Healthy Life Ad
Life Style

အဆုတ်တီဘီရောဂါ

ပါမောက္ခဦးဝင်းနိုင် (ပါမောက္ခ၊ ဌာနမှူး) အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာဆေးပညာဌာန၊ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် နှင့် တွေ့ဆုံမေးမြန်းခြင်း

မေး ။ အဆုတ်တီဘီအကြောင်း သိပါရစေဆရာ။
ဖြေ ။ တီဘီက အမျိုးအစား အများကြီးရှိပါတယ်။ အဆုတ်တီဘီက အဖြစ်အများဆုံးပါ။ အဆုတ်တီ ဘီဖြစ်ပြီဆိုရင် လူနာတွေက ချောင်းဆိုးပါတယ်။ ချောင်းဆိုးရင်ထွက်တဲ့ လေထဲမှာတီဘီပိုးက ပါသွားပါတယ်။ အဲဒီလေကို အနီးအနားက လူကရှူလိုက်ရင် အဲဒီလူရဲ့ ကိုယ်ခန္ဓာထဲမှာ တီဘီပိုးကဝင်သွားပါတယ်။ ဝင်သွားပြီးတော့ ခန္ဓာကိုယ်ရဲ့ အခြေအနေကိုကြည့်ပါတယ်။ တစ်နေရာမှာ အမြစ်တွယ်နေပေမယ့် ရောဂါဖြစ်တယ်လို့တော့ မဟုတ်သေးပါဘူး။ အဲဒါကို ပိုးဝင်တဲ့အဆင့်လို့ ခေါ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ပိုးဝင်ခံရတဲ့ လူနာက ကိုယ်ခံအားကျသွားတယ်။ ဥပမာ အစား အသောက်တွေပျက်တယ်၊ နာမကျန်းဖြစ်လိုက်တယ်၊ အိပ်ရေးတွေပျက်တယ် . . အဲဒီလို ကိုယ်ခံအားစနစ်ကို ထိခိုက်စေတဲ့ အပြုအမူတွေဖြစ်သွားတယ်။ ဒါမှမဟုတ် HIV လို ဆီးချိုရောဂါလို ကင်ဆာလိုနာတာရှည်ရောဂါတွေ ဖြစ်လာရင်လည်း ခန္ဓာကိုယ်ခုခံအားက ကျသွားတဲ့အတွက် ဝင်ထားပြီးသားဖြစ်နေတဲ့ တီဘီပိုးကို ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမရှိတော့ပါဘူး။ အဲဒီအခါ ကျရင် တီဘီပိုးက ပွားလာပြီး ရောဂါဖြစ်တဲ့အဆင့်ကိုရောက်သွားပါတယ်။ အဲဒါကို အဆုတ်တီဘီလို့ ခေါ်ပါတယ်။

မေး ။ အဆုတ်တီဘီဖြစ်ရင် ဘယ်လို လက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။
ဖြေ ။ အဆုတ်တီဘီဖြစ်ရင် ဖျားမယ်၊ ဖျားချင်မှလည်း ဖျားမှာပါ။ ဒါပေမဲ့ ဖျားတတ်တယ်၊ အထူးသဖြင့် ညနေပိုင်း ဖျားတတ်တယ်။ ခေါင်းချွေးတွေ ပြန်တတ်တယ်။ နောက်တစ်ခုက ချောင်းဆိုးတတ်တယ်။ မအီမသာဖြစ်တတ်တယ်။ ပိန်သွားတတ်တယ်။ တချို့ကျတော့ လက္ခဏာတွေ သိပ်မပြဘူး။ လက္ခဏာတစ်ခုနှစ်ခု ပြတာလည်း ရှိတတ်တယ်။ တချို့ကျတော့ လုံးဝ ဘာလက္ခဏာမှ မပြဘဲနဲ့စစ်ကြည့်လိုက်မှ တီဘီဖြစ်နေမှန်း သိရတာတွေလည်း ရှိပါတယ်။

