Healthy Life Ad
Life Style

အမျိုးသားနှင့် အရေးကြောင်းထင်ခြင်း

၊ ကိုမိုး ၊

အရေပြားက ပျမ်းမျှအားဖြင့် အမျိုးသားတစ်ယောက် ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁၆ရာခိုင်နှုန်းခန့် လေးပါတယ်။ အရေပြားရဲ့လုပ်ငန်းဆောင်တာက ခန္ဓာကိုယ်တစ်ခုလုံးကို ဘက်တီးရီးယားဝင်တာ၊ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် ထိခိုက်တာတွေမဖြစ်အောင် ကာကွယ်နိုင်ပြီး ခန္ဓာကိုယ်တွင်းက အရည်တွေကို ရေငွေ့ပြန်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အရေပြားဟာလည်း ပြောင်းလဲမှုတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီပြောင်းလဲမှုတွေထဲက အသိသာဆုံး အကြောင်းရင်းတစ်ချက်က အရေးကြောင်းထင်တာပါ။ အမျိုးသားတွေအနေနဲ့ အသက်ကြီးမှ အရေးကြောင်းထင်လေ့ရှိပေမယ့် ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲနေရင်တော့ အသက်၂၀လောက်ကတည်းက အရေးကြောင်း ထင်တတ်ပါတယ်။

အမျိုးသားတွေက အရေးကြောင်း ထင်နိုင်ခြေနည်းသလား

အမျိုးသားတွေက အမျိုးသမီးတွေနဲ့စာရင် အရေးကြောင်းထင်နိုင်ခြေ ပိုနည်းတယ်ဆိုတာမဟုတ်ပါဘူး။ ဒါ့အပြင် အမျိုးသားတွေက အသက်ကြီးပိုင်းရောက်လာလေလေ အရေးကြောင်းထင်နိုင်ခြေက အမျိုးသမီးတွေထက် ပိုများလေလေဖြစ်လာတတ်ပါတယ်။ ဒါက အသားအရေအမျိုးအစားနဲ့ ဆက်နွှယ်နေသလို အသားအရေထိန်းသိမ်းမှုပုံစံနဲ့လည်း ဆက်စပ်မှုရှိပါတယ်။

အရေးကြောင်းထင်စေသော နံပါတ်တစ်အကြောင်းရင်း

ခရမ်းလွန်ရောင်ခြည်
အမျိုးသားတွေကို အရေးကြောင်းထင်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုက နေရောင်ခြည်ဒဏ်ကြောင့် ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည် UVA နဲ့ UVB တို့က အရေပြားကို အထိခိုက်စေနိုင်ဆုံးအရာတွေပါ။ နေရောင်ခြည်နဲ့ အလွန်အမင်းထိတွေ့မှုကြောင့် အရေပြားအရောင်ကိုပါ ပြောင်းလဲမှုဖြစ်စေနိုင်ပါတယ်။ နေရောင်ခြည်ဒဏ်ကြောင့် အရေပြားမှာ အရေးကြောင်းထင်တာနဲ့ ပါးရေတွန့်တာတွေ ဖြစ်လွယ်ပါတယ်။

နေရောင်ခြည်နဲ့ အလွန်အမင်းထိတွေ့မှုကြောင့် အရေပြားအောက်က ကော်လာဂျင်အမျှင်တွေဟာ ထိခိုက်ပျက်စီးသွားကာ အရေးကြောင်းထင်လာပါတယ်။ အရေးကြောင်းကင်းဝေးစေဖို့အကောင်းဆုံး ကာကွယ်နည်းက အပြင်သွားတဲ့အခါ နေရောင်ကာခရင်မ်နဲ့ လိုးရှင်းတွေ လိမ်းပေးဖို့ဖြစ်ပါတယ်။ အစိုဓာတ်ထိန်းခရင်မ်ပါဝင်တဲ့ နေရောင်ကာခရင်မ်တွေက အရေပြားဆဲလ်တွေကို ပြည့်တင်းစေပြီး အရေးကြောင်း ပါးပါးလေးတွေကို လျော့ပါးစေပါတယ်။

