Healthy Life Ad
Life Style

အကျိုးရှိပြီး ထိရောက်သည့် ကျန်းမာရေးအလှူ (Effective Altruism in medical needs)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ကျန်းမာရေးနဲ့ ပတ်သက်လို့ လှူေဒါန်းတာက အမွန်မြတ်ဆုံးသော အလှူတစ်ခု ဖြစ်ပါတယ်။ နာမကျန်းသူကို ပြုစုတာက အမြင့်မြတ်ဆုံးသော အလုပ်တစ်ခု ဖြစ်တယ်လို့ မြတ်စွာဘုရား ဟောကြားခဲ့တာ ဗုဒ္ဓဘာသာဝင်တိုင်း သိပြီး ဖြစ်ပါတယ်။ ဒီအလုပ်ဟာ အသက်ကယ်တဲ့ အလုပ်တွေပါဝင်တဲ့အတွက် အ မြင့်မြတ်ဆုံးအလုပ်လို့ဆိုရင်လည်း မမှားပါဘူး။ လူတွေဟာ မကျန်းမမာဖြစ်တဲ့အခါမှသာ ကျန်းမာရေးက အားလုံးထဲမှာ အရေးကြီးဆုံးဆိုတာ သတိရကြပါတယ်။

နေကောင်းစဉ်မှာတော့ ကျန်းမာရေးကို သတိမရကြပါဘူး။ ကြိုတင်ပြင်ဆင်တာ၊ ကာကွယ်တာ မလုပ်ဖြစ်ကြပါဘူး။ ဘာပဲဖြစ်ဖြစ် အသက်ရှင်သန်ရေးနဲ့ ဝေဒနာပပျောက်ရေးဟာ ရောဂါဖြစ်လာသူ အားလုံးအလိုလားတောင့်တဆုံးသော အရာဖြစ်ပါတယ်။ အလိုလားဆုံးကတော့ ဖြစ်လာတဲ့ရောဂါကို အပြီးပျောက်ကင်းလိုတာပဲ ဖြစ်ပါတယ်။ ကံမကောင်းကြတာက ရောဂါအတော်များများဟာ မပျောက်နိုင်တဲ့ နာတာရှည်ရောဂါတွေ ဖြစ်နေကြပါတယ်။

အထူးသဖြင့် ကူးစက်ခြင်းမဟုတ်တဲ့ ရောဂါအုပ်စု ဥပမာ- ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ လေငန်းရောဂါနဲ့ အဆုတ်ပွရောဂါတွေကတော့ ဒီလိုရောဂါ အုပ်စုမှာပါပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုအတောင့် တဆုံးသောအရာကို ဖြေရှင်းပေးမယ်၊ ကူညီပေးမယ် ဆိုရင် ကျေးဇူးအတင်ဆုံး၊ ဝမ်းသာပီတိအဖြစ်ဆုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်းအလှူတွေထဲမှာ ကျန်း မာရေးနဲ့ ပတ်သက်တဲ့ အလှူတွေက အမြင့်မြတ်ဆုံး ဆိုတာ ယုံမှားစရာမရှိပါဘူး။

အခုအခါမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့အလှူဒါနတွေ မြောက်များစွာ ပေါ်ပေါက်လာတာ တွေ့ရှိရလို့ များစွာပီတိဖြစ်မိပါတယ်။ တစ်ဦးချင်းရော အသင်းအဖွဲ့တွေများစွာကပါ ကျန်းမာရေးဆိုင်ရာ အလှူအတန်းမျိုးစုံကို နည်းမျိုးစုံနဲ့ ပြုလုပ်နေကြတာ တွေ့ရပါတယ်။ လှူဒါန်းသူတွေကလည်း သဒ္ဒါတရား အပြည့်နဲ့ လှူဒါန်းနေကြတာ တွေ့ရတာ အလွန်အား ရစရာကောင်းလှပါတယ်။ လှူဒါန်းပေးတဲ့သူတွေရဲ့ ဒါနတွေ ပိုပြီး ပြည့်ဝအောင်၊ အလှူကို လက်ခံရရှိ သူတွေအဖို့လည်း အကျိုးအမြတ်အရှိဆုံးဖြစ်အောင် လှူလိုက်တဲ့ အလှူငွေတွေကို အလဟသ မပြုန်းတီးရလေအောင် ဘယ်လိုလုပ်ဆောင်ရင်ကောင်းမလဲဆိုတာ မိမိရဲ့ အတွေ့အကြုံနဲ့ စာပေမှ လေ့လာတွေ့ရှိချက်တွေပေါင်းစပ်ပြီး အသိပေးမျှဝေလိုက်ပါတယ်။ ဒီဆောင်းပါးကိုရေးရတဲ့ ရည်ရွယ်ချက်ကတော့ အခု \အခါ အလွန်တရာ လိုအပ်ချက်တွေ ရှိနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍမှာ တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးပေးနေကြတဲ့ ဇီဝိတဒါန ကျန်းမာရေး အလှူတွေကို အထိရောက်ဆုံးနဲ့ အကျိုးအရှိဆုံး လှူဒါန်းပေးနိုင်စေဖို့၊ အကြံဉာဏ်ပေးဖို့အတွက်ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ အလှူဒါနတွေမှာ ဘာတွေပါဝင်သလဲဆိုတာ အရင်ဦးဆုံးစဉ်းစားကြည့်ပါမယ်။ တာတို၊ တာရှည် ရည်မှန်းချက်တွေ ရှိပါတယ်။ တာတိုဆိုတာက လတ်တလော လိုအပ်ချက်ကို လိုအပ်သလို ပေးကမ်းနိုင်သလောက် လတ်တလောပြေလည်အောင်လုပ်ဆောင်ပေးလိုက်တဲ့ အလှူတွေကို ဆိုလိုပါတယ်။

တာရှည်အလှူတွေကတော့ တစ်နေရာမှာ အခြေချပြီး ဆေးခန်း ဒါမှမဟုတ် ဆေးရုံဖွင့်ပေးထားပြီး စဉ်ဆက်မပြတ်အခမဲ့ ဆေးကုပေးတဲ့အလုပ်တွေ၊ အရေးကြီးတဲ့ ရောဂါတချို့ကို အမြဲထောက်ပံ့ကုသပေးနေတဲ့အလှူမျိုးကိုဆိုလိုပါတယ်။ ဥပမာ-ကုသိုလ်ဖြစ် အခမဲ့ဆေးကုခန်းတွေ၊ ဆေးရုံတွေ၊ တီဘီရောဂါဆေးတွေ အခမဲ့ပေးတဲ့အလှူ၊ HIVပိုးကို ကုထုံးပြီးဆုံးတဲ့အထိ တာရှည်ကုပေးတဲ့ အဖွဲ့အစည်းများ အလှူ၊ ငှက်ဖျားပိုးရှာဖွေကုသခြင်းနဲ့ ကာကွယ်ခြင်း အလှူစတဲ့ စဉ်ဆက်မပြတ် နှစ်ရှည်စီမံကိန်းနဲ့ ပြုလုပ်ပေးတဲ့ အလှူတွေလည်း ရှိပါတယ်။

ဒီအလုပ်တွေကို လုပ်ဆောင်ပေးနေတဲ့ NGO အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ပရဟိတအသင်းတွေ များစွာရှိပါတယ်။ အထူးသဖြင့် ဘာသာရေးအသင်းတွေက ဒီလိုအလှူမျိုးလှူဒါန်းကြတာ တွေ့ရပါတယ်။ ကျန်းမာရေးအလှူရဲ့ အကြောင်းအရာတွေ အမျိုးမျိုးရှိပါတယ်။

‘အခုအခါမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အလှူဒါနတွေ မြောက်များစွာပေါ်ပေါက်လာတာ တွေ့ရှိရလို့များစွာပီတိ ဖြစ်မိပါတယ်။ တစ်ဦးချင်းရော အသင်းအဖွဲ့တွေများစွာကပါ ကျန်းမာရေးဆိုင်ရာ အလှူအတန်းမျိုးစုံကို နည်းမျိုးစုံနဲ့ပြုလုပ်နေကြတာတွေ့ရပါတယ်။ လှူဒါန်းသူ တွေကလည်း သဒ္ဒါတရားအပြည့်နဲ့ လှူဒါန်းနေကြတာ တွေ့ရတာ အလွန်အားရစရာကောင်းလှပါတယ် . . .’

