Healthy Life Ad
Q & A

၀က်ခြံအမာရွတ် အချိုင့်အခွက်များ

– ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကုဆရာဝန်ကြီး)

မေး။ ။ ဝက်ခြံညှစ်လိုက်တဲ့အခါ၊ အသားချိုင့်တွေ ဖြစ်လာတယ်၊ အဲဒီ အသားချိုင့်တွေ ပြည့်တင်းလာနိုင်တဲ့ နည်းလမ်းတွေသိချင်ပါတယ်။

ဖြေ။ ။ ဝက်ခြံဆိုတာ အရွယ်ရောက်ချိန်မှာ အင်ဒရိုဂျင်ဟော်မုန်းတွေ ထွက်လာပြီး မျက်နှာ၊ ရင်ဘတ်နဲ့ နောက်ကျောက အဆီကျိတ်တွေ ကြီးလာတယ်။ ဝက်ခြံဖြစ်စေမယ့် ဘက်တီးရီးယားပိုးကဝင်တော့ ဝက်ခြံအဖုတွေ ထွက်လာတာပါ။ အချိန်မတန် မမှည့်သေးခင်မှာ ဝက်ခြံအဖုလေးတွေဟာ အရေပြားထဲမှာ နစ်နေတတ်ပြီး ကုတ်ခြစ်ပွတ်၊ ဖိကိုင်ညှစ်လိုက်တဲ့အခါမှာ အချိုင့်လေးတွေအနေနဲ့ အမာရွတ်ဖြစ်ပြီး ကျန်ရစ်တတ်ပါတယ်။

ဝက်ခြံ အမာရွတ်တွေအတွက် ဝက်ခြံမှာသုံးတဲ့ ဆေးတစ်မျိုး ( Vitamin A ပါဝင်တဲ့) Retinoic acid, Glycolic acid Vitamin C တွေကို သုံးပါတယ်။

– မျက်နှာ အပေါ်ယံလွှာခွာခြင်း (Chemical peeling) ပြုလုပ်လို့ ရပါတယ်၊ ဆဲလ် အသစ်တွေတိုးတဲ့နည်းနဲ့ အမာရွတ်အချိုင့်အခွက်တွေ ပြည့်လာနိုင်ပါတယ်။

– Microdermabrasion လို့ ခေါ်တဲ့ နည်းနဲ့ အရေပြားကို ပွတ်တိုက်စားကုသနည်းနဲ့ ကုသလို့ရပါတယ်။

– လေဆာနဲ့ ကုသလို့ ရပါတယ်။

– Fillers ခေါ်တဲ့ ဆေးထိုးလို့ရပါတယ်။ ဒါပေမဲ့ တစ်ကြိမ်တည်းနဲ့မပြီးဘဲ လေးလတစ်ခေါက် ဒါမှမဟုတ် ခြောက်လတစ်ခေါက် ထပ်ထိုးရပါမယ်၊

– Subcision နည်းနဲ့ ခွဲစိတ်ကုသရပါမယ်။ အမာရွတ်သေးသေးလေးကို သေးသေးလေးခွဲထုတ်တဲ့ နည်းသုံးရပါမယ်။

အကြံပေးချင်တာက -ဝက်ခြံအမာရွတ်ကုသတာက ထင်သလောက် သိပ်မလွယ်လှပါဘူး။ ဒါကြောင့် မဖြစ်ခင်က ကာကွယ်တာစောစောကုသတာ အကောင်းဆုံးပါ။

– နေရောင်ကို တတ်နိုင်သမျှ ကာကွယ်ရမယ်။

– စောစောကုသရမယ်။

– ရေလုံလောက်အောင်သောက်ပြီး အာဟာရ မျှအောင်စားဖို့ လိုပါတယ်။

– အချိန်မတန်၊မမှည့်သေးဘဲညှစ်ထုတ်၊ ပွတ်ကုတ်တာ ရှောင်ရမယ်။

– မျက်နှာကို နူးနူးညံ့ညံ့ကိုင်ရမယ်၊ မျက်နှာသုတ်ရင်တောင် ကြမ်းကြမ်းမပွတ်သင့်ပါဘူး။

– ဆေးကုသနေချိန်မှာ ပြင်းထန်တဲ့ အမွှေးရနံ့တွေပါတဲ့ အလှပြင်ပစ္စည်းတွေ မသုံးသင့်ပါဘူး။

– ရေဓာတ်ဖြည့်ခရင်မ်သာ သုံးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top