Healthy Life Ad
Life Style

ရွှေသမီး၏ ကျန်းမာလှပလူမှုဘဝ

– လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပေးပါဦး။

သားပိုက်ကောင် ရုပ်ရှင်ကားကြီးရိုက်နေတယ်။ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးတာပါ။ ကိုထွန်းထွန်း၊ ဦးမင်းဦး၊ မကြီးစိုး၊ မမေပန်းချီတို့နဲ့အတူ ရိုက်ကူးနေပါတယ်။ TT & Donut ကားကြီးလည်း မကြာခင် ရုံတင်တော့မှာပါ။ အဲ့ဒီဇာတ်ကားကြီးမှာက ကိုပြေတီဦးရယ်၊ ညီမရယ်၊ ထိုင်းမင်းသမီးရယ်အတူ သရုပ်ဆောင်ထားပါတယ်။

– တစ်နေ့တာအတွက် အသားအရေထိန်းသိမ်းဖြစ်ပုံလေးကို ပြောပြပေးပါဦး။

ရေများများသောက်တယ်။ မိတ်ကပ်တွေ သေချာဖျက်ပြီးမှပဲ အိပ်ဖြစ်တယ်။ Lotion လိမ်းတယ်။ ဒီလောက်ပါပဲ။ ဘာမှတော့ ထွေထွေထူးထူးမလုပ်ဖြစ်ပါဘူး။

– ကျန်းမာရေးနဲ ့အလှအပအတွက် လိုက်နာလေ့ရှိတဲ့ နည်းလမ်းကောင်းလေးတွေကို ပြောပြပါဦး။

အစားအသောက်ကတော့ အများကြီးလည်း မစားတတ်တော့ ခန္ဓာကိုယ်ကိုလည်း ထိန်းပြီးသားဖြစ်တာပေါ့နော်။ ရေလည်းများများသောက်တယ်။ အဆီအအိမ့်တွေလည်းမကြိုက်ဘူး။ ချဉ်ငံစပ်တော့ကြိုက်တယ်။ အသီးဖျော်ရည်လည်း တစ်နေ့တစ်ခွက် ပုံမှန်သောက်တယ်။

– ဆွေမျိုးအပေါင်းအသင်းတွေကိုရော ကျန်းမာရေးလမ်းညွှန်မှုတွေ ပြောဖြစ်လား။

ဟုတ်ကဲ့၊ ပြောဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ဂရုစိုက်နေထိုင်ဖို့၊ ရေများများသောက်ဖို့ ပြောဖြစ်တယ်။ ညီမလည်း တစ်ခါတလေအလုပ်များနေရင် ရေသောက်ဖို ့မေ့နေတတ်တာမျိုးတွေလည်း ရှိတယ်လေ။ အဲ့ဒါကြောင့် သတိထားပြီး ရေသောက်ဖို့ကိုတော့ သတိပေးပြောဖြစ်ပါတယ်။

– အိမ်မှာချက်တဲ့ အစားအစာနဲ့ အပြင်စာဆိုရင် ဘာကိုပိုကြိုက်လဲ။

အိမ်မှာချက်စားတဲ့ အစားအစာကို ပိုကြိုက်တာပေါ့နော်။ ဒါပေမဲ့လည်း ရှူတင်တွေလည်းရှိတော့ ရှူတင်မှာပဲ စားဖြစ်တာများတယ်။ ခရီးတွေလည်းထွက်ရတော့ ကြုံတာပဲစားဖြစ်တာပေါ့နော်။

– စိတ်ဖိစီးမှုတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြေဖျောက်ပစ်လဲ။

စိတ်ဖိစီးမှုတွေဆိုတာတော့ အနုပညာသမားတိုင်း ကြုံတွေ့ရတာပါပဲ။ ညီမကတော့ စိတ်ညစ်လာရင် အိပ်ပစ်လိုက်တာများတယ်။ မဟုတ်ရင်လည်း သီချင်းလေး နားထောင်နေလိုက်တယ်။ အိပ်တာကနေနိုးလာရင် ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေလည်းပြောင်းသွားတော့ သက်သာရာရတာပေါ့နော်။ တစ်ခါတလေလည်း ဈေးဝယ်ထွက်လိုက်တာမျိုးပေါ့နော်။ စိတ်ရှုပ်နေပေမယ့် ရှူတင်ရောက်နေတဲ့အချိန်ကျတော့ အလုပ်ထဲပဲ စိတ်နှစ်ပြီးလုပ်ပစ်လိုက်တယ်။ အစားအသောက်တွေလည်း အများကြီးစားပစ်လိုက်တယ်။

– ကိုယ်ရဲ့အိပ်ချိန်တွေကို ဘယ်အရာတွေကခိုးယူလေ့ရှိသလဲ။

ညီမက တီဗီကြည့်လိုက်လို့ အချိန်တွေ ကုန်မှန်းမသိကုန်ပြီးတော့ အိပ်တာနောက်ကျသွားတာမျိုးတွေ ဖြစ်တာပေါ့နော်။ ဖေ့စ်ဘွတ်ခ်ကတော့ အရင်ကတည်းက သိပ်မသုံးဖြစ်ပါဘူး။

– ကျန်းမာရေးစစ်ဆေးမှုတွေရော လုပ်ဖြစ်လား။

အဲဒါမျိုးတော့ မလုပ်ဖြစ်ဘူး။ ဒါပေမဲ့ တစ်ခုခုနေလို့ မကောင်းဘူးဆိုတာနဲ့ ဆရာဝန်နဲ့ပြတယ်။ သေချာဆွေးနွေးဖြစ်တာမျိုးတော့ လုပ်ဖြစ်ပါတယ်။

– ပရိသတ်အတွက် ကျန်းမာရေးစကားလက်ဆောင် ပြောပေးပါဦး။

အခုရက်တွေဆိုရင် မနက်စောစောပိုင်းမှာ နည်းနည်းအေးတယ်။ နေ့လယ်ဘက်တွေကျတော့ ပူတယ်ပေါ့နော်။ ဆောင်းရာသီက အသားအရေခြောက်တော့ ရေများများသောက်ကြပါ၊ နွေးနွေးထွေးထွေးလည်းနေကြပါ။ ကျန်းမာမှ အလုပ်တွေကောင်းကောင်းလုပ်နိုင်မှာပါ။ အားလုံးကိုချစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top