Healthy Life Ad
Child

ရင်သွေးလေး ကျန်းမာသွက်လက် ဉာဏ်ရည်ထက်ဖို့ (၁). . .

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

ကိုယ်ဝန်ဆောင်ကာလမှာ ဘယ်လိုစောင့်ရှောက်ရမယ်၊ ဘာတွေဆောင်ပြီး ဘာတွေရှောင်ရမယ် . . ဒါတွေကို ဘာဆိုဘာမှ မသိဘဲနဲ့ ကိုယ်ဝန်ဆောင်ကြတယ်၊ နောက်ဆုံးကလေးမွေးတဲ့အချိန်ကျမှ ဗိုက်ထဲကနေ ကလေးထွက်လာတယ် . . ဒါမျိုးတွေလည်းတွေ့ရပါတယ်။ တစ်ခါတလေကျရင် ကိုးတန်းကျောင်းသူလေးတစ်ယောက်က ဗိုက်နာပြီး ဆေးရုံရောက်လာတယ်၊ သူဘာဖြစ်လို့ ဗိုက်နာရသလဲဆိုတာ မှန်းလို့မရဘူးဖြစ်နေတယ်။ လူကဝ၀လေး၊ ဗိုက်ကပူပူလေး . . ဗိုက်နာလွန်းလို့ အော်ဟစ်လူးလှိမ့်နေတာ စမ်းလို့တောင်မရဘူး။ နောက်ဆုံး အားရပါးရအော်ဟစ်ပြီးတော့မှ ကလေးလေးတစ် ယောက်ထွက်လာပါလေရော . . အဲဒီအခါကျမှ အကုန်အံ့သြကုန်တော့တယ်။

ဒီကလေးမလေးရဲ့ ဗိုက်ထဲမှာ ကလေးရှိနေတာ သူလည်းမသိဘူး၊ သူ့အိမ်က မိဘတွေလည်းမသိဘူး၊ ဘယ်သူမှ မသိဘူး။ ဒီကောင်မလေး ဗိုက်ထဲက အူဝဲဆိုပြီး ကလေးလေးတစ်ယောက်ထွက်လာမှ ဘေးမှာရပ်နေတဲ့ အမေက သတိလစ်မေ့မျောသွားတော့တယ်။ ဒီလိုအဖြစ်အပျက်မျိုးတောင် ကြုံဖူးပါတယ်။ တကယ်တမ်းကျတော့ ဒါမျိုးတွေက လုံးဝမဖြစ်သင့်ပါဘူး။

မိခင်တစ်ယောက်ရဲ့ဘဝဟာ လှပတင့်တယ်ဖို့ဆိုရင် အသိဉာဏ်ပညာပြည့်ဝဖို့ လိုပါတယ်။ အသိဉာဏ်ပညာ ဗဟုသုတမရှိရင် အမှောင်ကြီးထဲမှာ လျှောက်သွားနေတဲ့ လူတစ်ယောက်နဲ့တူပါတယ်။ အဲဒီအခါ ဘာမှမမြင်တော့ ချောက်ကမ်းပါးကြီးထဲ ပြုတ်ကျသွားရင်တောင် သိလိုက်မှာမဟုတ်ဘူး။ ဒါကြောင့် ကျန်းမာရေး အသိပညာဗဟုသုတတွေ လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ ဘာတွေရှောင်ပြီး ဘာတွေဆောင်ကြမလဲ၊ ဘာတွေစားပြီး ဘာတွေမစားသင့်ဘူးလဲ၊ ရင်သွေးလေး ကျန်းမာသွက်လက် ဉာဏ်ရည်ထက်အောင် ကိုယ့်ဘက်က ဘယ်လို ပြင်ဆင်နေထိုင်စားသောက်သင့်သလဲ . . ဒါတွေသိပြီး တကယ်လိုက်နာကျင့်သုံးရပါမယ်။ ဒါဆိုရင် သားသမီးရတနာလေးကို ချောချောမောမော ပိုင်ဆိုင်ပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးဟာ ကျန်းမာတဲ့ခန္ဓာကိုယ်၊ သန်စွမ်းတဲ့စိတ်ဓာတ်ရှိရမယ်။ ကိုယ်ရဲ့ကလေးလေးကို လိုချင်လှပါပြီဆိုတဲ့ မိခင်စိတ်ရှိပြီး ကိုယ်ဝန်ဆောင်သင့်တာက အရေးကြီးဆုံး အချက်ပဲဖြစ်ပါတယ်။ ကလေးကို တကယ်လိုချင်လာပြီဆိုရင် ကိုယ်ကမိခင်ဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာကို တွေးရမယ်။ ကိုယ့်မှာ ရောဂါတွေရှိနေရင် ကိုယ့်ရောဂါကြောင့် ဒီကလေးလေးမှာ ထိခိုက်မှုတွေမဖြစ်အောင် ကြိုတင်ကာကွယ်ဂရုစိုက်သင့်ပါတယ်။

