Healthy Life Ad
Health Tips

ချမ်းအေးသော အရပ်ဒေသသို့ သွားလည်မည်ဆိုလျှင် . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဆောင်းရာသီကို ချဉ်းနင်းဝင်ရောက်ခဲ့ပေမယ့် ရန်ကုန်ကတော့ ချမ်းအေးတယ်လို့ မဆိုနိုင်သေးပါဘူး။ ဒါပေမဲ့ ပြင်ဦးလွင်၊ မိုးကုတ်စတဲ့ ဒေသတွေ ကတော့ ချမ်းအေးလွန်နေပါပြီ။ အဲဒီလို ဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ အအေးဒဏ်ကို ကျင့်သားရပြီးလောက်ပြီဆိုပေမယ့် အဲဒီလို ချမ်းအေးတဲ့ အရပ်ဒေသကို သွားလည်မယ်ဆိုရင်တော့ အအေးဒဏ်ကိုခံနိုင်ရည်ရှိစေဖို့အတွက် လိုက်နာသင့်တဲ့ အချက်တွေကို အကြံပြုရေးသားလိုက်ရပါတယ်။

(၁) Vaseline အဆီလိမ်းပါ
အေးမြပြီး လေတိုက်တဲ့နေ့တွေမှာ သင့်မျက်နှာဟာ လေဒဏ်ကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် မျက်နှာအသားအရေ . . အထူးသဖြင့် ပါး၊ နှာခေါင်း၊ မေးစေ့၊ နားရွက်နဲ့ လည် ပင်းတွေကို ဗက်ဆလင်းအဆီ ခပ်ပါးပါးလိမ်းပေး ထားလိုက်ရင် လေဒဏ်ကြောင့် နောက်ဆက်တွဲ အ သားအရေထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီး လမ်းမလျှောက်သင့်
ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ပြီး လမ်းလျှောက်တာက စတိုင်ကျသလို လက်တွေကို နွေး ထွေးစေနိုင်ပေမယ့် လမ်းလျှောက်ရင်း ချော်သွားတဲ့အခါ သင့်ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းဖို့ လက်တွေကို သုံးနိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီအခါလဲကျ သွားနိုင်တဲ့အတွက် လက်တွေကို လက်အိတ်စွပ်ပြီး ခန္ဓာကိုယ်ဟန်ချက်ထိန်းတဲ့အနေနဲ့လွှဲပြီး လက်လမ်း လျှောက်ပေးပါ။

(၃) အရေပြားပေါ်တွင် ဖယောင်းကဲ့သို့ အကွက်များပေါ်လျှင် သတိထားပါ
အိမ်အပြင်မှာ နေရင်း နှင်းကိုက်နာရဲ့ လက္ခဏာတွေဖြစ်တဲ့ အဖြူရောင် ဒါမှမဟုတ် ပန်းရောင်ဖယောင်းလို အကွက်တွေပေါ်နေရင် အိမ်ထဲကို အမြန်ဝင်ပါ။ ပြီးရင်အရေးပေါ် ဆေးကုသမှုခံယူပေးပါ။

(၄) လက်အိတ်ဝတ်ထားပါ
လက်တွေ အေးစက်နေရင် နေရထိုင်ရ မသက်မသာ ခံစားရတာကြောင့် နွေးတဲ့သိုးမွေးလက်အိတ်ကို ဝတ် ထားပေးပါ။ နှင်းတွေကျနေရင် လက်အိတ်ပေါ်မှာ ပန်ကန်ဆေးရာဘာလက် အိတ်ကို တစ်ထပ်ဝတ်ထားပေးပါ။

(၅) ဘွတ်ဖိနပ်ကို မကျပ်လွန်းစေသင့်
သင်စီးထားတဲ့ ဘွတ်ဖိနပ်ဟာ ခြေအိတ်ထူထူတွေကြောင့် တင်းကျပ်လွန်းနေတာမျိုး မဖြစ်ပါစေနဲ့။ ခြေထောက်တွေဟာ ဖိနပ်ကြောင့် ကျပ်လွန်းနေရင် သွေးလှည့်ပတ်မှု ပြည့်ပြည့်ဝ၀ မရတော့ဘဲ ပိုအေး လာနိုင်ပါတယ်။ သိုးမွေးခြေအိတ်တွေဟာ အေးမြချိန်မှာ သင့်ခြေထောက်အတွက် အကောင်းဆုံး ခြေ အိတ်တွေပဲ ဖြစ်ပါတယ်။

(၆) အဝတ်အစားကို အထပ်ထပ်ဝတ်ပါ

အေးတဲ့ဒဏ်ကို ခံနိုင်အောင် အပေါ်က အနွေးထည်ထပ်ဝတ်လိုက်ရုံနဲ့လည်း မပြီးသေးပါဘူး။အဝတ်အစားကို အထဲမှာ နွေးအောင် အထပ်ထပ်ဝတ်ပြီးမှ အနွေးထည်ထပ်ဝတ်ပေးပါ။

(၇) နှင်းကျသောနေ့များတွင် နေရောင်ကာ ခရင်မ်နှင့် နှုတ်ခမ်းအဆီလိမ်းပေးပါ
နှင်းကျတဲ့နေ့ရက်တွေမှာလည်း နေသာတဲ့နေ့ ရက်တွေမှာလိုပဲ နေရောင်ကာ ခရင်မ်၊ နှုတ်ခမ်း ဆိုးဆေးအဆီ၊ နေကာမျက်မှန်စတဲ့ အကာအကွယ် အသုံးအဆောင်တွေကို ဝတ်ဆင်ပေးပါ။ ဆောင်းရာသီမှာထွက်တဲ့ နေရောင်ခြည်ဟာ နွေရာသီ နေရောင်ခြည်ထက် သင့်မျက်လုံးတွေကို ပိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။

(၈) တစ်နေ့ ၅- ၁၀ မိနစ်ခန့် လမ်းလျှောက် ပြီး အကြောလျှော့ပါ
ခန္ဓာကိုယ် သွေးလှည့်ပတ်မှုအားကောင်းအောင် တစ်နေ့မှာ ၅ – ၁၀ မိနစ် လောက် လမ်းလျှောက်ပြီး အကြောလျှော့ပေးပါ။

(၉) ရေများများသောက်ပါ
အေးတဲ့အချိန်မှာ ရေဓာတ်ပြည့်ဝနေအောင် ရေများများသောက်ပါ။ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောဓာတ်ကို ရှောင်ပါ။

(၁၀) ခန္ဓာကိုယ်၏ အသံကို နားထောင်ပါ
သင့်အနေနဲ့ အသက်ရှူမဝတာ၊ မူးဝေတာ၊ ရင်ဘတ်အောင့်တာစတဲ့ ဝေဒနာတွေကို ခံစားနေ ရရင် ဆေးကုသမှု ခံယူပေးဖို့ လိုပါတယ်။ ဒါကြောင့် ဒီလက္ခဏာတွေကို လျစ်လျူရှုမထားပါနဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top