Healthy Life Ad
Life Style

မျက်စဉ်းဆေး ခတ်ရာတွင် သိထားသင့်သည့် အခြေခံစည်းမျဉ်းများ

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ မျက်စဉ်းဆေးတွေကို အကြမ်းအားဖြင့် ဘယ်နှမျိုး ခွဲခြားထားနိုင်ပါသလဲ ဆရာ။
ဖြေ။ ။ အကြမ်းဖျဉ်းပြောရရင် မျက်စဉ်းဆေးတွေဟာ Antibiotic Eye Drop (ပဋိဇီဝ မျက်စဉ်းဆေး)၊ Steroid Eye Drops (စတီးရွိုက်ပါတဲ့ မျက်စဉ်း ဆေး)၊ ပဋိဇီဝပိုးသတ်ဆေးနဲ့ စတီးရွိုက်ပေါင်းထားတဲ့ မျက်စဉ်းဆေး ရေတိမ်အတွက်ပေးတဲ့ မျက်စဉ်းဆေး (Antiglaucoma Eye Drop) နဲ့ Atropine တစ်ရာခိုင်နှုန်း မျက်စဉ်းဆေးဆိုပြီး အဓိက အုပ်စု ငါးမျိုးလောက်ရှိပါတယ်။

မေး။ ။ မျက်စဉ်းဆေးတွေကို မိမိသဘောနဲ့ မိမိ ခတ်နိုင်ပါသလား ဆရာ။
ဖြေ။ ။ မျက်စဉ်းဆေးအများစုဟာ ဆရာဝန်ရဲ့ ညွှန်ကြား ချက်ရှိမှ ထည့်သင့်ပါတယ်။ ဆရာဝန် မညွှန်ကြားဘဲ မသုံးသင့်ပါဘူး။
ပဋိဇီဝမျက်စဉ်းဆေးတွေက ဘယ်သူခတ်ခတ် ပြဿနာမရှိပါဘူး။ စတီးရွိုက်ပါတဲ့ မျက်စဉ်းဆေးတွေကတော့ ဆရာဝန်ရဲ့ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ ကိုယ်သုံးရင် မျက်ကြည်လွှာ ပွန်းတတ်ပါတယ်။ အခန့်မသင့်ရင် ရေတိမ်ဖြစ်တတ်ပါတယ်။

ပဋိဇီဝပိုးသတ်ဆေးနဲ့ စတီးရွိုက်ပေါင်းထားတဲ့ မျက်စဉ်းဆေးကလည်း အလားတူပဲ ပြဿနာဖြစ် တတ်တယ်။ ဒါကြောင့် စတီးရွိုက်ပါတဲ့ မျက်စဉ်းဆေး တွေကိုတော့ ဆရာဝန်ရဲ့ညွှန်ကြားချက်ပါမှ သုံးသင့်ပါတယ်။ ရေတိမ်အတွက် သုံးရတဲ့ မျက်စဉ်းဆေးကလည်း ရေတိမ်ရှိမှ ခတ်ရတာ ဖြစ်တဲ့အတွက် ဆရာဝန်ညွှန်ကြားမှသာ သုံးသင့်ပါတယ်။

Atropine ပါတဲ့ မျက်စဉ်းဆေးတွေကလည်း မျက်စိထဲထည့်လိုက်ရင် သူငယ်အိမ်ကျယ်သွားတတ်ပါတယ်။ မျက်စိဝါးသွားတတ်ပါတယ်။ ဒါကြောင့် ခြုံပြောရရင် ပဋိဇီဝမျက်စဉ်းဆေးတွေက ဘယ်သူမဆို ခတ်လို့ရပြီး ကျန်တဲ့မျက်စဉ်းဆေးတွေကိုတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်အရသာ ခတ်သင့်ပါတယ်။

ပဋိဇီဝမျက်စဉ်းဆေးတွေက ဘယ်သူခတ်ခတ် ပြဿနာ မရှိပါဘူး။ စတီးရွိုက်ပါတဲ့ မျက်စဉ်းဆေးတွေကတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ ကိုယ်သုံးရင် မျက်ကြည်လွှာ ပွန်းတတ်ပါတယ်။ အခန့် မသင့်ရင် ရေတိမ်ဖြစ်တတ်ပါတယ်။ ပဋိဇီဝပိုးသတ် ဆေးနဲ့ စတီးရွိုက်ပေါင်းထားတဲ့ မျက်စဉ်းဆေးကလည်း အလားတူပဲ ပြဿနာဖြစ်တတ်တယ် . . .