ဖောလစ်အက်စစ်ကို တစ်နေ့တစ်လုံး သောက်ရမယ်။ ဒါဆိုရင် မိခင်တွေကြောက်လှတဲ့ ရင်သွေးမှာ မွေးရာပါချို့ယွင်းချက်မပါအောင် ကာကွယ်နိုင်ပါတယ်။ ပြီးရင် ကိုယ့်မှာ ဘာရောဂါတွေရှိသလဲ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ စတဲ့ ရောဂါတွေ ရှိ၊ မရှိ စစ်ဆေးကြည့်ရမယ်။ တချို့ဆိုရင် တက်တဲ့ရောဂါ ရှိတတ်တယ်။ အဲဒါတွေကို ကြိုတင်ထိန်းချုပ်ကုသရမယ်။

အဲဒီလို ရောဂါတွေရှိရင် ဆရာဝန်တစ်ယောက်တည်းနဲ့ မလုံလောက်ဘူး၊ ဆရာဝန်တွေပေါင်းစပ်ပြီး ကုသပေးရတော့မယ်။ ဥပမာ မိခင်တစ်ယောက်က ဆီးချိုရောဂါရှိပြီဆိုရင် ဆီးချိုအထူးကုဆရာဝန်ကြီးနဲ့ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီးတို့ပေါင်းပြီး ကုသမှုပေးရမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုတက်နေရင် ဗိုက်ထဲမှာရှိတဲ့ ကလေးလေးကို ထိခိုက်နိုင်ခြေ အများကြီးရှိတယ်။ ဒါကြောင့် ကိုယ်ဝန်စယူချိန်မှာ စောင့်ရှောက်မှုခံယူဖို့ အရေးကြီးပါတယ်။

ကျန်းမာတဲ့ ကလေးမွေးဖွားနိုင်ဖို့ ဆေးလိပ်ငွေ့ကို ဝေးဝေးရှောင်ဖို့လိုပါတယ်။ ကိုယ်တိုင်သောက်မှ ထိခိုက်တာမဟုတ်ပါဘူး။ သူတစ်ပါးသောက်တဲ့ ဆေးလိပ်ငွေ့ကိုရှူမိရင်လည်း ထိခိုက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတင်မက အမျိုးသားပါ မောင်တစ်ထမ်း၊ မယ်တစ်ရွက်ဖြစ်ရမယ်။ တချို့ဆိုရင် ဆေးခန်းလာပြရင် ဘယ်တော့မှ အဖေမပါဘူး။ အဖေဘယ်မှာလဲလို့ မေးလိုက်ရင် သူကမအားဘူး၊ သူနဲ့မဆိုင်ဘူးစသဖြင့် ပြောတတ်တယ်။ တကယ်တော့ ဖခင်တွေက ကိုယ်နဲ့မဆိုင်သလိုနေတာ မှားယွင်းပါတယ် . . .

