါတယ်။ ဒီလိုလူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင်တော့ မာလ်တီဗီတာမင်အားဆေးတွေ လိုအပ်ပါတယ်။

မေး- မာလ်တီဗီတာမင်အားဆေးတွေကို မလိုဘဲ မှီဝဲရင် ဘာဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ- အာဟာရကို စုံလင်မျှတအောင် ပုံမှန်စားသုံးနေတဲ့သူတွေ အနေနဲ့ အားထပ်ရှိအောင်ဆိုပြီး မာလ်တီ ဗီတာမင်အားဆေးတွေ မှီဝဲလည်း အကျိုးမရှိပါဘူး။ ဗီတာမင်နဲ့ သတ္တုဓာတ် ချို့တဲ့နေတဲ့သူတွေမှာ အားဆေး မှီဝဲမှ အကျိုးရှိမှာပါ။ အထူးသဖြင့် ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ လို ဆီပျော်ဗီတာမင်တွေက ခန္ဓာကိုယ်ထဲ လိုအပ်တာထက်များနေရင် နောက်ဆက်တွဲ ပြဿနာတွေတောင် ကြုံတွေ့နိုင်ပါတယ်။ တချို့လူ တွေဆိုရင် ဆရာဝန်တစ်ယောက်က ညွှန်တဲ့ အားဆေးလည်းသောက်တယ်၊ လက်ဆောင်ရတဲ့ အားဆေးလည်း သောက် တယ် စသဖြင့် သောက်တဲ့အခါ ဗီတာမင်တွေ လိုတာထက်ပိုများသွားရာက ပျို့ခြင်း၊ အန်ခြင်း၊ ခေါင်းမူးခြင်း၊ နုံးခြင်း၊ နေမကောင်းခြင်း စတဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လိုအပ်လို့ အားဆေး သောက်မယ်ဆိုရင် တစ်နေ့တစ်ကြိမ် တစ်လုံးပဲ သောက်ဖို့ အကြံပြုလိုပါတယ်။ အသက်ကြီးတဲ့သူ တွေမှာတော့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီက လိုအပ်လာနိုင်ပါတယ်။ရောဂါတစ်ခုခုရှိတဲ့သူတွေဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကိုယ့်အတွက် သင့်တော်တဲ့ အားဆေးကို မှီဝဲသင့်ပါတယ်။

မေး- အားရှိအောင် ဘာအားဆေးသောက်ရင် ကောင်းမလဲဆိုပြီး မေးတတ်ကြသူတွေကို ဘာများ ဖြည့်စွက် ပြောလိုပါသလဲ ဆရာ။

ဖြေ- လူနာ ၅ယောက်မှာ တစ်ယောက်လောက်က ဆရာတို့နဲ့ ပြတိုင်း အားရှိအောင် ဘာအားဆေးသောက် ရမလဲလို့ မေးတတ်ကြပါတယ်။ အားဆေးသောက်မှ အားပိုရှိလာမယ်လို့ ထင်နေကြလို့ပါ။ တကယ်တော့ မြန်မာလိုသာ အားဆေးပါ၊ အင်္ဂလိပ်လိုကျတော့ ဗီတာမင်ဖြည့်စွက်ဆေးပါပဲ။ ခန္ဓာကိုယ်ထဲမှာ ချို့တဲ့မှု လိုအပ်ချက်ရှိတဲ့သူတွေမှာပဲလိုအပ်တာ ဖြစ်ပါတယ်။ ရောဂါဝေဒနာရှိသူ၊ နာမကျန်းဖြစ်သူတွေ၊ ကိုယ်ဝန် ဆောင်တွေဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ အားဆေးကို မှီဝဲသင့်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top