Healthy Life Ad
Life Style

သွေးတိုးရောဂါအကြောင်း လူအများသိလိုသည့် အမေးအဖြေများ

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်းတာဝန်ခံ၊ အထွေထွေရောဂါကုဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. သွေးတိုးရောဂါရှိပေမယ့် သွေးတိုးတဲ့အချိန်ကျမှပဲ သွေးတိုးကျဆေးကို သောက်လို့ရပါသလား ဆရာ။
ဖြေ. သွေးတိုးရောဂါရှိသူက မိဘဆွေမျိုးထဲမှာလည်း သွေးတိုးတဲ့ရာဇဝင်ရှိတယ်၊ ကိုယ်ကိုယ်တိုင်ကလည်း သွေးတိုးတတ်တဲ့ အလေ့အထရှိတယ်ဆိုရင် ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးသင့်ပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ ဆရာဝန်တွေက လူနာကိုဆေးမပေးခင်မှာ လူနေမှုဘဝပုံစံ (Lifestyle)ကို ပြောင်းခိုင်းလိုက်ပါတယ်။ အဆီအအိမ့်တွေ လျှော့စားခိုင်းတယ်၊ အငန်တွေလျှော့စားခိုင်းတယ်၊ အချိုတွေလျှော့စားခိုင်းတယ်၊ ကိုယ်လက်လှုပ်ရှားအားကစားကို တစ်နေ့နာရီဝက်လောက်လုပ်ခိုင်းတယ်၊ စိတ်ဖိစီးမှုလျှော့ခိုင်းတယ်၊ အရက်သောက်တတ်တဲ့သူတွေဆိုရင် လျှော့သောက်ခိုင်းတယ်။ ဆေးလိပ်သောက်တတ်ရင်ဖြတ်ခိုင်းတယ်၊ ဒီလိုနည်းနဲ့ လူနေမှုဘဝပုံစံကို ပြောင်းခိုင်းပါတယ်။

သွေးတိုးတဲ့အခါကျမှ သွေးတိုးကျဆေးသောက်တာထက်စာရင် ဆရာဝန်နဲ့ပြသပြီး ဆရာဝန်ညွှန်တဲ့အတိုင်း ပုံမှန်သောက်တာက အကောင်းဆုံးဖြစ်ပါတယ်။ ဆရာတို့ဆီမှာ အယူမှားဖြစ်နေတာက ခေါင်းနည်းနည်းနောက်လာတယ်၊ ဇက်ကြောနည်း နည်းတက်လာတယ်ဆိုမှ သွေးတိုးကျဆေးသောက်တာမျိုး၊ ကိုယ်စားချင်တာတွေစားပြီး သွေးတိုးလာမှ ဆေးသောက်တာမျိုး လုပ်ကြတယ်။ ရေတိုမှာတော့ ဟုတ်သလိုလိုနဲ့ တကယ့်ရေရှည်ကျတော့ . . .

ဒီနည်းနဲ့မှ သွေးတိုးကမကျဘူးဆိုရင် သွေးကျဆေးကို အနိမ့်ဆုံးပမာဏကနေ စပေးပါတယ်။ ဒါကြောင့် သွေးတိုးတဲ့အခါကျမှ သွေးတိုးကျဆေးသောက်တာထက်စာရင် ဆရာဝန်နဲ့ပြသပြီး ဆရာဝန်ညွှန်တဲ့အတိုင်း ပုံမှန်သောက်တာက အကောင်းဆုံးဖြစ်ပါတယ်။ ဆရာတို့ဆီမှာ အယူမှားဖြစ်နေတာက ခေါင်းနည်းနည်းနောက်လာတယ်၊ ဇက်ကြောနည်းနည်းတက်လာတယ်ဆိုမှ သွေးတိုးကျဆေးသောက်တာမျိုး၊ ကိုယ်စားချင်တာတွေ ားပြီး သွေးတိုးလာမှ ဆေးသောက်တာမျိုးလုပ်ကြတယ်။ ရေတိုမှာတော့ ဟုတ်သလိုလိုနဲ့ တကယ့်ရေရှည်ကျတော့ သွေးတိုးရောဂါ ပိုဆိုးလာတတ်ပါတယ်။

မေး. တိုင်းရင်းဆေးသောက်ရင် သွေးတိုးကျနိုင်ပါသလား ဆရာ။
ဖြေ. သွေးတိုးရောဂါရှိသူတွေအတွက်ထုတ်ထားတဲ့ တိုင်းရင်းဆေးက သေချာသုတေသနအချက်အလက်တွေ ပြည့်စုံတယ်၊ ခိုင်လုံတယ်ဆိုရင် သောက်လို့ရပါတယ်။