မေး ။ ဘယ်လိုရောဂါအခံရှိတဲ့သူတွေက အဆုတ်တီဘီကို ပိုဖြစ်နိုင်ခြေ ရှိပါသလဲ ဆရာ။
ဖြေ ။ တီဘီပိုးကတော့ လူတိုင်းဝင်နိုင်တယ်။ တီဘီရှိတဲ့ လူနာက ချောင်းဆိုးတဲ့အခါ နှာခေါင်းစည်း၊ လက်ကိုင်ပဝါ စသဖြင့် မကာထားဘဲ အလွတ်ဆိုးလိုက်ရင် လေထဲကို ရောက်သွားမှာပဲ။ လူတွေက လေတွေကို ရှူနေရတာဆိုတော့ အနီးအနားက လူထဲဝင်သွားမှာပဲလေ။ ဝင်ပေမယ့် ခန္ဓာကိုယ်က ရောဂါမဖြစ်အောင် ပြန်တိုက်ထားတော့ ရောဂါမဖြစ်ဘူး။ ဒါပေမဲ့ တစ်ချိန်ကျရင် ကိုယ်ခံအားစနစ် ကျစေတဲ့ ရောဂါတွေဖြစ်တဲ့အခါ တီဘီရောဂါ ဖြစ်လာနိုင်ပါတယ်။

မေး ။ အဆုတ်တီဘီရောဂါက ဘယ်အရွယ်တွေမှာ အဖြစ်များပါသလဲ ဆရာ။
ဖြေ ။ ကိုယ်ခံအားစနစ် သိပ်မဖွံ့ဖြိုးသေးတဲ့ ကလေးတွေမှာလည်း ဖြစ်နိုင်တယ်။ ကိုယ်ခံအားစနစ် တ ဖြည်းဖြည်းကျလာပြီဖြစ်တဲ့ အသက်ကြီးပိုင်းတွေ မှာဖြစ်နိုင်တယ်။ ဒါပေမဲ့ တီဘီအဖြစ်များတဲ့ ဒီနိုင်ငံမှာတော့ ငယ်ငယ်ရွယ်ရွယ်လည်း တွေ့ရတယ်။ လူလတ်ပိုင်းတွေလည်း တွေ့ရတယ်။ ဒါ့အပြင် ဆေးလိပ်၊ အရက်သောက်တာ၊ အိပ်ချိန်-စားချိန်မမှန်တာ၊ ရာသီဥတုအပြောင်းအလဲမှာ ဖျားတာ၊ နာတာဖြစ်တာ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါရှိတာ၊ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို နှိမ့်ချတဲ့ဆေးတွေသောက်ရတာ . . ဒီလိုအခြေအနေ တွေမှာတော့ တီဘီရောဂါဖြစ်ဖို့များပါတယ်။

မေး ။ အဆုတ်တီဘီကြောင့် နောက်ဆက်တွဲဘာဖြစ်နိုင်ပါသလဲ ဆရာ။
ဖြေ ။ တီဘီဖြစ်ပြီး ကုသလိုက်ရင်တော့ အများစုက ပျောက်သွားပါတယ်။ မပျောက်ဘူးဆိုရင် ဆေးယဉ်တဲ့ တီဘီဖြစ်သွားနိုင်ပါတယ်။ အဆုတ်တီဘီ ဖြစ်ပြီး အနာကျက်သွားရင် အမာရွတ်ကျန်တတ်တယ်။ အဲဒီအခါ နောက်ပိုင်းမှာ ချောင်းဆိုးရင် သွေးပါတာဖြစ်တတ်တယ်။ အဲဒီအမာရွတ်မှာ တခြားပိုးတွေဝင်ပြီး ခိုအောင်းဖို့နေရာပေးထားသလိုဖြစ်တတ်တယ်။ အဆုတ်ပြည်တည်နာဖြစ် တတ်တယ်။ အခုနောက်ပိုင်းတွေ့ရှိချက်အရ အဆုတ်အမာရွတ်ကနေ နောက်ပိုင်းမှာ COPD (Chronic Obstructive Pulmonary Disease) အဆုတ်ပွပန်းနာရောဂါနဲ့ ဆက်စပ်မှုတွေ ရှိတယ်ဆိုတာ တွေ့ရပါတယ်။ အဆုတ်တီဘီ ဖြစ်သူ ၁၀ဝလောက်မှာ လေး-ငါးဦးလောက်က ဆေးယဉ်တတ်ပါတယ်။ သေချာဖိဖိစီးစီးကုလိုက်ရင်တော့ ဆေးယဉ်ပါးတီဘီဖြစ်သူက နည်းပေမယ့် သေချာမကုရင် ဆေးယဉ်ပါးတီဘီဖြစ်နိုင်ခြေက အရမ်းများသွားပါတယ်။ ဆီးချိုရှိသူ တီဘီဖြစ်ရင် ဆီးချိုကို သေချာမထိန်းတဲ့အခါ ဆေးယဉ်ပါးတီဘီဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။

