Healthy Life Ad
Life Style

အသည်းရောင် အသားဝါ ဘီပိုးရှိသူ ကိုယ်ဝန်ဆောင်မည်ဆိုလျှင် . . .

ပါမောက္ခဒေါက်တာဝင်းဝင်းဆွေ(ပါမောက္ခ/ဌာနမှူး၊ အသည်းရောဂါ ပညာဌာန၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်မြို့)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ဘီပိုးရှိတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်မယ်ဆိုရင် ဘယ်လိုအချက်တွေကိုသိထားသင့်ပါသလဲ ဆရာမ။
ဖြေ ။ နဂိုကတည်းက ဘီပိုးရှိတယ်၊ ဘီပိုးမပွားအောင် ဆေးတွေသောက်ထားတယ်ဆိုရင်တော့ ကိုယ်ဝန် ဆောင်တဲ့အချိန်မှာ အဲဒီဆေးတွေကို မဖြတ်ဘဲနဲ့ ဆက်တိုက်သောက်ရမယ်။ ခါတိုင်းလိုပဲ တစ်လတစ်ခါ၊ နှစ်လတစ်ခါ၊ သုံးလတစ်ခါဆိုသလို အသည်းအင်ဇိုင်း၊ Creatinine CP စတာတွေကို စစ်ဆေးရမယ်။

မေး ။ ကိုယ်ဝန်ဆောင်လို့ ဗိုက်အပ်တဲ့အခါကျမှ ဘီပိုးရှိမှန်း သိတဲ့အခါ ဘယ်လို ဆောင်ရွက်ပေးပါသလဲ ဆရာမ။
ဖြေ ။ ကိုယ်ဝန်ဆောင်လို့ ဆရာဝန်နဲ့ စပြတဲ့အခါကျမှ ဘီပိုးရှိမှန်းသိတယ်၊ ဘာဆေးမှလည်း မသောက် ထားဘူး၊ အခုမှ ဘီပိုးရှိမှန်း သိတယ်ဆိုရင် အသည်းအင်ဇိုင်း၊ Creatinine CP ၊ ဘီပိုးအကောင်ရေ၊ အာ ထရာဆောင်း စတာတွေကို စစ်ပေးရပါတယ်။ ပြီးမှ ဘီပိုးပွားနေသလား၊ မပွားနေဘူးလားဆိုတာ စစ်ရပါတယ်။ စစ်လိုက်လို့ ဘီပိုးမပွားတဲ့ဆေးသောက်ဖို့ လိုနေပြီဆိုရင် ကိုယ်ဝန်ဆောင် စပြတဲ့အချိန်မှာ တိုက်ရပါတယ်။
တကယ်လို့ မိခင်ရဲ့ သွေးနဲ့ အာထရာဆောင်း စစ်ဆေးတဲ့အဖြေအရ အသည်းအင်ဇိုင်းတွေ တက်နေပြီဆိုရင် မိခင်ကို ဘီပိုးအတွက် ဆေးတိုက်ရတယ်။ တကယ်လို့ မိခင်ရဲ့ သွေးနဲ့အာထရာဆောင်းစစ်ဆေး တဲ့ အဖြေက ကောင်းတယ်၊ အသည်းအင်ဇိုင်းတွေလည်း မတက်သေးဘူး၊ ကောင်းတယ်ဆိုရင် တစ်လတစ်ခါ ဒါမှမဟုတ် နှစ်လတစ်ခါ ပြန်စစ်ရပါတယ်။ ပြန်စစ်လို့ အဖြေက ကောင်းနေတယ်ဆိုရင် ဒီအတိုင်းပဲ ထားတယ်၊ မွေးခါနီး တစ်လအလိုလောက် ကျမှ ဘီပိုးဆေး Tanofovir ဒါမှမဟုတ် Telbivudine ကို ကလေးမွေးပြီး သုံးလလောက်အထိ တိုက်ပါတယ်။
တကယ်လို့ မိခင်အနေနဲ့ ဘီပိုးဆေးသောက်နေတုန်းမှာ ပြန်စစ်လိုက်လို့ ဆက်သောက်ဖို့လိုရင် တောက်လျှောက်တိုက်ပါတယ်။

မိခင်အနေနဲ့ ဆရာဝန်ဆီ မှန်မှန်လာပြတယ်၊ မှန်မှန်လည်း စစ်တယ်၊ ပိုးကောင်ရေကလည်း သွေးထဲမှာ လုံးဝမရှိဘူး၊ အသည်းဓာတ်တွေလည်း မတက်ဘူးဆိုရင် ကလေးကို ကူးစက်မှုနှုန်းက နည်းပါတယ်။ ဒါဆိုရင် မိခင်ကို ဘာဆေးမှ မတိုက်ဘဲနဲ့ ကလေးမွေးပြီးပြီးချင်း ကလေးကို ဘီပိုးကာကွယ်ဆေးနဲ့ သွေးရည်ကြည်(Hepatitis B Immunoglobulin) ကိုထိုးပေးပါတယ်။ ဒီနည်းနဲ့ ကလေးကို ဘီပိုးမကူးစက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

