Healthy Life Ad
Life Style

ပေးဆပ်တဲ့ မေတ္တာတရား

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကောင်လေးတစ်ယောက်က နေ့တိုင်းကြီးမားတဲ့ မန်ကျည်းပင်တစ်ပင်ဆီကို လာပြီး ကစားလေ့ရှိတယ်။ မန်ကျည်းပင်ပေါ် တက်တယ်၊ မန်ကျည်းသီး စားတယ်၊ မန်ကျည်းပင်ရိပ်အောက်မှာ တစ်ရေးအိပ်တယ်၊ မန်ကျည်းပင်ကို ချစ်တယ်၊ မန်ကျည်း ပင်နဲ့အတူ ကစားရတာ သူပျော်တယ်။

အချိန်တွေ ကုန်ဆုံးပြီး ကောင်လေးက တဖြည်းဖြည်း ကြီးပြင်းလာတော့ မန်ကျည်းပင်ဆီလာ မကစားတော့ဘူး။

“ငါနဲ့ လာကစားပါဦး”လို့ မန်ကျည်းပင်က ညှိုးငယ်တဲ့ မျက်နှာနဲ့ တောင်းဆိုတဲ့အခါ-

“ကျွန်တော်က ကလေး မဟုတ်တော့ဘူးလေ၊ ဒီတော့သစ်ပင်နဲ့ မကစားချင်တော့ဘူး၊ ကျွန်တော်က ပိုကောင်းတဲ့ အရုပ်တွေ လိုချင်လို့ အဲဒါတွေ ဝယ်ဖို့ ငွေလိုတယ်” လို့ ကောင်လေးက ဖြေတယ်။

“စိတ်မကောင်းပါဘူးကွာ၊ ငါ့မှာ ငွေတော့ မရှိပါဘူး၊ ဒါပေမဲ့ မန်ကျည်းသီးတွေ ခူးရောင်း ရင် မင်း ငွေရမှာပါ . . ဒါဆို မင်း လိုချင်တဲ့ အရုပ် ဝယ် နိုင်ပြီပေါ့. .”

ကောင်လေး ပျော်သွားတယ်။ မန်ကျည်းသီး အားလုံးခူးပြီး သွားရောင်းလိုက်တာ ပြန်မလာတော့ဘူး။ မန်ကျည်းပင်ကြီး ဝမ်းနည်းနေခဲ့တယ်။

တစ်ရက်မှာတော့ ကောင်လေးက တကယ့်လူပျိုကြီး ဖြစ်လာတော့တယ်။

“ငါ့ဆီ လာပါဦး”လို့ မန်ကျည်းပင်က ခေါ်တော့-

“ကစားဖို့ အချိန်မရှိဘူး၊ ကျွန်တော့်မိသား စုအတွက် အလုပ်လုပ်ရမယ်၊ အိမ်ပြင်ဖို့ လိုတယ်၊ ခင်ဗျား ကူညီနိုင်မလား”

“စိတ်မကောင်းပါဘူးကွာ၊ ငါ့မှာ အိမ်မှမရှိတာ၊ ဒါပေမဲ့ ငါ့သစ်ကိုင်းတွေကို ခုတ်ပြီး အိမ်ပြင်ကြည့်ပါလား”

လူငယ်လေးက သစ်ကိုင်းအားလုံးခုတ်ပြီး ပျော်ပျော်ရွှင်ရွှင်ထွက်သွားတယ်။ သစ်ပင်ကြီးလည်း လူငယ်လေးပျော်တာကြည့်ပြီး ဝမ်းသာနေတယ်။ ကောင်လေးက နောက်ထပ်မလာတော့ သစ်ပင်ကြီး အထီးကျန်ဝမ်းနည်းနေတာပေါ့။

ပူပြင်းတဲ့ နွေရာသီနေ့တစ်နေ့မှာတော့ လူငယ်လေးလာတဲ့အတွက် သစ်ပင်ကြီး ဝမ်းသာနေခဲ့တယ်။

ထုံးစံအတိုင်း “ငါ့ဆီ လာကစားပါဦး”လို့ နှုတ်ဆက်တော့-

“ကျွန်တော် ဝမ်းနည်းနေတယ်၊ အပန်းပြေဖို့ ရွက်လွှင့်ချင်လို့ ခင်ဗျားလှေတစ်စီး ပေးနိုင်မလား”

လူငယ်ရဲ့ တောင်းဆိုချက်ကို သစ်ပင်ကြီးက-

“လှေရဖို့ ငါ့ပင်စည်ကို သုံးလေ၊ ဒါဆို မင်းပျော် ပျော်ရွှင်ရွှင်ရွက်လွှင့်နိုင်ပြီပေါ့ . .”