မေး. သွေးတိုးရောဂါက အစားအသောက်နဲ့ ဆက်နွှယ်မှုရှိပါသလား ဆရာ။
ဖြေ. ရှိပါတယ်။ ဆရာတို့ မြန်မာလူမျိုးအများစုစားတဲ့ စားသောက်မှုဓလေ့က သွေးတိုးဖို့ အခွင့်အလမ်းများနေပါတယ်။ အဆီအအိမ့်တွေစားတယ်၊ ငပိ ငါးခြောက် ငံပြာရည် စားတာများတယ်၊ တချို့က ဟင်းဆိုရင် ငန်မှ၊ မုန့်ဟင်းခါးစားရင် ငန်မှ ကြိုက်ကြတယ်။ အချိုမှုန့်နဲ့ပတ်သက်ပြီး သွေးတိုးတယ်၊ မတိုးဘူး စသဖြင့် အငြင်းပွားနေကြတယ်။ ဒါတွေက သွေးတိုးဖို့ဦးတည်နေတယ်။ မစားရင် ပိုကောင်းပါတယ်။ ဒါပေမဲ့ မစားဘဲမနေနိုင်ရင် တန်ဆေးလွန်ဘေးဆိုသလို သင့်တင့်လျှောက်ပတ်အောင် စားပေးဖို့ပြောချင်ပါတယ်။

မေး. ငယ်တဲ့အရွယ်ဆိုရင် သွေးတိုးမဖြစ်ဘူးလို့ တချို့လူတွေကဆိုပါတယ်။ မှန်ပါသလား ဆရာ။
ဖြေ. သွေးတိုးရောဂါကတော့ အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အခုဆိုရင် အသက် ၂၀ကနေ ၄၀ကြား လူငယ်လူလတ်ပိုင်းတွေမှာ သွေးတိုးရောဂါဖြစ်ပွားတာကို တွေ့နေရပါပြီ။ ဘာလို့ လူငယ်လူလတ်ပိုင်းမှာ သွေးတိုးဖြစ်လာသလဲဆိုတော့ နေထိုင်မှုပုံစံတွေ ပြောင်းလာလို့ပါ။ ငယ်ငယ်ကတည်းက အရက်သောက်နှုန်းများလာတာလည်းပါတယ်။ ဒါကြောင့် သွေးတိုးပြီး မထိန်းချုပ်နိုင်ရာက လေဖြတ်တဲ့လူနာတွေကိုလည်း တွေ့လာရပါတယ်။ မိသားစုရာဇဝင်မှာ သွေးတိုးရောဂါရှိသူပါခဲ့ရင် ဖြစ်နိုင်ခြေပိုများပါတယ်။

မေး. ဆေးခန်းမှာတိုင်းတဲ့အခါ သွေးတိုးပေမယ့် အိမ်မှာတိုင်းတဲ့အခါသွေးမတိုးဘူး။ အဲဒါဆိုရင် သွေးတိုးရှိတယ်လို့ဆိုနိုင်ပါသလား ဆရာ။
ဖြေ. အိမ်မှာဆိုရင် အတော်များများက ဒစ်ဂျစ်တယ်နည်းပညာနဲ့လုပ်ထားတဲ့ သွေးပေါင်ချိန်စက်တွေနဲ့ တိုင်းတာများကြပါတယ်။ ပြီးတော့ အိမ်မှာဆိုရင် ကိုယ့်အိမ်မှာလည်းဖြစ်တယ်၊ နားနားနေနေတိုင်းတဲ့ အနေအထားလည်းဖြစ်တယ်၊ အဲဒီတော့ စိတ်ကသက်သောင့်သက်သာရှိတယ်။ တစ်ခါတလေ ဆေးခန်းသွားတဲ့အခါ စိတ်ကကြောက်နေတာရှိတတ်တယ်၊ အဲဒီလိုဖိစီးမှုကြောင့် သွေးတိုးတတ်ပါတယ်။ ဒါကြောင့် ဆေးခန်းမှာ အနည်းဆုံး ၁၅ မိနစ်-မိနစ် ၂၀ လောက်ကြာမှ သွေးပေါင်ချိန်ပေးပါတယ်။ အိမ်မှာတိုင်းတာလည်း ကောင်းပါတယ်။ အိမ်မှာတိုင်းပြီး စိတ်ထဲမှာသံသယရှိရင် ဆေးရုံ၊ ဆေးခန်းမှာလည်း တိုင်းကြည့်စေချင်ပါတယ်။

မေး. သွေးတိုးရောဂါရှိသူတွေ သက်တမ်းစေ့နေနိုင်အောင် ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။
ဖြေ. သွေးတိုးရောဂါရှိသူတွေ သက်တမ်းစေ့နေနိုင်အောင် သုံးချက်ကိုလိုက်နာသင့်ပါတယ်။

(၁) ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးဝါးတွေကို ပုံမှန်သောက်ပေးဖို့လိုအပ်ပါတယ်။ ဆရာဝန်ပြန်ချိန်းတဲ့အခါ ပြန်ပြပြီး ဆေးညှိသင့်ပါတယ်။ လိုအပ်ရင် သုံးလတစ်ကြိမ်-ခြောက်လတစ်ကြိမ်လောက် ပြန်စစ်ဖို့ချိန်းပါတယ်။ ဒါကို မပျက်မကွက်လိုက်နာသင့်ပါတယ်။

