Healthy Life Ad
Life Style

ကလေးမရနိုင်သူများအတွက် ဆေး (Clomiphene Citrate)

ဒေါက်တာတင့်ဆွေ

မေး ။ ဆရာရှင့် ကျွန်မအသက်က ၂၄ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေးတစ်ယောက်ရှိပါတယ်။ ကလေးက ၄ နှစ်ပါ။ ကလေးထပ်ယူဖို့ကြိုးစားနေတာပါ။ တားဆေးမသောက်တော့တာ ၈ လလောက် ရှိပြီ။ ဘာမှထူးမလာဘူး။ OG သွားပြဖို့ဆိုတာလည်း – – – မှာ ရောက်နေတော့ အဆင်မပြေပါဘူး။ ကျွန်မသိချင်တာက မျိုးဥကြွေဆေး ဝယ်သောက်သင့်ပါသလား။ ဘယ်လိုဆေးမျိုးပါလဲ။ ဒီမှာဝယ်လို့ ရနိုင်ပါ့မလား။ အမြွှာကိုယ်ဝန်လိုချင်လို့ ဘယ်လိုလုပ်သင့်ပါသလဲ။ ပထမကိုယ်ဝန်ခွဲမွေးထားလို့ နောက် ကိုယ်ဝန်ရော ခွဲမွေးရမှာလား။ ပထမကိုယ်ဝန်က အသက်ငယ်လို့ ခွဲမွေးလိုက်တာပါ။ ဘယ်နှစ်ခါခွဲမွေး လို့ရပါသလဲ။ ကျွန်မက ကလေးအများကြီး လိုချင်လို့ပါ။ စာကိုဆုံးအောင်ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်။ ဆရာ ကျန်းမာပါစေ။

ဖြေ ။ ဗိုက်ခွဲမွေးတာကို အများဆုံး ၃ ကြိမ်လုပ်ပါတယ်။ တစ်ခါခွဲမွေးရတိုင်း နောက်ကိုယ်ဝန်ကိုလည်း ခွဲရ မယ်တော့မရှိပါ။ အမြွှာကို တမင်ဖန်တီးဖို့ခက်ခဲလွန်းပါတယ်။ Clomifene ဆေးကို ၁၉၆၀ ကတည်းက သုံးနေခဲ့တယ်။ အရင်ကတော့ ရာသီသွေးနည်းတဲ့သူ တွေကိုသာ ပေးတယ်။ အခုနောက်ပိုင်းမှာ ကလေးရအောင် လုပ်နည်းအတွက် အတော်များများ သုံးနေကြပြီ။ Clomiphene Citrate ကို Clomid, Fertomid, Milophene, Serophene ဆိုတဲ့ နာမည်တွေနဲ့ ရောင်းတယ်။ Selective estrogen receptor modulator (SERM) လို့ ခေါ်တယ်။ အမျိုးသမီးတွေကိုပေးရင် မျိုးပွားရာမှာ မရှိမဖြစ်လိုအပ်တဲ့ မ-မျိုးဥ ထွက်စေအာင် လှုံ့ဆော်အားပေးပါတယ်။ရာသီတစ်လရဲ့ အစောပိုင်းရက်တွေမှာ ၅ ရက် ဆက်တိုက် သောက်စေတယ်။ ၃ လကနေ ၆ လအထိ ပေးတတ်တယ်။ဆေးသောက်ရသူအတွက် အတိအကျ လိုအပ်မယ့် Dose ဆေးအဆကို ပြောမရလို့ ဆေးကို နောက်ပိုင်းမှာ တိုးတိုးပေးရတတ်တယ်။ Dose ကိုသိလာရရင် အဲဒီ Dose အတိုင်း ၃ လဆက်ပေးမယ်။ ၆ လ နေလို့မှ ကိုယ်ဝန်မတည်ရင်တော့ ဒီနည်းနဲ့မရနိုင်ဘူးလို့ ပြောနိုင်ပြီ။