မေး။ ။ မျက်စဉ်းဆေးတွေရဲ့ သက်တမ်းက ဖွင့်ပြီးတာနဲ့ တစ်လပဲ ခံတယ်ဆိုတာ ဟုတ်ပါသလား ဆရာ။
ဖြေ။ ။ မဟုတ်ပါဘူး။ ဥပမာ Gentamycin မျက်စဉ်းဆေးကို အပြင်မှာ ရာသီဥတုမရွေး၊ အပူချိန်မရွေး ထားနိုင်အောင် တာရှည်ခံစေတဲ့ဆေး (Preservative) ထည့်ထားပါတယ်။ အဲဒီလိုထည့်ပြီး ကြာရှည်ခံအောင် လုပ်ထားတော့ သူရဲ့သက်တမ်းက ကြာရှည်ခံပါတယ်။ ကုမ္ပဏီတွေကတော့ လူနာတွေက Complain တက်မှာစိုးလို့ သက်တမ်းကုန်ရက်စွဲ (Expire Date)ကို လျှော့ထားတတ်ပါတယ်။

ဥပမာ- ဒီဇင်ဘာမှာ ကုန်မယ်ဆိုရင် ဇွန်လကတည်းက Expire Date အဖြစ် ရေးထားတတ်ပါတယ်။ နောက်တစ်ချက်ကတော့ မျက်စဉ်းဆေးထဲမှာ တာရှည်ခံစေတဲ့ ပါဝင်ပစ္စည်းတွေရှိတာကြောင့် တစ်လမက ခံပါတယ်။ တချို့မျက်စဉ်းဆေးဘူးအညွှန်းထဲ မှာ မျက်စဉ်းဆေးဘူးကို ဖွင့်ပြီးရင် ရေခဲသေတ္တာထဲမှာ ထည့်ထားပါဆိုပြီး ရေးထားပါတယ်။ ဒီလိုရေးထား ရင်ဖွင့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားရင် အကြာကြီးခံပါတယ်။ တစ်ခုတော့ ရှိတယ်။ မျက်စဉ်းဆေးကို ကိုယ်ဘယ်လိုထားသလဲဆိုတာကတော့ အရေး ကြီးပါတယ်။ မျက်စဉ်းဆေးဆိုတာ ဆေးပုလင်းဖြစ် တော့ သန့်သန့်ရှင်းရှင်းထားလိမ့်မယ်လို့ ဆရာတို့က ယူဆပေမယ့် တချို့လူနာတွေက အကြောင်းကြောင်းကြောင့် အဲဒီလို မထားနိုင်ကြတာမျိုးတော့ ရှိပါတယ်။

ဆရာတို့က လူနာတွေကို မျက်စဉ်းဘူးပြန်ယူ ခိုင်းခဲ့တာမျိုးရှိတော့ တချို့လူနာတွေက မျက်စဉ်းဆေးဘူးတွေကို သေချာမထားတာမျိုး တွေ့နေရပါတယ်။ မျက်စဉ်းဆေးဘူးကို ဖွင့်ပြီး ခတ်တယ်၊ ပြီးရင် သေချာပြန်ပိတ်ရတယ်။ အဲလို မပိတ်ရင် ဒါမှမဟုတ် ပိတ်ပေမယ့် မျက်စဉ်း ဆေးဘူးဖွင့်တဲ့လက်က ညစ်ပတ်နေရင် တစ်လတောင်မဟုတ်ဘူး၊ အဲဒီမျက်စဉ်း ဆေးသုံးတာကို ချက်ချင်းရပ်ပစ်လိုက်ရတယ်။ သန့်သန့်ရှင်းရှင်း သုံးရင် တစ်လမက သုံးလို့ရပါတယ်။

မေး။ ။ မျက်စဉ်းဆေးခတ်တဲ့အခါ ထိရောက်မှု ရှိအောင် ဘယ်လို အချက်တွေကိုလိုက်နာသင့်ပါသလဲ ဆရာ။
ဖြေ။ ။ ဆရာဝန်က မျက်စဉ်းဆေးကို တစ်နေ့ နှစ်ကြိမ်ခတ်ပါ၊ သုံးကြိမ်ခတ်ပါ..စသဖြင့် ပြောရင် မှန်မှန် ကန်ကန် ခတ်ဖို့ လိုပါတယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို တိတိကျကျ လိုက်နာရမယ်။ တစ်ခါတလေ ကျရင် လူနာနဲ့အတူ ပါတဲ့ လူနာရှင်အပေါ်မှာလည်း မူတည်တယ်။ ဆရာတို့က မျက်စိခွဲပြီးတဲ့ လူနာတွေကို မျက်စဉ်းဆေးကို နှစ်နာရီတစ်ခါ ၊ တစ်နေ့ ရှစ်ကြိမ်သုံးရက်ထည့်ပါ။ ပြီးရင် လေးကြိမ်ကိုတစ်လထည့်ပါလို့ မှာလိုက်တယ်။ လူနာရှင်က မှတ်လိုက် တယ်။ ဒါပေမဲ့ သူ့မှတ်ဉာဏ်ထဲကို သုံးရက်ထည့်ပါ ဆိုတာပဲ ဝင်တော့ တစ်ပတ်ကြာလို့ ပြန်တွေ့တဲ့အခါ လေးရက်စာ ဆေးမထည့်ထားတာကို တွေ့ရတယ်။

