Healthy Life Ad
Life Style

ကင်ဆာခယောင်းလမ်းကို သုံးကြိမ်တိုင်တိုင် အားတင်းဖြတ်သန်းခဲ့သူ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ယခုအခါ အသက် ၅၉ နှစ်ရှိပြီဖြစ်သည့် ဒေါ်ထွေးထွေးသည် လွန်ခဲ့သည့် သုံးနှစ်ကတည်းက စတင်ဖြစ်ပွားခဲ့သော ရင်သားကင်ဆာကို ကုသမှု ခံယူနေသည်မှာ သုံးကြိမ်ပင်ရှိခဲ့ပြီ။ သို့သော်လည်း ခံနိုင်ရည်ခွန်အားအပြည့်ဖြင့် ကင်ဆာခရီးလမ်းကို တရားနှလုံးသွင်းရင်း ကျော်ဖြတ်နေသူပင်။

“အသက် ၅၆နှစ်တုန်းက ဘယ်ဘက်ရင်သားမှာ အကျိတ်လေးစဖြစ်ခဲ့ပါတယ်။ အဲဒါနဲ့ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးကို သွားပြခဲ့တယ်။ ဆရာဝန်တွေက အကျိတ်တွေ့တယ်၊ ခွဲထုတ်ရမယ်ဆိုတာနဲ့ အန်တီလည်း လက်ခံလိုက်ပါတယ်။ “ရောဂါရှိလာရင် လက်ခံရမှာပဲလေ၊ အဲဒါနဲ့ လက်မှတ်ထိုးပြီး ကုမယ်”လို့ ပြောလိုက်ပါတယ်။ အသားစယူစစ်ဆေးလိုက်တော့ ရင်သားကင်ဆာလို့ အဖြေတွေ့တာနဲ့ တစ်ပတ်လောက်နေတော့ ဘယ်ဘက်ရင်သားကို ဖြတ်ထုတ်လိုက်ပါတယ်”ဟု ဒေါ်ထွေးထွေးက ရင်သားကင်ဆာခရီးအစကို ပြောပြခဲ့သည်။

စစချင်းတုန်းက ကြောက်တာပေါ့။ ပြီးတော့မှ ခန္ဓာရှိရင်ရောဂါရှိမှာပဲ . . ရောဂါရှိလာရင် ခံစားရမှာပဲဆိုပြီး စိတ်ကိုပြန်ဖြေလိုက်တယ်။ ပြန်အားတင်းလိုက်တယ်။ သားသမီးတွေက ငိုကြတာပေါ့ . . အန်တီက သူတို့ကို ‘ဘာလို့ငိုတာတုန်း၊ မငိုနဲ့ . . ဒီလိုပဲ ရောဂါဝေဒနာဆိုတာ တစ်ခုမဟုတ်တစ်ခုဖြစ်မှာပဲ . . ဒီရောဂါမဟုတ်လည်း တခြားရော ဂါတစ်ခုခုရှိရင်ရှိလာမှာပဲ . . ဘာမှကြောက်စရာမရှိဘူး၊ အမေခွဲမယ်’ဆိုပြီး ခွဲလိုက်တာပဲ . . .

ရင်သားကင်ဆာဟု စသိချိန်တွင် အန်တီဒေါ်ထွေးထွေးသည် “စစချင်းတုန်းက ကြောက်တာပေါ့။ ပြီးတော့မှ ခန္ဓာရှိရင် ရောဂါရှိမှာပဲ . . ရောဂါရှိလာရင် ခံစားရမှာပဲဆိုပြီး စိတ်ကို ပြန်ဖြေလိုက်တယ်။ ပြန်အားတင်းလိုက်တယ်။ သားသမီးတွေက ငိုကြတာပေါ့ . . အန်တီက သူတို့ကို “ဘာလို့ ငိုတာတုန်း၊ မငိုနဲ့ . . ဒီလိုပဲ ရောဂါဝေဒနာဆိုတာ တစ်ခုမဟုတ် တစ်ခုဖြစ်မှာပဲ . . ဒီရောဂါမဟုတ်လည်း တခြားရောဂါတစ်ခုခုရှိရင် ရှိလာမှာပဲ . . ဘာမှကြောက်စရာ မရှိဘူး၊ အမေခွဲမယ်”ဆိုပြီး ခွဲလိုက်တာပဲ”ဟု ဝေဒနာကြောက်စိတ် ကျော်လွှားခဲ့ပုံကို ပြောပြခဲ့သည်။

ရေချိုးစဉ် စမ်းသပ်တွေ့ရှိခဲ့သည့် ဘယ်ဘက်ရင်သားအကျိတ်လေးကြောင့် ရင်သားတစ်ခုလုံး ခွဲထုတ်ခဲ့ပြီး တစ်ပတ်အကြာတွင် ရန်ကုန်ဆေးရုံကြီးသို့ပြန်ပြခဲ့ရသည်။ “ရင်သားကို ဖြတ်လိုက်ပြီဆိုတော့ ဓာတ်ရောင်ခြည်ကုထုံး သုံးစရာမလိုဘူးလို့ ဆေးရုံကြီးက ဆရာဝန်က ပြောပါတယ်။ အဲဒါနဲ့ ကင်ဆာဆေးကို ခြောက်ကြိမ်သွင်းခဲ့ရပါတယ်”ဟု ဒေါ်ထွေးထွေးက ဆိုသည်။

