Healthy Life Ad
Health Tips

နှလုံးကျန်းမာစေဖို့

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

နှလုံးရောဂါဖြစ်မှာကို စိုးရိမ်နေပါသလား။နှလုံးရောဂါရှိလာရင် ကျန်းမာနေစဉ်ကလို သွားလာလှုပ်ရှားနိုင်တာမျိုး ရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် နှလုံးရောဂါကင်းဝေးကာ ကျန်းမာနေစေဖို့အတွက် သင်ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

စိတ်ဖိစီးမှုများခြင်းနှင့် ရန်လိုခြင်း
စိတ်ဖိစီးမှုကိုဖယ်ရှားမပစ်ဘဲ စိတ်ဖိစီးမှုနဲ့ အတူနေထိုင်ရုန်းကန်နေကြတဲ့ အမေရိကန်လူမျိုး တွေဟာ နှလုံးရောဂါခံစားရကြောင်း လေ့လာသိရှိခဲ့ရပါတယ်။ ဒါကြောင့် တာရှည်စိတ်ဖိစီးမှုနဲ့ နှလုံး သွေးကြောရောဂါဟာ ဒွန်တွဲနေကြောင်း လေ့လာသူတွေကဆိုပါတယ်။ တာရှည်စိတ်ဖိစီးမှုများတာဟာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော ပမာဏများတာ၊ သွေးတိုးတာနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အပြုအမူရှိတာ စတဲ့အချက်တွေနဲ့ ဆက်စပ်မှုရှိနေတာကြောင့်ပါ။ လေ့လာမှုတွေအရ ရန်လိုတာကလည်း နှလုံးရောဂါဖြစ်ပေါ်စေဖို့ အလားအလာရှိတဲ့ အပြုအမူတစ်ရပ်ဖြစ်နေကြောင်း သိရပါတယ်။

စီးကရက်သောက်ခြင်း
နှလုံးသွေးကြောဆိုင်ရာ ရောဂါနဲ့ သေဆုံးသူ ငါးဦးအနက် တစ်ဦးဟာ စီးကရက်သောက်တာ ကြောင့်ဖြစ်ပါတယ်။ ဆေးလိပ်သောက်တာဟာ သွေးထဲမှာ ကောင်းတဲ့ ကိုလက်စထရော(HDL)ကို လျော့ကျစေပြီး သွေးစီးဆင်းမှုကို နှောင့်ယှက်ကာ သွေးဖိအားတိုးမြင့်စေခြင်းအားဖြင့် သွေးကြောတွေကို ထိခိုက်စေပါတယ်။

လေ့ကျင့်ခန်း မလုပ်ခြင်း
ရိုးစင်းလွယ်ကူတဲ့ လှုပ်ရှားမှုကို လုပ်ပေးရုံပါပဲ။ ခန္ဓာကိုယ်ကို အသင့်အတင့် လှုပ်ရှားပေးရင် ကယ်လိုရီလောင်ကျွမ်းစေပါတယ်။ ကယ်လိုရီကို လောင်ကျွမ်းအောင် မလုပ်နိုင်ရင် အဆီအဖြစ် ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားပြီး မကောင်းတဲ့ အဆီတွေများလာတာဟာ နှလုံးအတွက်မကောင်းပါဘူး။ နေ့စဉ် မိနစ် ၂၀- ၃၀ခန့်လေ့ကျင့်ခန်းကို အသင့်အတင့်ပြုလုပ်ပေးတာက နှလုံးသွေးကြောရောဂါမဖြစ်အောင် ကာကွယ်ပေးရာရောက်ကြောင်း အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့ လေ့လာမှုအရသိရပါတယ်။

အစားအသောက် မဆင်ခြင်ခြင်း
ကျန်းမာရေးနဲ့ ညီညွတ်စွာစားသောက်တယ်ဆိုတာက နေ့လယ်စာအတွက် ဟင်းသီးဟင်းရွက်သုပ်တစ်ပွဲမှာ စားတာမျိုးထက်ပိုပြီး လိုအပ်နေပါတယ်။ အာဟာရရှိတဲ့ အစားအသောက်တွေကို ရွေးစားဖို့ လိုအပ်တဲ့အပြင် ဆားပါဝင်မှုများတဲ့၊ သကြားများတဲ့၊ မကောင်းတဲ့အဆီ(Trans Fat)ပါဝင်တဲ့ အစားအသောက်တွေနဲ့ အဆင်သင့်အစာတွေကို တတ်နိုင်သမျှရှောင်ရှားဖို့လိုပါတယ်။ ဥပမာပြောရရင် အာလူးချောင်းကြော်အစား လတ်ဆတ်တဲ့ အာလူးပြုတ်ကိုစားပေးတာမျိုးပါ။

ကိုယ်အလေးချိန်များခြင်း
ကိုယ်အလေးချိန်များတာကြောင့် နှစ်စဉ် လူဦးရေ ၁၁၂,ဝ၀ဝ ဦးရေ သေဆုံးနေကြကြောင်း အမေရိကန်နှလုံး ကျန်းမာရေးအသင်းကြီးက ဆိုပါတယ်။ နှလုံးရောဂါဟာ ကိုယ်အလေးချိန်များသူနဲ့ အဝလွန်သူတွေမှာ အဖြစ်များနေပြီး နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါထခြင်းနဲ့ သေဆုံးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်က လိုတာထက် ပိုများနေတာဟာ သွေးတိုးခြင်း၊ သွေးတွင်း မကောင်းတဲ့အဆီထရိုင်ဂလစ်စရိုက်များခြင်း၊ ကောင်းတဲ့ ကိုလက်စထရော လျော့ကျခြင်း စတာတွေကို ဖြစ်စေကာ ဆီးချိုသွေးချိုရောဂါနဲ့ ကင်ဆာရောဂါတွေလိုအန္တရာယ်ရှိတဲ့ အခြေအနေတွေအထိ ဖြစ် စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်များတာကို လျစ်လျူရှူမထားသင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top