သဘာဝနည်းနဲ့ ကလေးယူဖို့မှာ မျိုးဥ မထွက်တဲ့ အမျိုးသမီးတွေကို ဆေးပေးနည်း
၅၀ mg တစ်လုံးကို နေ့တိုင်း ၅ ရက်သောက်ရမယ်။ ၃ လကြိုးစားလို့ မျိုးဥမထွက်သေးရင် ၁၀ဝ mg ကို နေ့တိုင်း ၅ ရက်၊ နောက် ၃ လပေးမယ်။ ရာသီစလာတဲ့နေ့ရဲ့နောက် ၃-၄-၅ ရက်မှာ စသောက်ပါ။ ၅ ရက် ဆက်တိုက်သောက်ပါ။ ၁၀ဝ mg ထက်ပိုပေး-မပေး ဆွေးနွေးနေဆဲဖြစ်တယ်။

ဆေးကို မနက်မှာ သောက်ရင် ၅ ရက်လုံး မနက်မှာသောက်ပါ။ နောက်ကျသွားရင်လည်း သတိရတာနဲ့ ချက်ချင်းသောက်ပါ။ တစ်ရက်နောက်ကျရင် ဆေး ၂ လုံး တစ်ခါတည်း သောက်ပါ။ မျိုးဥထွက်မမှန်သူနဲ့ မျိုးဥ လုံးဝမထွက်သူတွေကိုပေးရင် ၈၀ ရာခိုင်နှုန်း မျိုးဥထွက်မယ်။ ဆေးကုတာ ၉ လရှိသူတွေထဲက ၇၀-၇၅ ရာခိုင်နှုန်း ကိုယ်ဝန်ရတယ်။ သဘာဝ အမျိုးသမီးတွေထက် ကလေးပျက်ကျနှုန်း ပိုများတာကိုတော့ အရင်က တွေ့ရတယ်။ နောက်ပိုင်း အဲဒီလိုမဟုတ်ပါဘူးလို့ ပြောလာတယ်။

Clomiphene therapy နည်းကြောင့် ကိုယ်ဝန်ရရင် ၅-၈ ရာခိုင်နှုန်းမှာ အမြွှာတွေ ဖြစ်မယ်။ ပုံမှန်အမွှာဆိုတာ ၁-၂ ရာခိုင်နှုန်းသာရှိတယ်။ Twins ကလေး ၂ ယောက်တွဲသာ ဖြစ်ပါမယ်။ Triplets ကလေးသုံးယောက်တွဲ ဆိုတာ ရှာမှရှား ဖြစ်နိုင်တယ်။ ဆေးက ကလေးကို ဒုက္ခမပေးပါ။
ကလေးရအောင် လိုအပ်သေးတဲ့ Estrogen ဟော်မုန်း အနည်း-အများလည်း မှန်နေရမယ်။ ဦးနှောက်ထဲက ဟော်မုန်းတွေ ထွက်ရာ Pituitary gland ကလည်း မှန်မှန်အလုပ်လုပ်နေဖို့ လိုပါတယ်။ သူ့ခင်ပွန်းကလည်း ကလေးရနိုင်သူ ဖြစ်ရပါမယ်။

ဘေးထွက်ဆိုးကျိုးတွေ
Ovarian hyperstimulation နည်းနည်းသာဖြစ်ရင် မျိုးဥအိမ်ကကြီးလာမယ်။ ဗိုက်အောင့်မယ်။ အလတ်စားဆိုရင် ပျို့ချင်-အန်ချင် ဖြစ်မယ်။ ဆိုးဝါးသူတွေမှာ အသက်ကိုအန္တရာယ်ပေးနိုင်တယ်။ မျက်နှာတွေ နီမြန်းမယ်။ စိတ်တိုမယ်။ ခေါင်းကိုက်မယ်။ သားအိမ်အဝက ချွဲတွေ စေးပြစ်လို့ သုက်ပိုးလွယ်လွယ်နဲ့ ဝင်မရဖြစ်နိုင်တယ်။ ဒါ့ကြောင့် ဆေးသုံးနိုင်တယ်။ လိုအပ်ရင် သုက်ပိုးကို သားအိမ်ထဲ ထည့်ပေးရမယ်။ ရင်သားတွေ တင်းနာမယ်။ မျက်စိဝေ၀ါးနိုင်တယ်။ ရှားရှားပါးပါး ဆံပင်ကျွတ်မယ်။ အားယုတ်မယ်။ အိပ်ရေးပျက်မယ်။ကလေးမရသေးတဲ့စုံတွဲတွေ ဆေးစစ်တာတွေ စုံအောင်လုပ်ရမယ်။ ကျန်းမာရေး ရာဇဝင် ကျကျနန ယူမယ်။ ကိုယ်ကာယ စစ်ဆေးမှုတွေလုပ်မယ်။ Semen analysis သုက်ပိုးစစ်ဆေးမယ်။ Pituitary, Thyroid, and Adrenal function ဟော်မုန်းထွက်ရာတွေ အကုန်စစ်မယ်။ သားအိမ်ရောဂါ Endometriosis မရှိတာစစ်မယ်။