နောက်တစ်ချက်က ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတင်မကအမျိုးသားပါ မောင်တစ်ထမ်း၊ မယ်တစ်ရွက်ဖြစ်ရမယ်။ တချို့ဆိုရင် ဆေးခန်းလာပြရင် ဘယ်တော့မှအဖေမပါဘူး။ အဖေဘယ်မှာလဲလို့ မေးလိုက်ရင် သူကမအားဘူး၊ သူနဲ့မဆိုင်ဘူး စသဖြင့် ပြောတတ်တယ်။ တကယ်တော့ ဖခင်တွေက ကိုယ်နဲ့မဆိုင်သလိုနေတာ မှားယွင်းပါတယ်။ မိခင်လောင်းတွေက သနားဖို့ကောင်းတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ ဟော်မုန်းအပြောင်းအလဲကြောင့် ခန္ဓာကိုယ်အပြောင်းအလဲတင်မကဘဲ စိတ်ဓာတ်အပြောင်းအလဲပါ ဖြစ်လာပါတော့တယ်။

အထူးသဖြင့် စိတ်ထဲမှာ စိုးရိမ်ပူပင်မှု၊ ဘာမှအကြောင်းမရှိဘဲ ဝမ်းနည်းနေတာတွေ ဖြစ်တတ်တယ်။ ဘာကြောင့်ဖြစ်မှန်း သေချာမသိပေမယ့် ဒီအချိန်မှာ သူရဲ့ခင်ပွန်းသည် ဘဝအဖော်က သူ့ကို နှစ်သိမ့်နားလည်အားပေးဖို့ သိပ်ကိုအရေးကြီးပါတယ်။ အနည်းဆုံးတော့ ချစ်ခင်ကြင်နာမှုပြဖို့လိုပါတယ်။ ငွေပေးထားတာပဲဆိုပြီး အရာရာကို ငွေနဲ့ တန်ဖိုးမဖြတ်သင့်ပါဘူး။ ကြင်နာတဲ့ စကားတစ်ခွန်းဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အားဆေးတစ်ခွက်ပါပဲ။ အထူးသဖြင့် ကလေးမွေးချိန်မှာ အတူတူ ရှိနေသင့်ပါတယ်။

မိခင်တစ်ယောက် ကိုယ်ဝန်ရှိနေပြီဆိုရင် ဗိုက်ထဲမှာရှိတဲ့ ကလေးအသက်ဘယ်လောက်ရှိပြီလဲဆိုတာသိဖို့ အရေးကြီးပါတယ်။ ဒါကိုသိမှ ဘယ်တော့မွေးမယ်ဆိုတာ သိမှာဖြစ်သလို ဒီအသက်နဲ့ လိုက်ဖက်တဲ့ ကြီးထွားမှုရှိရဲ့လားဆိုတာကိုလည်း သိမှာဖြစ်ပါတယ်။ ပြောတာတော့ ရှစ်လရှိနေပြီ၊ ဗိုက်က ခြောက်လလောက်ပဲ သေးသေးလေး . . ဒါဆိုရင် ဘာလို့ သေးသေးလေး ဖြစ်နေရတာလဲဆိုပြီး ဆန်းစစ်ရပါတယ်။ တစ်ခါတလေ ဗိုက်က အကြီးကြီးဖြစ်နေပြီ၊ ကလေးက ခြောက်လဆိုရင်လည်း ဘာဖြစ်လို့ ဗိုက်က ဒီလောက်ကြီးနေရတာလဲ . . ဒါတွေက အရမ်းအရေးကြီးပါတယ်။ ဒါတွေသိဖို့ မိခင်တွေ နောက်ဆုံးလာတဲ့ ရာသီရဲ့ ပထမဆုံးရက်ကို မှတ်မိနေရပါမယ်။ အဲဒီရက်ကို ၉လနဲ့ ၇ ရက်ပေါင်းထည့်လိုက်ရင် ဒါက ကလေးမွေးမယ့်ရက်ပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top