မေး ။ အဆုတ်တီဘီနဲ့ ပတ်သက်ပြီး အများပြည်သူကို ပြောလိုတာရှိရင် သိပါရစေဆရာ။
ဖြေ ။ အဆုတ်တီဘီက ရောဂါရှာဖွေမှု အပိုင်းမှာ သေချာရှာဖို့လိုပါတယ်။ ချောင်းဆိုးရင် တီဘီများ ဖြစ်မလားဆိုတဲ့ သံသယကို အရင်ထားရပါမယ်။ ပြီးရင် စစ်ဆေးမှုကိုမနှောင့်နှေးစေချင်ပါဘူး။ သလိပ်စစ်တာ၊ ဓာတ်မှန်ရိုက်တာ စတဲ့ စစ်ဆေးမှုတွေ လုပ်တဲ့အခါ အစိုးရကျန်းမာရေးဌာနတွေကို သွားဖို့ ဝန်မလေးစေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေကို အခမဲ့စစ်ဆေးပေးနေပါပြီ။ လွယ်လွယ်ကူကူလည်း စစ်ဆေးလို့ရနေပါပြီ။

နောက်တစ်ခုက

ဆေးကုလိုက်ရင် ပျောက်သွားနိုင်တဲ့ ဆေးတိုးတဲ့တီဘီကို ခြောက်လကုရမှာ မကြောက်ပါနဲ့။ ကြောက်နေရင် ဆေးယဉ်ပါးတီဘီ ဖြစ်သွားနိုင်ပါတယ်။ ဆေးယဉ်ပါးတီဘီဆိုရင် ဆေးတွေက ပိုပြင်းတယ်၊ နှစ်နှစ်လောက် ကုရပါတယ်၊ ကုန်ကျစရိတ်များတယ်၊ လူလည်းပင်ပန်းတယ်။

ဒါကြောင့် အဲဒီလိုအဖြစ်ကို မရောက်ဖို့အတွက် ခြောက်လကုတဲ့အခါ သေချာကုပါ။

အရေးကြီးဆုံးအချက်က တီဘီဟာ လူတစ် ယောက်နဲ့ တစ်ယောက်ကူးပါတယ်။ ကိုယ့်မှာ တီဘီဖြစ်နေတာကို မကုဘူးဆိုရင် ကိုယ်တစ်ယောက် တည်းဖြစ်နေတာ မဟုတ်ပါဘူး၊ ကိုယ့်ပတ်ဝန်း ကျင်ကိုပါဒုက္ခပေးနေတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ကိုယ့်မိသားစုမှာ တစ်ယောက် ဖြစ်နေရင် ဘေးက မိသားစုဝင်တွေမှာလည်း ဖြစ်နိုင်ခြေရှိတဲ့အတွက် ဘေးကမိသားစုဝင်တွေကလည်း အဲဒီလူကိုဖေးကူပြီး ကုသမှုကိုပြည့်စုံအောင်၊ ပြီးမြောက်အောင် ပံ့ပိုးပေးကြပါလို့ ပြောကြားလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top