အရေးကြောင်းထင်လွယ်စေသော အခြားအကြောင်းများ

ဟော်မုန်းများ
ဟော်မုန်းတွေက အသားအရေအပေါ် သက်ရောက်မှုရှိပြီး ဟော်မုန်းအပြောင်းအလဲကြောင့် အရေးကြောင်းထင်တာကို ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ တက်စတိုစတီရုန်းကျားဟော်မုန်းရဲ့ လွှမ်းမိုးမှုကြောင့် အမျိုးသားတွေရဲ့ အရေပြားမှာ အရေးကြောင်းထင်ရတယ်လို့ သိရပါတယ်။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာက အမျိုးသားတွေရဲ့ ကျန်းမာရေးကိုသာမက အသားအရေအပေါ်မှာလည်း ကြီးမားတဲ့ သက်ရောက်မှုမျိုးရှိနေပါတယ်။ ဆေးလိပ်သောက်တာကြောင့် အရေပြားဆီကိုသွားတဲ့ သွေးကြောလေးတွေ ပိတ်ဆို့ကျဉ်းမြောင်းသွားပါတယ်။ ကြာလာတဲ့အခါ အရေပြားက အောက်ဆီဂျင်နဲ့ အာဟာရ အလုံအလောက်မရတော့ဘဲ အသားအရေက ပြာနှမ်းနှမ်းဖြစ်ပြီး အရွယ်မတိုင်ခင် အရေးကြောင်း ထင်လာပါတယ်။

အသားအရောင်
အရေပြားအရောင်ဖြစ်စေတဲ့ အရေးပါဆုံး ရောင်ခြယ်ပစ္စည်းက မယ်လာနင်ဖြစ်ပါတယ်။ မယ်လာနင်က အရေပြားကို နေရောင်ခြည်ရဲ့ အန္တရာယ်ရှိတဲ့ အလင်းတန်းတွေ မကျရောက်စေဖို့ အကာအကွယ် ပေးထားပါတယ်။ ဒါကြောင့် အသားညိုမည်းတာက မယ်လာနင်ဓာတ်များတာကြောင့် ဖြူတဲ့သူတွေက အသားအရောင်ရင့်သူတွေထက် ယေဘုယျအားဖြင့် အရေးကြောင်းပိုထင်လွယ်ရတာပါ။

ကိုယ်အလေးချိန်အတက်အကျဖြစ်ခြင်း
အမျိုးသားတွေက အသက်ကြီးလာတဲ့အခါ အရေပြားအောက်မှာ အဆီတွေ ပိုများများ ဆုံးရှုံးလာပါတယ်။ အဆီဆုံးရှုံးမှုက မျက်နှာပေါ်မှာ ပိုသိသာပါတယ်။ တကယ်လို့ ကိုယ်အလေးချိန် အတက်အကျဖြစ်တယ်ဆိုရင် အရေပြားဆွဲဆန့်မှုတွေအဖြစ်များလာပြီး အရေးကြောင်း ထင်လွယ်လာပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို အမြဲတမ်းပုံမှန်ဖြစ်နေအောင်ထိန်းဖို့ အရေးကြီးတာပါ။

ကြွက်သားအသုံးပြုမှု၊ မြေဆွဲအား
ကြွက်သားအသုံးပြုမှုနဲ့ ကမ္ဘာ့မြေဆွဲအားတို့ကြောင့် အရေးကြောင်းဖြစ်နှုန်းကို တိုးစေပါတယ်။ အသက်ကြီးလာတဲ့အခါ နှုတ်ခမ်းပတ်လည်းနဲ့ နဖူးတွေမှာ အရေးကြောင်းထင်ရတာက ကမ္ဘာ့မြေ ဆွဲအားနဲ့ ရယ်တာ၊ ပြုံးတာ၊ မဲ့တာစတဲ့ ကြွက်သားအသုံးပြုမှုတွေကြောင့် ဖြစ်ရတာပါ။

မျိုးရိုးဗီဇ
ဘဝနေထိုင်မှုပုံစံကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပုံစံအတိုင်းလိုက်နာနေပေမယ့် တချို့လူတွေ အရေးကြောင်းထင်လွယ်တာက မျိုးရိုးကြောင့်ပါ။ ဒီလိုမျိုးရိုးကို ပြုပြင်ပြောင်းလဲလို့ မရတာကြောင့် အသားအရေ ထိန်းသိမ်းမှုအနေနဲ့ အစိုဓာတ်ထိန်းခရင်မ်ကို နေ့ရောညပါ လိမ်းပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top