Healthy Life Ad
Life Style

ကင်ဆာကုပြီး အရှုံးမပေးတဲ့ စိတ်နဲ့ အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲ ဝင်ပြိုင်ခဲ့ရာ ၂၀၁၇ အိမ်ထောင်ရှင်အလှမယ်ဖြစ်ခဲ့သူ ဒေါ်အေးအေးမွန်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

Mrs. Golden Land Myanmar OG က ပြုလုပ်သည့် Mrs.Myanmar အိမ်ထောင်ရှင် အလှမယ်ရွေးချယ်ပွဲကြီးတွင် အသက် ၅၀နှစ်နှင့် အထက် Senior Classic Mrs.Myanmar 2017 Winner ဆု ဆွတ်ခူးရရှိခဲ့သူ ဒေါ်အေးအေးမွန်သည် ရင်သားကင်ဆာကုသမှုပြီးဆုံးသည်မှာ မကြာသေး။

“တချို့လူတွေက ကင်ဆာဖြစ်ရင် သေမှာပဲလို့ ထင်ကြတယ်။ တချို့ဆို ကင်ဆာဖြစ်တဲ့သူကို လူနာ သတင်းသွားမေးရင် ကူးမှာလို့ ထင်တဲ့သူတောင် ရှိတယ်။ ဒါတွေအားလုံးမှားတယ်ဆိုတာ သက်သေပြ ချင်တဲ့အနေနဲ့Senior Classic Mrs.Myanmar 2017 Winner အလှမယ်ရွေးချယ်ပွဲကို အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်နဲ့ ဝင်ပြိုင်လိုက်တာ အလှမယ်အဖြစ် ရွေးချယ်ခံရပါတယ်“ဟု အသက် ၅၁နှစ်အရွယ် ဒေါ်အေး အေးမွန်က ပြုံးရွှင်စွာပြောသည်။ အသက် ၅၀ အရွယ်အထိ ခန္ဓာကိုယ်အချိုးအ စားကြည့်ကောင်းပြီး လှပသူ ဒေါ်အေးအေးမွန်က သူ၏ ရင်သားကင်ဆာခရီးလမ်းကို ယခုကဲ့သို့ ပြန်ပြောင်း ပြောပြခဲ့သည်။

“၂၀၁၆ မတ်လမှာ နည်းနည်းပိန်သွားတယ်။ လေ့ကျင့်ခန်းလည်းလုပ်တော့ လေ့ကျင့်ခန်းလုပ်လို့ ပိန်သွားတာလို့ထင်တာ၊ ဒါပေမဲ့ လူကနေလို့မကောင်းဘူး။ လမ်းသွားရင် နည်းနည်းမူးပြီး ဘေးကို ယိုင်တယ်။ လေ့ကျင့်ခန်းလုပ်ပြီး အစားလျှော့လို့ ဒီလို ဖြစ်တယ်လို့ ထင်တာ။ တကယ့် တကယ်တော့ မဟုတ်ဘူး။ အဲဒီကတည်းက စနေပြီ။

တစ်နေ့ကျတော့ ပက်လက်လှန်အိပ်ရင်း ရင်ဘတ်ယားလို့ ကုတ်လိုက်တယ်၊ အဲဒီမှာ အကျိတ် လေးကို သွားစမ်းမိတယ်။ ရိုးရိုးအကျိတ်ပဲလို့ထင်တာ၊ ဟိုဘက်၊ ဒီဘက် လိုက်စမ်းကြည့်တော့လည်း မရှိဘူး။ အကျိတ်ကလည်းကြီးပြီး ငြိမ်မနေဘူး။ ဘာမှ မဟုတ်ပါဘူးလေဆိုပြီး ခရီးတွေဘာတွေ လျှောက်သွားရင်း တစ်လ-နှစ်လလောက် ဒီအတိုင်းထား လိုက်သေးတယ်။ အဲဒီမှာ ပြန်စမ်းကြည့်လိုက်တော့ အကျိတ်က နည်းနည်းပိုကြီးလာသလိုပဲ“