မေး ။ ဘီပိုးရှိသူ မိခင်က ကလေးကို မိခင်နို့ချိုတိုက်ကျွေးလို့ ရပါသလား ဆရာမ။
ဖြေ ။ တိုက်လို့ရပါတယ်။

တချို့တွေက ဘီပိုး၊ စီပိုးရှိရင် ကလေးကို နို့မတိုက်နဲ့ဆိုပြီး လွဲမှားစွာ ပြောနေကြ ပါတယ်။ တချို့ဆိုရင် ဘီပိုး၊ စီပိုးရှိတာနဲ့ ကလေးချီရင်တောင် ကူးမှာ စိုးတဲ့ပုံစံ ဖြစ်နေကြတယ်။ ဒါတွေက အယူအဆမှားတွေပါ။ ဘီပိုးရှိတဲ့ မိခင်က မွေးလာတဲ့ ကလေးကို မွေးပြီးပြီးချင်း သွေးရည်ကြည်နဲ့ ကာကွယ်ဆေးထိုးထားတယ်ဆိုရင် ကလေးကို မကူးစက်ပါဘူး။ အဲဒီအတွက် အမေနို့တိုက်လို့ ရပါတယ်။

အမေနို့ချိုမှာ ကလေးကို တခြားရောဂါပိုးတွေမရအောင် ကာကွယ်ပေးနိုင်တဲ့ ကိုယ်ခံအားတွေ ပါဝင် တာကြောင့် ကလေးအတွက် အကျိုးကျေးဇူးများပါတယ်။

မေး ။ ဘီပိုးရှိသူကိုယ်ဝန်ဆောင်တစ်ယောက်က ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ခံယူနေချိန်မှာ အသည်း အထူးကု ဆရာဝန်နဲ့ အမြဲပြသနေဖို့ လိုပါသလား ဆရာမ။
ဖြေ ။ အမြဲပြသဖို့ လိုပါတယ်။

မေး ။ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်က ဘီပိုးရှိပေမယ့် ရှိမှန်းမသိဘူး၊ မသိတဲ့အတွက် ကုသမှုလည်း မခံယူဖြစ်ဘူး၊ ဒီအခြေအနေမှာ ကလေးမွေးလာခဲ့ရင် ကလေးအတွက် ဘယ်လိုထိခိုက်မှုတွေ ဖြစ်နိုင်ပါသလဲ ဆရာမ။
ဖြေ ။ ဒီလိုလူနာတွေကို တစ်ခါတစ်ရံ တွေ့ရတတ်ပါတယ်။ ရန်ကုန်လို မြို့ကြီးမှာတောင် ကိုယ်ဝန်ဆောင် မိခင်တွေက ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု မခံယူတဲ့အတွက် ဘီပိုးရှိမှန်းမသိဘူး။ မွေးတော့လည်း ဆေးရုံကိုရောက်မလာဘူး၊ မွေးပြီးကလေး တစ်လ- နှစ်လလောက်ကြာမှ ဆရာဝန်ဆီ ရောက်လာတယ်၊ အဲဒီအခါကျတော့ စစ်ကြည့်လိုက်လို့ မိခင်ရော ကလေးပါ ဘီပိုးရှိမှန်း သိတာမျိုး ဖြစ်တတ်ပါတယ်။ ကလေးက အသားဝါတာမျိုး ဖြစ်တတ်ပါတယ်။

မေး ။ ဘီပိုးရှိသူ ကိုယ်ဝန်ဆောင်မယ်၊ ကလေးမွေးမယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံဖြည့်စွက်ပြောကြားလိုတာရှိရင် သိပါရစေ ဆရာမ။
ဖြေ ။ ကိုယ်ဝန်ရှိလို့ ကိုယ်ဝန်အပ်ပြီဆိုတာနဲ့ ဘီပိုးကို စစ်ဆေးကြည့်ပါတယ်။ အဲဒီမှာ ဘီပိုးရှိပြီလို့ သိပြီ ဆိုတာနဲ့ အသည်းရောဂါဌာနရဲ့ ပြင်ပလူနာကုဌာကို လာရောက်ပြသသင့်ပါတယ်။ အဲဒီလိုပြသပြီး တိုင် ပင်ဆွေးနွေးမှသာ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံးလည်း နေကောင်းမယ်၊ မွေးတဲ့အချိန်မှာလည်း ကိုယ်ရဲ့ကလေးကို မကူးစက်နိုင်တော့ဘူး၊ တစ်ခါတလေကျရင် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဘီပိုးကြောင့် အသည်းရောင်ပြီး အသားဝါတာတွေလည်း ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ဘီပိုးရှိပေမယ့် ဘာလက္ခဏာမှ မပြဘူး၊ ဂရုစိုက်စရာ မလိုဘူးလို့ ထင်တတ်ကြတယ်။ ဒါကမှားပါတယ်။ ဘီပိုးရှိသူတိုင်းက အသည်းဆရာဝန်နဲ့ ပုံမှန်ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။ ဒါဆိုရင်အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာမဖြစ်ဘဲနဲ့ ကျန်းမာနေမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top