(၂) အဆီအအိမ့်၊ အငန် စသဖြင့် အစားများနေတာကို တတ်နိုင်သမျှ လျှော့ချရပါမယ်။ စားသောက်တဲ့ပုံစံကို ကျန်းမာရေးနဲ့ညီညွတ်အောင် ပြုပြင်ပေးဖို့ပါ။ ပေါ့ပေါ့လေးစားရင် ပိုသင့်တော်ပါတယ်။ အရက်၊ ဆေးလိပ်သောက်တာတွေကို ရှောင်နိုင်ရင်အကောင်းဆုံးဖြစ်ပါတယ်။

(၃) ကိုယ်လက်လှုပ်ရှားအားကစားကို တစ်နေ့နာရီဝက်လောက် လုပ်ကိုလုပ်သင့်ပါတယ်။ ပြီးတော့ စိတ်ဖိစီးမှုကို လျှော့ချပေးရပါမယ်။ ဒီသုံးချက်အတိုင်းလိုက်နာရင် သက်တမ်းစေ့နေနိုင်မှာဖြစ်ပါတယ်။

မေး. အရက်သောက်ရင် သွေးမတိုးဘူးလို့ကြားဖူးပါတယ်။ မှန်ပါသလား ဆရာ။
ဖြေ. ဒါက မှားပါတယ်။ အရက်က မသောက်ရင်အကောင်းဆုံးပါ။ မသောက်ဘဲမနေနိုင်ရင်တော့ အမျိုးသားတွေက အရက်ကို တစ်နေ့ နှစ်ပက်ဝန်းကျင်ခန့်ပဲသောက်မယ်ဆိုရင် သင့်တော်တယ်လို့ သုတေသန စစ်တမ်းတွေက ဆိုပါတယ်။ အရက်သောက်တိုင်း သွေးတိုးတာတော့ မဟုတ်ပေမယ့် သွေးတိုးမယ့် အခြေခံအကြောင်းရင်းတွေထဲမှာ အရက်အလွန်အမင်းသောက်တာက ပါဝင်နေပါတယ်။

မေး. ဆရာ့အတွေ့အကြုံအရ သွေးတိုးတဲ့လူနာတွေက အရင်နဲ့စာရင် ပိုများလာပါသလား။
ဖြေ. ရောင်ခြည်သစ်အခမဲ့ဆေးခန်းမှာ လေးနှစ်တာကုသမှုပေးခဲ့တဲ့ အတွေ့အကြုံအရ သွေးတိုးဖြစ်ပွားမှုနှုန်းက ပိုများလာတယ်၊ အသက်အရွယ်မရွေး၊ လူမျိုးမရွေး၊ ဆင်းရဲချမ်းသာမရွေး ဖြစ်နိုင်ခြေရှိတယ်ဆိုတာ တွေ့ရှိရပါတယ်။

မေး. သွေးတိုးရောဂါနဲ့ဆက်စပ်တဲ့ ရောဂါဝေဒနာတွေကို ပြောပြပေးပါဆရာ။
ဖြေ. သွေးတိုးရောဂါကို သေချာမထိန်းနိုင်ရင် နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးတွင်းအဆီများတာ၊ အသည်းအဆီဖုံးရောဂါ စတာတွေ ဆက်စပ်ဖြစ်တတ်ပါတယ်။

မေး. အားဆေးသောက်ရင် သွေးတိုးတယ်လို့ တချို့ကယူဆနေကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး ဆရာ။
ဖြေ. ဒါက အယူမှားတစ်ခုပါ။ အားဆေးဆိုတာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တဲ့ဆေးပါ။ ဒီဆေးမှီဝဲလို့ သွေးမတိုးစေပါဘူး။ သွေးအားကောင်းတာနဲ့ သွေးတိုးတာနဲ့လည်း မတူပါဘူး။

မေး. သွေးတိုးရောဂါနဲ့ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင်သိပါရစေ ဆရာ။
ဖြေ. အဓိကကတော့ ကိုယ့်မိသားစုဆွေမျိုးထဲမှာ သွေးတိုးရောဂါရာဇဝင်ရှိရင် ကိုယ်ကိုယ်တိုင်လည်း သတိထားဖို့၊ ကိုယ်ရဲ့လူနေမှုပုံစံကို သတိထားဆင်ခြင်ဖို့၊ အစားအသောက်ကို ကျန်းမာရေးနဲ့ညီအောင် စားဖို့လိုပါတယ်။ နေ့တိုင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို နာရီဝက်လောက် လုပ်သင့်ပါတယ်။ သွေးတိုးပြီလို့ သိလိုက်တာနဲ့ သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ပြသပြီး ကုသမှုကို စနစ်တကျခံယူသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top