(၁) ဆင်းရဲနွမ်းပါးသူများကို အခမဲ့ဆေးကုခြင်း၊ဆေးပေးဝေခြင်း
ဝေးလံတဲ့နေရာ၊ ကျန်းမာရေးစောင့်ရှောက်မှု မပြည့်စုံတဲ့နေရာတွေက လူတွေ၊ ဆင်းရဲနွမ်းပါးသူတွေအတွက် အခမဲ့ဆေးကုသပေးခြင်း၊ အခမဲ့ ဆေးဝေငှခြင်း၊ အခမဲ့အသေးစား ခွဲစိတ်ကုသပေးခြင်း၊ သွားရောဂါ ကုသပေးခြင်း၊ သွားနုတ်ပေးခြင်း၊ မျက်မှန်စမ်းသပ်ပေးခြင်း၊ မျက်စိတိမ်ခွဲထုတ်ပေးခြင်း စတာတွေကို ရက်တိုကွင်းဆင်းပြီး ပြုလုပ်ပေးလျက် ရှိကြပါတယ်။

ပြည်တွင်းမှသာမက ပြည်ပမှလာရောက်ပြီး ငွေ၊ လုပ်အား၊ ဉာဏ်အားတွေ ပေးလှူကြပါတယ်။ ဒါတွေဟာ တာတိုအလှူတွေပဲ ဖြစ်ကြပါတယ်။ ဒီဆရာဝန်တွေနဲ့ ဒီတစ်ခါတည်းသာ တွေ့ရပြီး ပံ့ပိုးပေးတဲ့ ဆေးဝါးတွေကလည်း ဒီတစ်ကြိမ်တည်း အလွန်ဆုံးတစ်လစာ ရရှိပါတယ်။

တချို့ရောဂါရှာဖွေပေးတဲ့ အစီအစဉ်ရှိတဲ့အတွက် အသစ်ရှာဖွေရရှိတဲ့ ရောဂါကို ဆက်လက်ဆေးကုသဖို့ အခွင့်အရေးရရှိတာကြောင့် များစွာအကျိုးရှိပါတယ်။ ဥပမာ-ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ တီဘီရောဂါ၊ ကင်ဆာရောဂါ၊ အရိုးရောဂါ စတာတွေကို ကွင်းဆင်းတဲ့ ဆရာဝန်တွေက ဖော်ထုတ်ပေးတဲ့နည်းနဲ့ အကျိုးရှိပါတယ်။

(၂) ဆင်းရဲနွမ်းပါးသည့် လူနာတစ်ဦးချင်း၏ ဆေးကုစရိတ်နှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးသော အလှူ
ဒီအလှူတွေကတော့ လူတစ်ဦးချင်းစီရဲ့ လိုအပ်တဲ့ ဆေးကုစရိတ်ထောက်ပံ့ပေးတာ၊ အထူးသဖြင့် စရိတ်ကြီးတဲ့ ကုထုံးတွေကို ဖြေရှင်းပေးတာ ဖြစ်ပါတယ်။ ဥပမာ- ကွင်းဆင်းရာက တွေ့လာတဲ့ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာတွေကို မြို့ကိုခေါ်လာပြီး ခွဲပေးတာမျိုး။

ဆင်းရဲနွမ်းပါးသူတွေ၊ ဆေးရုံတက်နေရတဲ့ လူနာတွေအတွက် ဆေးဖိုးစရိတ်၊ ရောဂါစစ်ဆေးရှာဖွေဖို့ လိုအပ်တဲ့ စရိတ်၊ ခွဲစိတ်စရိတ်၊ အာဟာရစရိတ် စသဖြင့် ကုန်ကျမှုတွေ ပေးကမ်းတာတွေ အားလုံး ပါဝင်ပါတယ်။ ပိုက်ဆံအလှူပေးကြတာ များပါတယ်။ ဆေးနဲ့ ပစ္စည်းတွေလှူတာလည်း ရှိပါတယ်။

(၃) ရောဂါကာကွယ်ရေးနှင့် သက်ဆိုင်သည့် အလှူမျိုး
ရောဂါကာကွယ်တဲ့ အလှူက လူတွေရောဂါမဖြစ်ခင် တားဆီးပေးလို့ အကျိုးများစွာ ရရှိပါတယ်။ ဥပမာ-ဘီပိုးကာကွယ်ဆေးထိုးပေးတဲ့ အလှူ၊ ကလေးငယ်တွေ ကာကွယ်ဆေးထိုးပေးတဲ့အလှူ၊ ငှက် ဖျားရောဂါကာကွယ်ဖို့ ဆေးစိမ်ခြင်ထောင်တွေ အခမဲ့ ပေးဝေတဲ့အလှူ၊ ရေကောင်းရေသန့်ရရှိအောင် ဆောင်ရွက်ပေးတဲ့ အလှူ စတာတွေ ဖြစ်ပါတယ်။

– နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top