ခြောက်ကြိမ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်နေသော်လည်း တစ်နှစ်ခန့်အကြာတွင် ဘယ်ဘက် ရင်သားအပေါ်ဘက်ချိုင်း(ဂျိုင်း)နေရာ၌ အကျိတ်တစ်ခု ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။

“အဲဒါနဲ့ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးကို အန်တီပြန်ပြပါတယ်။ အဲဒီရောက်တော့ အကျိတ်ကို ထပ်ထုတ်ရဦးမယ်လို့ ပြောပါတယ်။ အဲဒါနဲ့အကျိတ်ထုတ်ပြီး ဒုတိယအကြိမ် ရန်ကုန်ဆေးရုံကြီးကို ပြန်ပြခဲ့ပါတယ်။ ကင်ဆာဆေးခြောက်ကြိမ်သွင်းပါတယ်။ ဒီတစ်ခါမှာတော့ အဲဒီရင်သားနေရာကို ဓာတ်ရောင် ခြည်ကုထုံးပေးပါတယ်” ထိုသို့နေရင်း၊ နေရင်း ရေချိုးတိုင်း စမ်းသပ်နေရာ ခုနစ်လခန့်အကြာတွင် ချိုင်း(ဂျိုင်း)နေရာ၌ပင် အကျတ်အဖုတစ်ခု ထပ်ထွက်လာပြန်ကြောင်း အန်တီဒေါ်ထွေးထွေးက ဆိုသည်။

“အဲဒီအခါကျတော့ ရွှေဂုံတိုင်က SSC ဆေးရုံမှာသွားပြပါတယ်။ ခွဲစိတ်ဆရာဝန်ကြီးက အဲဒီအကျိတ်ကို ခွဲထုတ်လိုက်ပြီး စစ်ဆေးလိုက်တယ်။ စစ်ဆေးတော့လည်း ကင်ဆာဆဲလ်ဆိုပြီးတွေ့ပါတယ်။ အဲဒါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ကင်ဆာဆေးတစ်ကြိမ်သွင်းပါတယ်။ အဲဒီမှာ မခံနိုင်တာနဲ့ ဆက်မသွင်းဖြစ်တော့ပါဘူး။ ကင်ဆာဆေး ဒုတိယအကြိမ် သွင်းဖို့ကျတော့ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းကို ရောက်လာပါတယ်။ ဒီက ဆရာမကြီးတွေကို အကျိုးအကြောင်း ပြောပြလိုက်တော့ “ဒီမှာ ကင်ဆာဆေးလာသွင်းလို့ရတယ်” ဆိုတာနဲ့ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှာ ငါးကြိမ်ဆက်သွင်းလိုက်ပါတယ်။ အခုထက်ထိတော့ ကျန်းမာနေပါတယ်”ဟု ဒေါ်ထွေးထွေးကဆိုသည်။

ရက် ၂၀ တစ်ကြိမ်သွင်းခဲ့ရသည့် ကင်ဆာဆေးကြောင့် ဘေးထွက်ဆိုးကျိုးအနေဖြင့် အစားအသောက်ပျက်ခြင်းနှင့် အားနည်းခြင်းကို ခံစားခဲ့ရကြောင်း သိရသည်။ “အဲဒီအချိန်ဆိုရင် အကြောဆေးပြန်သွင်းရတယ်။ အဲဒါမှအားရှိပြီး စားနိုင်သောက်နိုင်တာ” သားသမီးလေးယောက်ရသော ဒေါ်ထွေးထွေးသည် ရင်သားကင်ဆာကြောင့် ဆေးကုသမှုခံယူရသည့် သုံးကြိမ်စလုံး သားသမီးများ၏ ဂရုစိုက်ဖေးမမှုကိုသာမက ကျန်းမာသော ခင်ပွန်းသည်၏ အားပေးမှုကိုပါ အပြည့်အဝရရှိခဲ့သူဖြစ်သည်။

ပေါ်သမျှ အကျိတ်တွေကိုလည်း ပေါ်ချင်သလောက်ပေါ် ခွဲပစ်တာပဲ . . နောက်ဆုံးအကျိတ်ဆိုရင် ထုံဆေးလောက်နဲ့ရတယ်လို့ပြောတာနဲ့ ထုံဆေးနဲ့ပဲခွဲလိုက်တယ်။ သူခွဲတာ တွေအကုန်လုံး အန်တီမြင်နေ၊ သိနေတယ်။ ‘တော်တော်ကြံ့ခိုင်တာပဲ’ဆိုပြီး ဆရာဝန်ကြီးကတောင် ချီးကျူးသေးတယ် . . .

