Healthy Life Ad
Life Style

မောင်နှမအချစ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဒီနေ့ကင်ဆာကုသအောင်မြင်ထားသူ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဖြစ်ပါတယ်။ သူ ကင်ဆာဖြစ်တာကော ကုသပျောက်ကင်းတဲ့ ကာလပါ ကြာပြီဆိုတော့ သူကသိပ်ပြီး သေသေချာချာ မသိတော့ပါဘူး။ ဖြစ်တဲ့ ကင်ဆာရောဂါအမျိုးအစား၊ အဆင့် နဲ့ ဘယ်လိုဘယ်ပုံကုသမှုခံယူခဲ့တယ် ဆိုတာတွေကို မေးလိုက်တိုင်း မောင်ဖြစ်သူကပဲ အကုန်ရှင်းပြပါတယ်။

“၂၀ဝ၀ ခုနစ် မတ်လ ၅ရက်နေ့က စသိခဲ့တာလေ . . စစချင်း ဗိုက်အောင့်တာ . . အဲဒါနဲ့ ဆေးရုံကို သွားပြပြီး ချက်ချင်း ဆေးစစ်ခဲ့တယ်။ အဖြေရလာတော့ သားဥအိမ်ကင်ဆာအဆင့် (၂) တဲ့ . . အစ်မကငိုနေတာပေါ့ . . ဦးကပဲခွဲစိတ်ကုသဖို့ တိုက်တွန်းခဲ့တာ . .”ဆိုပြီး အစချီပြီး ဘယ်ဆရာဝန်နဲ့ စကုခဲ့တယ်၊ ဘယ်လို ခံစားခဲ့ရတယ်၊ ဘယ်လို နောက်ဆက်တွဲ ဆက်ပြခဲ့တယ် . . ဘယ်လိုနေထိုင်စားသောက်တယ် . . ဆိုတာတွေကို အသေးစိတ်ရှင်းပြပါတယ်။

ပြီးတော့ ရောဂါဖြစ်တုန်းက ဆေးမှတ်တမ်းဟောင်းတွေကို ဗီရိုထဲကထုတ်လာပြီး ပြပါတယ်။ နေ့ရက်အလိုက် သေချာအသေးစိတ်မှတ်ထားတာပါ။ ကင်ဆာဆေးအမည်တွေကိုလည်း ရေးပြနိုင်ပါတယ်။
“ဦးက ဆရာဝန်လား”လို့ မေးကြည့်လိုက်တော့-
“မဟုတ်ပါဘူး၊ ဦးကအစတုန်းကဆေးပညာ ဆိုတာ ဘာမှကိုမတတ်ပါဘူး။ သင်္ဘောသားပါ . . သင်္ဘောလိုက်ရင်း အစ်မနေမကောင်းဘူးလို့ ကြားတာနဲ့ ပြန်လာတာပါ . . အစ်မကင်ဆာဖြစ်တော့ ဦးကဆေးပညာကိုလေ့လာရင်း ဒါတွေကို အကုန်တီးမိခေါက်မိရှိသွားတယ်။ နောက်ပိုင်း အစ်မကို ပြုစုဖို့လိုတာနဲ့ သင်္ဘောလည်း ပြန်မထွက်တော့ဘူး”တဲ့။

မောင်နှမနှစ်ယောက်စလုံးလူပျိုကြီး၊ အပျို ကြီးတွေပါ . .အစ်မရဲ့ ကျန်းမာရေးအတွက် မောင်ဖြစ်သူက ဒီလောက်အထိ စိတ်ရောကိုယ်ပါ ပြုစု စောင့်ရှောက်ပေးတဲ့ သူတို့မောင်နှမမေတ္တာကတော့ စံတင်လောက်စရာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top