လူငယ်လည်း ပင်စည်ဖြတ်ပြီး လှေနဲ့ရွက်လွှင့်သွားခဲ့တာ တော်တော်နဲ့ သစ်ပင်ကြီးဆီ မရောက်လာတော့ဘူး။ နောက်ဆုံးမှာတော့ လူငယ်လေးက လူကြီးအရွယ်နဲ့ ရောက်လာတဲ့အခါ သစ်ပင်ကြီးက-

“စိတ်မကောင်းပါဘူး၊ ငါ့မှာ မင်းကို ပေးစရာ ဘာမှ မရှိတော့ဘူး၊ မန်ကျည်းသီးလည်း မရှိ၊ မင်းတက်ဖို့ ပင်စည်လည်းမရှိတော့ဘူး”လို့ ဆိုတော့-

“ကျွန်တော့်မှာလည်း မန်ကျည်းသီးစားဖို့ သွားတွေမရှိတော့ပါဘူး၊ ပင်စည်ပေါ် တက်ဆော့နိုင်တဲ့ ခွန်အားလည်း မရှိတော့ပါဘူး” လို့ လူကြီးက ပြန်ဖြေလိုက်တယ်။

“ဒါပေမဲ့ ငါ မင်းကို ပေးနိုင်တာတစ်ခုတော့ရှိ တယ်၊ အဲဒါ သစ်ငုတ်တိုလေးပဲ..”

“ကျွန်တော်လည်းအများကြီး မလိုချင် တော့ပါဘူး၊ နားစရာနေရာတစ်ခုပဲ လိုချင်တာပါ”

“ဒါဆို အတော်ပဲ ကောင်လေး၊ သစ်ငုတ်တို ဟောင်းတွေက အနားယူဖို့ အကောင်းဆုံးနေရာပဲ၊ ဒီပေါ်တက်ထိုင် . .”

ကောင်လေးက သစ်ငုတ်တိုပေါ် တက်ထိုင်လိုက်တော့ သစ်ပင်ကြီးက ဝမ်းသာပီတိဖြစ်စွာ ပြုံး နေခဲ့တော့တယ်။
_ _ _

ဒီပုံပြင်မှာ မန်ကျည်းပင်ကြီးဆိုတာ မိဘ တွေကို ဆိုလိုတယ်လို့ သင်သိပြီး ဖြစ်မှာပါ။ ကျွန်မတို့ ငယ်ရွယ်စဉ်က မိဘတွေနဲ့ အတူ ပျော်ရွှင်စွာ နေထိုင်ခဲ့ကြတယ်၊ ကြီးပြင်းလာတဲ့အခါ သူတို့ကို ထားပြီး ရေကြည်ရာ မြက်နုရာ ထွက်သွားခဲ့ကြ တယ်၊ အလိုရှိတဲ့အခါ၊ အကူအညီလိုတဲ့အခါမှပဲ မိဘတွေဆီ ပြန်လာဖြစ်တော့တယ်။ မိဘတွေက သားသမီးအတွက် သူတို့ဘဝကို အရာရာကို စွန့်လွှတ်ခဲ့ကြတယ်။ မိဘတွေရဲ့အနစ်နာခံတဲ့ မေတ္တာ တရားကို ဘယ်တော့မှမမေ့လိုက်ပါနဲ့။ နောက်မကျသေးခင် သင့်မိဘတွေရှိတုန်း ချစ်ခြင်းမေတ္တာနဲ့ ကြင်နာစောင့်ရှောက်မှုတွေ ပေးလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top