ဆေးပုလင်းအခွံမှာ ဆော့ပင်နဲ့ ရေးပေးလိုက်လည်း လူနာတွေက ဒါကို မကြည့်ကြဘူး။ သုံးရက်ခတ်ပြီး ရပ်လိုက်တာမျိုးရှိတယ်။ နောက်တစ်ချက်က နှစ်နာ ရီတစ်ကြိမ် ခတ်ပါဆိုတာကို ဥပမာပေးတဲ့အနေနဲ့ ၇နာရီ-၉နာရီ- ၁၁နာ ရီခတ်ပါလို့ မှာလိုက်ရင် အဲဒီ သုံးကြိမ်ပြီးရင် ရပ်ပစ်လိုက်တာကိုတွေ့ရတယ်။ ဒါက ဘာကို ပြသလဲဆိုတော့ ဆရာဝန်နဲ့ လူနာကြားမှာ နားလည်မှု လွဲမှားနေတာကို ပြပါတယ်။ ဆရာတို့က ဒီလောက်လေးကို နားလည်မယ်လို့ ထင်ထားပေမယ့် နားမလည်ကြတာကိုလည်း တွေ့နေရပါတယ်။

ဥပမာ မျက်စဉ်းဆေးတစ်ပုလင်း ၅ စီစီကို တစ်နေ့ လေးကြိမ်ခတ်ခိုင်းရင် နှစ်ပတ်ပဲ ရပါတယ်။ အဲဒီတော့ တစ်လခတ်လို့ ပြောလိုက်ရင် လူနာက နယ်ကို ပြန်သွားတယ်။ ၁၅ ရက်ကြာတော့ တစ်ပုလင်း ကုန် သွားတယ်။ ကျန်တဲ့ ၁၅ ရက်အတွက် ခတ်စရာ မရှိတော့ ဒီအတိုင်းနေနေကြတယ်။ အိမ်က သားသမီး တွေကလည်း ဒါကို ဝယ်ပေးရမယ်ဆိုတာကို မေ့နေကြတယ်။ ဒီလို အခက်အခဲတွေလည်း ရှိပါတယ်။ ဒါကြောင့် လူနာတွေအနေနဲ့ နားမလည်ရင် ဆရာဝန်ကို သေချာပြန်မေးသင့်ပါတယ်။ လူနာတွေက ဆရာဝန်အလုပ်များနေမှန်းသလို အားနာလို့ မမေး ချင်ရင် ဆရာဝန်ဘေးနားက ဆရာမတွေကို မေး သင့်ပါတယ်။

ဆရာဝန်တွေရဲ့ စိတ်ထဲမှာ ကိုယ်ကုတဲ့ လူနာမကောင်းရင် အရမ်းခံစားရပါတယ်။ လူနာ ပြန် လာပြတဲ့အခါ “ငါ ဆေးပေးတာ ကောင်းရဲ့သားနဲ့ ဘာဖြစ်လို့ မသက်သာတာပါလိမ့်”ဆိုပြီး ဖြစ်တတ်တယ်။ တကယ်တော့ လူနာတွေက နားမလည်လို့ ဆရာဝန်ရဲ့ညွှန်ကြားချက်ကို သေချာမလိုက်နာရာက ဖြစ်သွားတာတွေ များပါတယ်။

မေး။ ။ မျက်စဉ်းဆေးကြောင့် ဘယ်လိုမျက်စိရောဂါတွေ ကိုလုံးဝကင်းစင်အောင် ပျောက်ကင်းသွားပါသလဲဆရာ။
ဖြေ။ ။ မျက်စိရဲ့ Ocular Surfaceမှာဖြစ်တဲ့ ရောဂါတွေ ဥပမာ မျက်မြှေးရောင်တာ(Conjuctivitis)ဆိုရင် မျက်စဉ်းဆေးကြောင့် သက်သာတယ်။ မျက်စဉ်း ဆေးအတော်များများက Intraocular penetration မရှိဘူး။ စတီးရွိုက်လိုဆေးမျိုးဆိုရင်တော့ ထိုးဖောက်ဝင်ရောက်မှုကောင်းလို့ ရောင်ရမ်းမှုသက်သာ စေတယ်။ ဒါပေမဲ့ မျက်ကြည်လွှာအနာဆိုရင် ဖန်း ဂတ်စ်ကြောင့်ဖြစ်ရင် ကုရသိပ်ခက်တယ်။ ဘက်တီး ရီးယားကြောင့်ဖြစ်ရင်တော့ ပဋိဇီဝပိုးသတ်ဆေးမျက် စဉ်းတွေကထိုးဖောင်ဝင်ရောက်မှု ကောင်းပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top