ထိုအချိန်တွင် အစ်မဖြစ်သူ တာဝန်ထမ်းဆောင်နေသည့် ရွှေလမင်းဆေးရုံသို့ သွားပြခဲ့ရာ အသားစ ယူစစ်ဆေးမှုခံယူရန် တိုက်တွန်းခဲ့သည်။

“အပ်လေးနဲ့ အရည်စုပ်ယူတော့ သိပ်မပါဘူး။ ဒါကို ဓာတ်ခွဲခန်းပို့ပြီး စစ်ကြည့်လိုက်တော့ ဘာမှ မဟုတ်ဘူး။ ဒါပေမဲ့ ဒီအကျိတ်လေးကို ခွဲထုတ်လိုက် မယ်ဆိုပြီး ခွဲလိုက်တယ်။ အဲဒီအကျိတ်ကို အသားစ ယူစစ်ဆေးမှု(Biopsy)လုပ်လိုက်တော့ ကင်ဆာမှန်း သိလိုက်ရပါတယ်“ဟု ဒေါ်အေးအေးမွန်က ပြောသည်။ကင်ဆာဟု သိသိချင်း ၂၄-၆-၂၀၁၆ ရက်နေ့ တွင် ဆေးရုံတက်ပြီး အကျိတ်ရှိသည့် ညာဘက်ရင် သားတစ်ခုလုံးကို ဖြတ်ထုတ်လိုက်ရာ စမ်းမိသည့် အကျိတ်မှာ တစ်လုံးသာ ရှိသော်လည်း ခွဲထုတ်သည့် အခါ နောက်ထပ်အကျိတ်သုံးလုံးကိုပါ ထပ်မံတွေ့ ရှိခဲ့ရကြောင်း သိရသည်။

‘ချိုင်း(ဂျိုင်း)နဲ့ပြန်ရည်ကျိတ်တွေကို မကူးဘူးလို့ သိရတယ်။ ရင်သားကင်ဆာ အဆင့် (၂)ဆိုတာ နဲ့ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှာ ကင်ဆာဆေးကို အခမဲ့ခြောက်ကြိမ်သွင်းခဲ့ရတယ်။ သုံးပတ်တစ်ခါ ကင်ဆာဆေးသွင်းခဲ့ရပါတယ်။ကင်ဆာဆေးသွင်းတော့လည်း ပထမအကြိမ်မှာတော့ ဘာမှ မဖြစ်ခဲ့ပါဘူး။ ဒုတိယအကြိမ် ကင်ဆာ ဆေးသွင်းပြီး ခေါင်းလျှော်လိုက်တဲ့အချိန်မှာ ဆံပင်တွေ အထွေးလိုက်ပြုတ်ကျသွားတယ်။ ကိုယ့်ဟာ ကိုယ်တောင် တော်တော်လန့်သွားတယ်။ ကင်ဆာဆေးသွင်းတော့လည်း တစ်ကိုယ်လုံး စပ်ဖျဉ်းပြီး အော်ဂလီဆန်လာတယ်။ ရွှေရောင်နှင်းဆီကင်ဆာ ဖောင်ဒေးရှင်းမှာ ဆေးသွင်းရင်း ပျို့ချင်အန်ချင်ဖြစ်ရင် ငုံဖို့ ဆေးလုံးလေး ထားပေးထားတယ်။ အဲဒါ လေးငုံလိုက်တော့ သက်သာသွားတယ်။ ဆေးသွင်းပြီး ပြန်လာတဲ့နေ့ဆိုရင် အစာစားလို့ရသေးတယ်။နောက်တစ်နေ့ကျရင်တော့ အစာကို ဘယ်လို မှစားလို့မရတော့ဘူး။ လျှာကြီးက ဘယ်လိုဖြစ်နေမှန်း မသိဘူး။ ခံတွင်းထဲမှာ စားပြီး အန်ချင်၊ စားပြီး အန်ချင် . . အဲဒီလို ဖြစ်နေတယ်။ ဆရာဝန်တွေကလည်း မစားခင်သောက်ဖို့နဲ့ စားပြီးသောက်ဖို့ အအန်ပျောက်ဆေးတွေပေးပါတယ်။ ဒါပေမဲ့ မရဘူး။ ပြီးတော့ ငပိ ရည်ကျိုနံ့ကို လုံးဝမခံနိုင်ဘူး”

