Healthy Life Ad
Q & A

ကျောက်ကပ်မှာ ကျောက်တည်ရင် . . .

မေး. ကျွန်တော်က အသက်ကြီးသူတစ်ဦးဖြစ်ပါတယ်။ ကျောက်ကပ်မှာကျောက်တည်ရင် ဘယ်လိုအခြေအနေမှာ ကျောက်ကိုဖယ်ထုတ်သင့်ပါသလဲ။ အဲဒီလိုဖယ်ထုတ်တဲ့အခါ ခွဲစိတ်ပြီး ဖယ်ထုတ်ရမှာလား၊ အပေါက်ဖောက်ပြီး ခေတ်မီစနစ်နဲ့ဖယ်ထုတ်ရမှာလား။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ အရွယ်အစားကသေးရင် ဆေးနဲ့ရနိုင်ပါတယ်။ ကျောက်ရဲ့အရွယ်အစား ၅ မီလီမီတာထက်သေးရင် ဆေးနဲ့ တဖြည်းဖြည်းကျောက်ကြေသွားအောင် ဆောင်ရွက်နိုင်ပါတယ်။ တစ်စင်တီမီတာထက်ကြီးတယ်ဆိုရင် ဆေးနဲ့ကုလို့မရဘဲနဲ့ တခြားကုသနည်းတွေနဲ့ ကုဖို့လိုအပ်ပါတယ်။ ဘယ်အချိန်မှာ ဆေးနဲ့မရဘူးလဲဆိုတော့ ကျောက်အရွယ်အစားကြီးရင် ဆေးနဲ့ကြေအောင် လုပ်ဖို့အခက်အခဲရှိပါတယ်။ နောက်တစ်ခုက ကျောက်ရဲ့ပုံသဏ္ဍာန်က ချောချောမွတ်မွတ်လုံးလုံးဆိုရင် ကျဖို့ပိုလွယ်တယ်၊ အချွန်အတက်တွေနဲ့ ပုံသဏ္ဍာန်မမှန်ဘူးဆိုရင် ဆေးနဲ့ကျဖို့ခက်တယ်၊ တခြားနည်းနဲ့ ဖယ်ရှားရတတ်ပါတယ်။ ကျောက်က တစ်တာကြာသွားပြီး အဲဒီနေရာမှာကျယ်သွားရင် အဲဒီနေရာကနေထပ်ရွှေ့ပြီး အောက်ရောက်ဖို့မလွယ်တော့ဘူး၊ အဲဒီလိုအနေအထားမျိုးမှာလည်း ဆေးနဲ့မရဘဲ ခွဲစိတ်ဖယ်ရှားရတတ်ပါတယ်။

ကျောက်ကြေဖို့ ဆေးနဲ့မရဘဲ ခွဲဖို့လိုအပ်ပြီဆိုရင်တော့ အခုနောက်ပိုင်း အသုံးများတဲ့နည်းက ဆီးလမ်းကြောင်းအောက်ကနေပြွန်ထည့်ပြီး ကုသတဲ့နည်းဖြစ်ပါတယ်။ ဒီနည်းကို ကျောက်ကပ်နဲ့ဆီးပြွန်ကြား ကျောက်ပိတ်နေရင် ဒီနည်းလမ်းကိုသုံးတာများတယ်။ ပြီးတော့ ကျောက်ကိုညှစ်ပြီး ခြေဖျက်တဲ့နည်း (Crush)ဆိုတာရှိသလို အခုနောက်ပိုင်းမှာ လေဆာရောင်ခြည်နဲ့ ကြေအောင်ခြေဖျက်တဲ့နည်းဆိုတာလည်း ရှိပါတယ်။ ဒီနည်းတွေကို Minimally Invasive လို့ ခေါ်ပါတယ်။ ပြင်ပကနေလုပ်လို့ရတာက အာထရာဆောင်းလှိုင်းနဲ့ ခြေဖျက်တဲ့နည်းရှိပါတယ်။ ဒီနည်းကို ကျောက်ကပ်ထဲမှာတည်တဲ့ ကျောက်တွေမှာသုံးနိုင်ပါတယ်။ ဒါကတော့ အပြင်ကလုပ်တဲ့အတွက် ထိခိုက်မှုနည်းတယ်လို့ဆိုနိုင်ပါတယ်။

နောက်တစ်နည်းကကျောက်ကပ်ထဲမှာ ကျောက်ရှိတယ်၊ ကျောက်အရွယ်အစားကလည်း ကြီးတယ်ဆိုရင်တော့မေ့ဆေးပေးပြီး ခွဲစိတ်ဖယ်ရှားတာဖြစ်ပါတယ်။ ကျောက်အရွယ်အစားက တော်တော်ကြီးတယ်၊ တချို့ဆို လက်သီးဆုပ်အရွယ်လောက်ရှိတယ် . . ဒါမျိုးဆိုရင် အပြင်ကနေခြေဖျက်ဖို့ မလွယ်ဘူး၊ အာထရာဆောင်းလှိုင်းနဲ့လည်း ခြေလို့မရဘူး၊ ဒါမျိုးဆိုရင် ခွဲစိတ်ဖယ်ရှားရတတ်ပါတယ်။ ကျောက်ကပ်ကျောက်တည်ရင် အရင်ဆုံး ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီးတွေက ကြည့်ရှူစစ်ဆေးပြီး လိုအပ်တဲ့ဆေးပေးပါတယ်။ ဆေးနဲ့မရဘူးဆိုရင် ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ဆရာဝန်ကြီးတွေက သင့်တော်တဲ့နည်းနဲ့ ကုသမှုပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top