ယောကျာ်းမှာလည်း အပြစ်ကင်းနေမှသာ Clomiphene ဆေးနည်းသုံးတာဟာ စိတ်ချရတဲ့ နည်းလမ်းကောင်းလို့ သတ်မှတ်တယ်။ Clomifene ဆေးကို အားကစားလောကမှာ သုံးကြတယ်။ မသုံးရလို့ World Anti-Doping Agency က သတ်မှတ်ထားတယ်။In vitro fertilization (IVF) or Gamete intrafallopian transfer (GIFT) နည်းပညာတွေသုံးပြီး မျိုးဥကို များစေ-ပွားစေအောင် လုပ်ရသေးတယ်။ ဒီဆေးကနေ အဲလို အပြင်မှာ မျိုးစပ်ပြီးနောက် Intrauterine insemination or Artificial insemination သူ့သားအိမ်ထဲ သန္ဓေကို လာထည့်ပေးခံမယ့် မျိုးဥထွက်မမှန်သူ အမျိုးသမီး အတွက်လည်း အကျိုးရှိစေတယ်။

Clomiphene ဆေးကို တခြားဆေးတွေနဲ့ လည်း တွဲပေးတတ်တယ်။ အမျိုးသမီးလူနာက အလွန်ဝပြီး ဏသူပခပျအငခ ဥလမေပ ှပညိမသာန(ဏဃဥှ) ရောဂါလည်း ရှိနေသူဖြစ်ရင် ကိုယ်အလေးချိန်ကို အရင်ချခိုင်းရမယ်။ Polycystic Ovary Syndrome(PCOS) ကျစေအောင် အစားရှောင်နည်းနဲ့ လေ့ကျင့်ခန်း လုပ်ခိုင်းမယ်။ မရသေးရင် Body mass index (BMI) ကိုပြင်တဲ့ဆေးပေးရမယ်။

ဆေးပေးပြီး အမျိုးသမီးရဲ့ မျိုးဥထွက်တာ၊ မျိုးဥရဲ့ အရည်အသွေးတွေကို စမ်းသပ်စစ်ဆေးတာကို Clomiphene challenge test ခေါ်တယ်။ ဆေးကနေ မျိုးဥအိမ်က ထွက်ပေးနေတဲ့ (FSH) ဟော်မုန်းကို အားပေးလိမ့်မယ်။ ဆေးပေးပြီးနောက်ရက်မှာ သွေးထဲက FSH က အရင်လို ပုံမှန်ကိုပြန်ကျသွားတယ်ဆိုရင် (နော်မယ်) လို့ပြောနိုင်တယ်။ တကယ်လို့ မြင့်မားနေမယ်ဆိုရင်တော့ ဒီအမျိုးသမီးဟာ Ovarian reserve မျိုးဥအိမ်အလုပ် နည်းနေတယ်။ ဒီလို အမျိုးသမီးက Donor eggs သူများလှူထားတဲ့ မျိုးဥကို သုံးရတော့မယ်။Clomipheneဆေးကို ယောကျာ်းတွေအတွက်လည်း သုံးတယ်။ သုက်ပိုးနည်းနေသူတွေအ တွက် ကောင်းစေမယ်။ ဒါပေမဲ့ ဘာကြောင့် ကလေးမရနိုင်မှန်း မသိသူတွေကိုတော့ ဒီ Clomiphene ဆေးက ကိုယ်ဝန်ရစေမယ်လို့ Insemination procedure အပြင်ကနေ သုက်ပိုးထည့်ပေးခံမယ့် အမျိုးသမီးကို မျိုးဥတွေ ပွားများလာအောင် လုပ်ပေးရာမှာ အထိရောက်ဆုံး ဖြစ်တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top