ကင်ဆာဆေးသွင်းကုသစဉ် အစားအသောက်ပျက်ပြီး အားမယုတ်စေရန် ဒေါ်အေးအေးမွန်က ရ ခိုင်ရိုးရာအစားအသောက်များ၏ အကူအညီကို ရယူခဲ့ကြောင်း သိရသည်။

”ရခိုင်ဟင်းလျာတွေက စပ်တော့ ထမင်းမစားခင် ရခိုင် အစားအသောက်နည်းနည်းလေးကို အရင် စားလိုက်တယ်။ အဲဒီမှာ ပါးစပ်ပွင့်သွားပြီဆိုတာနဲ့ ထမင်းနဲ့ဟင်းတွေကို အသားကုန်စားလိုက်တာ။ ရခိုင်ဟင်းနဲ့ ခံတွင်းလိုက်အောင်လုပ်ပြီး ”ငါ ဆေးသွင်းရမယ်၊ ငါခံနိုင်ရည်ရှိဖို့လိုတယ်၊ ခံနိုင်ရည်ရှိ အောင်စားရမယ်”ဆိုပြီး ထမင်းနဲ့ ဟင်းတွေကိုအများကြီး စားပစ်လိုက်ပါတယ်”

ဒေါ်အေးအေးမွန်၏ ကင်ဆာကုသမှု ခရီးစဉ်တွင် ခင်ပွန်း၊ သားသုံးဦးနှင့် ဆွေမျိုးများ၏ ဖေးမ ကူညီစောင့်ရှောက်ကို များစွာရရှိခဲ့ကြောင်း သိရသည်။

”ကင်ဆာသမားမှာ မိသားစုရဲ့ အထောက်အပံ့နဲ့ ဖေးမကူညီမှုက အရမ်းအရေးကြီးပါတယ်။ ကင်ဆာကုရလို့ ငွေကုန်တယ်၊ အလုပ်ရှုပ်တယ် စသဖြင့် ပြောနေရင် လူနာက စိတ်ဓာတ်ကျသွားမယ်၊ မကုချင်တော့ဘူးလေ။ ကုန်ချင်သလောက်ကုန်. .ကုမယ်၊ အသက်ရှင်ဖို့အရေးကြီးတယ် . .ဆိုပြီး အိမ်က မိသားစုဝင်တွေက စိတ်ချမ်းသာအောင်ထားရင် ကုသမှုက အဆင်ပြေပါတယ်။ အစ်မကျတော့ ကံကောင်း တယ်လို့ဆိုရမယ်။ အမျိုးသားကစပြီး အစ်မကော ကလေးတွေကော အားလုံးက နွေးနွေးထွေးထွေးနဲ့ ဖေးမစောင့်ရှောက်ပေးကြတယ်။ အမျိုးသားဆိုရင် ရခိုင်စာတွေကို စုံလင်နေအောင် ဝယ်ကျွေးတာ။ အခု ဆေးကုပြီး နောက်ပိုင်း အလှမယ်ပြိုင်ပွဲဝင်တော့လည်း သူတို့က အရမ်းကို အားပေးကြတာ”ဟု ဒေါ် အေးအေးမွန်က ပြောသည်။

ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စား သောက်မှုပုံစံကို တတ်နိုင်သမျှ လိုက်နာနေထိုင်ခဲ့သော ဒေါ်အေးအေးမွန်က ရင်သားကင်ဆာဖြစ်ရခြင်းမှာ မျိုးရိုးကြောင့်ဟု ထင်မြင်လက်ခံထားသည်။

”အမေကလည်း ရင်သားကင်ဆာ ဖြစ်ခဲ့ဖူးပါတယ်။ ပြီးတော့ အခု အစ်မကလည်း ရင်သားကင်ဆာဖြစ်လို့ ဆေးကုသမှု ခံယူနေပါတယ်”

၂၀၁၆ ခုနစ် အောက်တိုဘာလတွင် ကင်ဆာ ဆေးသွင်းကုသမှုပြီးနောက် တစ်ပတ်အကြာတွင် Senior Classic Mrs.Myanmar2017 အသက် ၅၀ နှစ်နှင့်အထက် အလှမယ်ရွေးချယ်ပွဲကြီး ကျင်းပမည်ဆိုသော လျှောက်လွှာကိုတွေ့ရသဖြင့် လျှောက်ခဲ့ရာ လျှောက်ထားသူ ၂၈၀ဝ ဦးအနက် ၄၀ဝ ဦးတွင် ဒေါ်အေးအေးမွန်လည်း တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရသည်။

”ဇန်နဝါရီလမှာ လူတွေ့သွားဖြေပြီး ၆၀ဦး ထပ်ရွေးတော့ပါသွားတယ်။ ဒါနဲ့ ထရိန်နင် ၁၀ ရက်ပေးတယ်။ မတ်လ ၂၈ ရက်နေ့မှာSenior Classic Mrs. Myanmar 2017 ၂၀၁၇ အိမ်ထောင်ရှင် အလှမယ် ရွေးချယ်ပွဲ ဖိုင်နယ်ကျင်းပတယ်။ အဲဒီမှာ အလှမယ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ကင်ဆာဖြစ်ပေမယ့် ကျန်းမာလာပြီဆိုတာ ပြချင်တယ်၊ ကင်ဆာကုပြီး စွမ်းဆောင်နိုင်တယ်ဆိုတာ ပြချင်တယ်၊ တခြားကင်ဆာဝေဒနာရှင်တွေကို စိတ်ဓာတ်မြှင့်တင်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဝင်ပြိုင် လိုက်တာပါ”

ညာဘက်ရင်သားတစ်ဖက် ဖြတ်ထုတ်ထားရသော ဒေါ်အေးအေးမွန်သည် ပြိုင်ပွဲအတွက် ဝတ်စုံများ အပ်ရာတွင် ရင်သားနေရာတွင် ဖော့ခံချုပ်ရန် တောင်းဆိုပြီး အဆင်ပြေအောင် ဝတ်ဆင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။’ကင်ဆာဆေးသွင်းပြီးချိန်မှာ ကင်ဆာပြန်ဖြစ်မှာစိုးလို့ မတည့်ဘူးဆိုတဲ့ အစားအသောက်တွေ အကုန်လုံးကို ဖြတ်ပစ်ပါတယ်။ အခု ငါးနှစ်ဆေးကို ညဘက်တစ်လုံး နေ့တိုင်း သောက်နေရပါတယ်။ ပြီးတော့ သဘာဝဆေးလေးတွေမှီဝဲပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ များများစားပါတယ်။ အကင်ဆိုရင် လုံးဝမစားတော့ပါဘူး။ အနီရောင် အသားဆိုရင်လည်း မစားတော့ပါဘူး’ဟု ကင်ဆာ ကုသပြီးချိန် နေထိုင်စားသောက်မှုပုံစံကို ပြန်လည်မျှ ဝေထားပါသည်။