“အန်တီတို့က အသက်ကြီးလာတော့ ဘာမှမလုပ်နိုင်တော့ဘူးလေ၊ သားသမီးတွေရဲ့ လုပ်စာကိုပဲစားရတာ။ သားသမီးလေးယောက်စလုံးကလည်း လိမ္မာတယ်၊ မိဘတွေကို သိတတ်တယ် . .သူတို့ကလည်း အားပေးကူညီတယ်၊ အန်တီကလည်း စိတ်ဓာတ်လုံးဝမကျဘူး။ ဆရာဝန်တွေပေးလိုက်တဲ့ဆေးတွေကို မှန်မှန်သောက်တယ်။ တစ်ခါတလေ တွေးမိတယ်။ ဒီလောက် ဂရုစိုက်နေတဲ့ကြားထဲက အကျိတ်က ဘာလို့ ထပ်ထွက်နေတာလဲဆိုပြီး အန်တီစဉ်းစားမိတယ် . . အကျိတ်လေးတွေက သေးသေးလေးတွေပဲပေါ်တာပါ . . အန်တီက ရေချိုးတိုင်း စမ်းစမ်းနေလို့သတိထားတွေ့တာ . .

ပေါ်သမျှ အကျိတ်တွေကိုလည်း ပေါ်ချင်သလောက်ပေါ်ခွဲပစ်တာပဲ . . နောက်ဆုံး အကျိတ်ဆိုရင် ထုံဆေးလောက်နဲ့ရတယ်လို့ပြောတာနဲ့ ထုံဆေးနဲ့ပဲခွဲလိုက်တယ်။ သူခွဲတာတွေအကုန်လုံး အန်တီမြင်နေ၊ သိနေတယ်။ ‘တော်တော်ကြံ့ခိုင်တာပဲ’ဆိုပြီး ဆရာဝန်ကြီးကတောင် ချီးကျူးသေးတယ်”ဟု ဒေါ်ထွေးထွေးကဆိုသည်။ဖခင်၏ အစ်မအကြီးဆုံးက ရင်သားကင်ဆာနှင့် သေဆုံးသွားခဲ့ကြောင်း၊ ထိုစဉ်က ဒေါ်ထွေးထွေးမှာ သုံးတန်းကျောင်းသူဘဝပင်ရှိသေးကြောင်း သိရသည်။

“အဲဒီတုန်းကတော့ အခုလို ဆေးပညာခေတ်မမီတော့ ဆုံးပါးသွားခဲ့တာပေါ့။ တခြားတော့ မျိုးရိုးထဲမှာ ရင်သားကင်ဆာဖြစ်သူမရှိခဲ့ပါဘူး။ ရင်သားကင်ဆာဖြစ်တယ်ဆိုတော့ အစားအသောက်တွေကြောင့်လားလို့ပဲတွေးမိတယ်။ အန်တီက အရင်က အဆီအအိမ့်တွေအများကြီး စားခဲ့တာ။ အခုနောက်ပိုင်းကျတော့ အဆီအအိမ့်တွေလည်း လုံးဝမစားတော့ဘူး။ အချိုဆိုရင် ရှောင်ပစ်လိုက်တော့တာ. . ကော်ဖီ၊ လက်ဖက်ရည်ဆိုရင် မသောက်တော့ဘူး . . အဲဒါတွေ စားနေလို့များ ပြန်ဖြစ်နေသလားလို့ အန်တီတွက်တာပေါ့နော် . . အဲဒါကြောင့် အခုဆို အဲဒါတွေကို မစားသောက်တော့ပါဘူး”

ဟင်းသီးဟင်းရွက်နှင့် သစ်သီးများများစားဖြစ်ပြီး အသားနှင့် အဆီအအိမ့်များကို မစားဖြစ်သလောက်ပင် လျှော့ဖြစ်ကြောင်း ဒေါ်ထွေးထွေးကဆိုသည်။ “အခုနောက်ပိုင်း ဗုဒ္ဓဟူးနေ့တိုင်းဆွမ်းလောင်းတယ်။ ပုံမှန်တရားထိုင်ဖြစ်ပါတယ်။ ဒီတော့ စိတ်သက်သာရာရပြီး ဘာကိုပဲဖြစ်ဖြစ် စိတ်ကကြံ့ခိုင်သွားတယ်လေ . .

တခြားသူတွေကိုလည်း အားပေးချင်တာက ဖြစ်လာရင် မကြောက်ကြပါနဲ့။ အခုနောက်ပိုင်းမှာ အတော်လေး ကောင်းတဲ့ဆေးတွေ ပေါ်ပေါက်လာပြီဆိုတော့ ကြောက်စရာမလိုတော့ပါဘူး။ မကြောက်ဘဲနဲ့ ခွဲစရာရှိရင်ခွဲလိုက်ပါ၊ ကုစရာရှိရင် ကုလိုက်ပါ လို့ပြောချင်ပါတယ်”ဟု သူကျော်လွှားခဲ့ရသော ရင်သားကင်ဆာကုသမှု ခရီးလမ်းအတွေ့အကြုံအရ အခြားသူတို့ကို အားပေးစကား ပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top