သွက်လက်ပျော်ရွှင်စွာ နေထိုင်တတ်ပြီး လူမှု ဆက်ဆံရေးပြေပြစ်သူ ဒေါ်အေးအေးမွန်သည် သူနှင့်ဆုံတွေ့သူတိုင်းကိုလည်း ပျော်ရွှင်တက်ကြွစေရန် အားပေးစကား ပြောဆိုလေ့ရှိသည်။

“ကိုယ်အင်္ဂါချို့တဲ့နေတဲ့သူ၊ မသန်စွမ်းသူတွေ ထဲမှာတောင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်သူတွေ ရှိသေးတာပဲ။ ဒီရောဂါလေးက ဘာဟုတ်သေးလဲ . . ဆေးကုလိုက်ရင် ပျောက်တာပဲ။ ဆေးကုပြီးတဲ့အခါ ခန္ဓာကိုယ်မှာကိုယ်လက်အင်္ဂါချို့ယွင်းချက်မရှိဘဲနဲ့ အကောင်းအတိုင်း ရပ်တည်နေနိုင်တဲ့သူတွေက ဘာကိုမှ စိတ်ဓာတ်ကျစရာမရှိပါဘူး။ ဒါကြောင့် စိတ်ဓာတ်မကျပါနဲ့။ ပြဿနာဖြစ်လာပြီဆိုရင် ပြဿနာတိုင်းကို ခေါင်းအေးအေးထားပြီးစဉ်းစားပါ၊ ပြဿနာတိုင်းမှာ အဖြေရှိတယ်၊ တစ်ခုချင်းစီဆွဲထုတ်ကြည့်ပြီး ဒီဟာကတော့ အဖြေရှိတယ်၊ ဒါကို ဖြေရှင်းမယ် စသဖြင့် ရှင်းရမယ်။ ပြဿနာဖြစ်ပြီဆိုပြီး ဘာမှမဖြေ ရှင်းဘဲ လူ့လောကကြီးကို အရှုံးပေးစရာ မလိုပါဘူး။

လူ့ဘဝရဲ့ ပထမဆုံးချမ်းသာခြင်းဖြစ်တဲ့ ကျန်းမာခြင်းကို ဂရုစိုက်ကြပါ၊ အမျိုးသမီးတွေက ကိုယ့်ရင်သားကို တစ်လတစ်ကြိမ် စမ်းကြပါ၊ အဖုအကျိတ်တွေ့ရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားပြကြပါ၊ ကင်ဆာဆိုတာ လက်ဦးမှုရယူရင် ကုသအောင်မြင်ပါတယ်။လူဆိုတာ အသက်ရှူနိုင်ခွင့် ရှိသရွေ့ စိတ်ဓာတ်ကျစရာကို မလိုဘူး။ အစ်မကတော့ တတ်နိုင်သလောက် တက်တက်ကြွကြွနေတယ်၊ ဘယ်သူမဆို ကိုယ့်ကို တွေ့လိုက်တာနဲ့ အားရှိသွားအောင် နေပါတယ်။ ကင်ဆာမှာ စိတ်ဓာတ်က ရောဂါတစ်ဝက်ကို ပျောက်စေပါတယ်။ တစ်ဝက်ကတော့ ဆေးနဲ့ ကုရတာပေါ့။ ကင်ဆာသမား စိတ်ဓာတ်အရမ်းကျသွားရင် ဘာမှ ကုလို့ မရတော့ဘူး။ ဆေးဒဏ်လည်း မခံနိုင်တော့ဘူး။ ဒါကြောင့် စိတ်ဓာတ်ကို ကြံ့ကြံ့ခံအောင်ထားပါ . .ဒါဆိုရင် ဆေးကုသမှု အောင်မြင်ပါတယ်”ဟု ဒေါ်အေးအေးမွန်က အခြားကင်ဆာဝေဒနာရှင် များသို့ အကြံပေးစကားများ ပြောကြားလိုက်ပါသည်။

(မှတ်ချက်။ ။ဓာတ်ပုံများကို ဒေါ်အေးအေးမွန်၏ ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top